နှစ်(၇ဝ)မြောက် အာဇာနည်နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲတွင် ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက မိန့်ကြားခဲ့သော တရားတော်

နိုင်င်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်တွင် ပြုလုပ်သည့် နှစ်(၇ဝ)မြောက် အာဇာနည်နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲတွင် ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက မိန့်ကြားခဲ့သော တရားတော်။
နိုင်ငံသားတွေကို ဆိုးကျိုးဖြစ်စေတဲ့သူဟာ နိုင်ငံ့ရန်သူပါပဲ။ နိုင်ငံတိုးတက်မှုကို အဟန့်အတား ဖြစ်စေတဲ့ သူဟာ နိုင်ငံ့ရန်သူပါပဲ။ ဘယ်လိုပုံစံ၊ ဘယ်လိုအနေအထားမျိုးနဲ့ပဲဖြစ်ဖြစ် နိုင်ငံကိုမတည်မငြိမ် ဖြစ်အောင်လုပ်တဲ့သူ၊ နိုင်ငံသားတွေရဲ့ စိတ်နှလုံး အေးချမ်းမှုနဲ့ ဘဝတိုးတက်မှုကို နှောင့်နှေးစေတဲ့ သူတိုင်းဟာ နိုင်ငံ့ရန်သူတွေချည်းပါပဲ။ အဲဒီနိုင်ငံ့ရန်သူတွေရဲ့အမြစ်ကိုလည်း ပြတ်ပြတ်သားသား ဖြတ်တောက်ပစ်ရမယ်။ အညွန့်ကိုလည်း ပြတ်ပြတ်သားသား ဖြတ်တောက်ပစ်ရမယ်။
တေသကုဏဇာတ်တော်မှာ မြတ်စွာဘုရားရှင်က မင်းကျင့်တရားတွေ အများကြီး ဟောထားပါတယ်။ အဲဒီအထဲက တစ်ခုက ကဗျာဆန်ဆန်လေးမို့လို့ အမှတ်တရပြောပါရစေ။ ရန်သူရဲ့အမြစ်ကိုလည်း ဖြတ်ရမယ်၊ အညွန့်ကိုလည်းဖြတ်ရမယ်တဲ့။ ဒါက တိုက်ရိုက်ဘာသာပြန်လိုက်တာပါ။ မင်းကျင့်တရားကို ဟောထားတာ ဆိုတော့ အပြည့်အစုံဘာသာပြန်ရရင် "နိုင်ငံ့ရန်သူရဲ့အမြစ်ကိုလည်းဖြတ်ရမယ်၊ အညွန့်ကိုလည်းဖြတ်ရမယ်" လို့ အဓိပ္ပာယ်ရပါတယ်။ နိုင်ငံသားတွေကို ဆိုးကျိုးဖြစ်စေတဲ့သူဟာ နိုင်ငံ့ရန်သူပါပဲ။ နိုင်ငံတိုးတက်မှုကို အဟန့်အတား ဖြစ်စေတဲ့သူဟာ နိုင်ငံ့ရန်သူပါပဲ။ ဘယ်လိုပုံစံ၊ ဘယ်လိုအနေအထားမျိုးနဲ့ပဲဖြစ်ဖြစ် နိုင်ငံကို မတည်မငြိမ်ဖြစ်အောင် လုပ်တဲ့သူ၊ နိုင်ငံသားတွေရဲ့ စိတ်နှလုံးအေးချမ်းမှုနဲ့ ဘဝတိုးတက်မှုကို နှောင့်နှေးစေတဲ့ သူတိုင်းဟာ နိုင်ငံ့ရန်သူတွေချည်းပါပဲ။ အဲဒီနိုင်ငံ့ရန်သူ တွေရဲ့အမြစ်ကိုလည်း ပြတ်ပြတ်သားသား ဖြတ်တောက်ပစ်ရမယ်။ အညွန့်ကိုလည်း ပြတ်ပြတ်သားသား ဖြတ်တောက်ပစ်ရမယ်။
နိုင်ငံကို ဆိုးကျိုးပြုတဲ့ နိုင်ငံ့ရန်သူတွေ အမျိုးစုံရှိတဲ့အထဲက ကျမ်းဂန်မှာ တိုက်ရိုက်ဖွင့်ဆိုပြထားတဲ့ ဥပမာလေးတစ်ခုပဲ ပြောပါမယ်။ ခိုးဆိုးလုနှိုက် လုပ်နေကြတဲ့သူတွေဟာ နိုင်ငံ့ရန်သူတွေပါ။ အဲဒီဆိုးခိုးလုနှိုက်တွေရဲ့အမြစ်ကိုလည်း ဖြတ်ရမယ်။ အညွန့်ကိုလည်းဖြတ်ရမယ်။ အမြစ်ကိုဖြတ်တယ်ဆိုတာ ခိုးဆိုးလုနှိုက်လုပ်ရခြင်းရဲ့ အကြောင်းရင်းကို အမှန်အတိုင်း သိအောင်ရှာပြီး အဲဒီအကြောင်းရင်းကို ဖယ်ရှားပစ်ဖို့ ပြောတာပါ။ ဆင်းရဲမွဲတေလို့ ခိုးဆိုးလုနှိုက်တာဆိုရင် ဆင်းရဲမွဲတေမှုပပျောက်အောင် ဆောင်ရွက်ရမယ်။ အလုပ်လက်မဲ့ ဖြစ်နေလို့ ခိုးဆိုးလုနှိုက်တာဆိုရင် အလုပ်အကိုင် အခွင့်အလမ်းတွေဖန်တီး ပေးရမယ်။ အဲဒီလိုအားဖြင့် ခိုးဆိုးလုနှိုက်လုပ်နေကြရခြင်းရဲ့ အကြောင်းတရားတွေကို ဘက်ပေါင်းစုံကနေ အကွက်စေ့စေ့ လေ့လာသုံးသပ်ပြီး ပြေလည်သွားအောင်၊ အဆင်ပြေသွားအောင်၊ နည်းလမ်းအမျိုးမျိုးနဲ့ ဖြေရှင်းဆောင်ရွက်ပေးတာဟာ ခိုးဆိုးလုနှိုက်ဆိုတဲ့ နိုင်ငံ့ရန်သူတွေရဲ့အမြစ်ကို ဖြတ်တောက် ပစ်တာပါပဲ။ ခိုးဆိုးလုနှိုက်တွေရဲ့ အညွန့်ကိုဖြတ်တယ်ဆိုတာကတော့ ခိုးဆိုးလုနှိုက်သမားတွေကို တရားဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူတာ၊ နောက်နောင် ဒီလိုအလုပ်မျိုး မလုပ်ဖြစ်အောင် အသိပညာပေးတာ။ အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးတာ။ အလုပ်လုပ်ချင်စိတ်ရှိအောင် တိုက်တွန်းနှိုးဆော်ပေးတာ ။ အလုပ်ခွင်တွေထဲ အရောက်ပို့ပေးတာတွေကို ပြောတာပါ။
ပြောလိုရင်းကတော့ ဘယ်ပြဿနာကိုမဆို ပြတ်ပြတ်သားသား ကိုင်တွယ်ဖြေရှင်းဖို့ပါပဲ။ ပြဿနာရဲ့ အကြောင်းရင်းအမြစ်ကိုလည်း ပြတ်ပြတ်သားသားဖြတ်တောက်ပစ်၊ ပြဿနာရဲ့အကျိုးဆက် အညွန့် ကိုလည်း ပြတ်ပြတ်သားသား ဖြတ်တောက်ပစ်ရပါမယ်။ ခေါင်းဆောင်ကောင်းဆိုတာ လုပ်စရာရှိတဲ့ အလုပ်တွေကို၊ လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်တွေကို ပြတ်ပြတ်သားသား လုပ်ကိုလုပ်ရပါမယ်။ တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့ရဲ့ မျက်နှာကို မကြည့်ဘဲ နိုင်ငံသားအားလုံးရဲ့ မျက်နှာ တစ်ခုတည်းကိုပဲကြည့်ပြီး ပြတ်ပြတ်သားသားလုပ်ရပါမယ်။ ခိုးဆိုးလုနှိုက်ကလည်း လမ်းပေါ်က ခိုးဆိုးလုနှိုက်နဲ့ နန်းပေါ်ကခိုးဆိုးလုနှိုက်ဆိုပြီး နှစ်မျိုးရှိပါတယ်။ ဆင်းရဲလို့၊ စားစရာမရှိလို့ ခိုးဆိုးလုနှိုက်တဲ့ သူတွေကတော့ လမ်းပေါ်က ခိုးဆိုးလုနှိုက်ပါ။ ရာထူးအရှိန်အဝါရှိလို့ ရာထူးအရှိန်အဝါ အားကိုးပြီး မတော်မတရားတဲ့ နည်းလမ်းနဲ့ ကိုယ်ကျိုးစီးပွားရှာတဲ့သူတွေက နန်းပေါ်က ခိုးဆိုးလုနှိုက်ပါ။ နန်းဆိုတာ နန်းတော်လို ခမ်းနားကြီးကျယ်တဲ့ တိုက်တာ အဆောက်အအုံတွေ၊ စည်းစိမ်ချမ်းသာတွေကို ပြောတာပါ။ အဂတိလိုက်စားပြီး ချမ်းသာအောင် လုပ်နေသူတွေဟာ နန်းပေါ်က ခိုးဆိုးလုနှိုက်တွေပါပဲ။ စားစရာမရှိလို့ ခိုးတဲ့သူကို လမ်းပေါ်က ခိုးဆိုးလုနှိုက်။ ထားစရာမရှိအောင် ခိုးတဲ့သူကို နန်းပေါ်က ခိုးဆိုးလုနှိုက်လို့ ပြောရမှာပေါ့။ နန်းပေါ်က ခိုးဆိုးလုနှိုက်တွေရဲ့ အမြစ်ကိုလည်း ဖြတ်ရမယ်။ မတော်လောဘကြီးလို့ ခိုးတာဆိုရင် မတော်လောဘနည်းသွားအောင်၊ အတ္တလွန်ကဲလို့ ခိုးတာဆိုရင် အတ္တလျော့ပါးသွားအောင်၊ တရားဥပဒေ မလေးစားလို့ ခိုးတာဆိုရင် တရားဥပဒေကို လေးစားရကောင်းမှန်းသိအောင် ပြောပြပေးရ မှာပါပဲ။ လူတစ်ယောက်ရဲ့ ပစ္စည်းကိုခိုးတာထက် အများပြည်သူပိုင်ဆိုင်တဲ့ ပြည်သူပိုင်ပစ္စည်း ခိုးတာက ပိုအပြစ်ကြီးတယ်။ သံသရာမှာ ဆိုးကျိုးတွေ ပိုခံစားရမယ် ဆိုတာမျိုးလည်း ပြောသင့်ရင် ပြောပြရမှာပေါ့။ နန်းပေါ်က ခိုးဆိုးလုနှိုက်တွေရဲ့ အညွန့်ကိုလည်း ဖြတ်ရမယ်။ မတော်မတရား အခွင့်အရေးယူထားတဲ့ သူတွေ၊ မမှန်မကန်နည်းလမ်းနဲ့ ကိုယ်ကျိုးစီးပွားရှာတဲ့သူတွေ၊ ပုံစံအမျိုးမျိုးနဲ့ အဂတိလိုက်စားတဲ့သူတွေကို တရားဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူရမယ်။ နောက်နောင် မလုပ်သင့်၊ မလုပ်ထိုက်တာ တွေကိုမလုပ်အောင် အသိပညာပေးရမယ်။ တရားမမျှတတဲ့ နည်းလမ်းနဲ့ ပိုင်ဆိုင်ထားတဲ့သူတို့ရဲ့ စီးပွားဥစ္စာတွေကိုလည်း ဒေသကောင်းကျိုး၊ နိုင်ငံ့ကောင်းကျိုးအတွက် ပြန်လည်အသုံးပြုနိုင်အောင် ဖန်တီးပေးရမယ်။ တစ်ခေတ်တစ်ခါက တရားမမျှတတဲ့နည်းလမ်းတွေ ၊ နီးစပ်ရာနည်းလမ်းတွေနဲ့ ကြီးပွားချမ်းသာခဲ့ကြတဲ့သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ခေတ်သစ်၊ စနစ်သစ်တည်ဆောက်နေတဲ့ အခုချိန်မှာ တိုင်းပြုပြည်ပြုလုပ်ငန်းတွေအတွက် ထိထိရောက်ရောက်ပြန်လည်အသုံးချနိုင်မယ်ဆိုရင် တိုင်းပြည်ဟာ အချိန်တိုအတွင်းသိသိသာသာ ဖွံ့ဖြိုးတိုးတက်သွားမှာ သေချာပါတယ်။ အသုံးချဖြစ်အောင်လည်း သိမ်မွေ့နူးညံ့တဲ့ နည်းလမ်းတွေနဲ့ အသိပညာပေးနိုင်ရင်၊ တိုက်တွန်းနှိုးဆော်နိုင်ရင် ပင်ကိုဓာတ်ခံ ကောင်းပြီးသား မြန်မာနိုင်ငံတွေအတွက် ဖြစ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ဒါက ပိဋကတ်တော်မှာ တိုက်ရိုက်ပြထားတဲ့ ခိုးဆိုးလုနှိုက် ဥပမာတစ်ခုကိုပဲ နမူနာပြောတာပါ။ ဘယ်အရေးကိစ္စပဲဖြစ်ဖြစ် နိုင်ငံမှာပြဿနာဖြစ်အောင် ဖန်တီးနေတဲ့သူတွေ၊ နိုင်ငံကို မတည်မငြိမ် ဖြစ်အောင် လှုပ်ရှားဆောင်ရွက်နေတဲ့သူတွေ၊ နိုင်ငံတိုးတက်မှုနှောင့်နှေးအောင် အဟန့်အတားပြုနေတဲ့သူတွေ အားလုံးဟာ နိုင်ငံ့ရန်သူတွေချည်းပါပဲ။ ဘယ်လိုပုံစံမျိုးနဲ့ ရန်သူဖြစ်ဖြစ်၊ နိုင်ငံ့ရန်သူအားလုံးရဲ့ အမြစ်မှန်သမျှ ဖြတ်တောက်ပစ်ရပါမယ်။ နိုင်ငံ့ရန်သူအားလုံးရဲ့အညွန့်မှန်သမျှ ဖြတ်တောက်ပစ်ရပါမယ်။အမြစ်ဖြတ်ဖို့ အားနာနေရင်၊ အညွန့်ဖြတ်ဖို့ တွန့်ဆုတ်နေရင် နိုင်ငံပဲ နစ်နာပါလိမ့်မယ်။ "နိုင်ငံ့ရန်သူရဲ့အမြစ်ကိုလည်း ဖြတ်ရမယ်။ အညွန့်ကိုလည်း ဖြတ်ရမယ်" ဆိုတာကို ပြောင်းပြန်လှန်လိုက်ရင် "နိုင်ငံ့မိတ်ဆွေရဲ့ အမြစ်ကိုလည်း ခိုင်မာအောင် လုပ်ရမယ်။ အညွန့်ကိုလည်း ဝေဆာအောင် လုပ်ရမယ်" လို့ ပြောနိုင်ပါတယ်။ နိုင်ငံကို ကောင်းကျိုးပြုတဲ့သူတွေ၊ နိုင်ငံကိုငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်နိုင်တဲ့သူတွေဟာ နိုင်ငံ့မိတ်ဆွေပါ။ နိုင်ငံ့မိတ်ဆွေရဲ့အမြစ်ကို ခိုင်မာအောင်လုပ်တယ်ဆိုတာ သူတို့ရဲ့ အရည်အချင်းကောင်းတွေ၊ အစွမ်းအစကောင်းတွေကို တိုးတက်သည်ထက် တိုးတက်အောင် ပြုစုပျိုးထောင်ပေးတာကို ပြောတာပါ။ နိုင်ငံ့မိတ်ဆွေရဲ့ အညွန့်ကိုဝေဆာအောင် လုပ်တယ်ဆိုတာကတော့ နိုင်ငံ့ကောင်းကျိုး အမှန်တကယ် သယ်ပိုးသူတွေကို ထိုက်ထိုက်တန်တန် ချီးမြှင့်မြှောက်စားတာ၊ သူတို့ရဲ့လုပ်ပိုင်ခွင့်နယ်ပယ်ကို ကျယ်ပြန့် သည်ထက် ကျယ်ပြန့်အောင် ဖန်းတီးပေးတာ။ သူတို့လုပ်သမျှ အလုပ်တွေ အောင်မြင်ထမြောက်အောင် နည်းလမ်းအမျိုးမျိုးနဲ့ အားပေးကူညီတာတွေကို ပြောတာပါ။
နိုင်ငံ့မိတ်ဆွေတွေရဲ့ အမြစ်ကို ခိုင်မာသည်ထက် ခိုင်မာအောင်၊ ကြီးထွားသည်ထက် ကြီးထွားအောင် ပြုလုပ်ဆောင်ရွက်မယ်ဆိုရင် နိုင်ငံ့မိတ်ဆွေတွေရဲ့ အညွန့်ကိုရှင်သန်သည်ထက် ရှင်သန်အောင်၊ ဝေဆာသည်ထက်ဝေဆာအောင် ပြုစုပျိုးထောင်မယ်ဆိုရင် နိုင်ငံတော်ကြီး အရှိန်အဟုန်ကောင်းကောင်းနဲ့ အားကောင်းမောင်းသန် ဖွံ့ဖြိုးတိုးတက်လာပါလိမ့်မယ်။ လိုရင်းလေး ပြန်ပြောမယ်နော်။ နိုင်ငံ့ရန်သူရဲ့ အမြစ်ကိုလည်းဖြတ်ရမယ်။ အညွန့်ကိုလည်း ဖြတ်ရမယ်။ နိုင်ငံ့မိတ်ဆွေရဲ့အမြစ်ကိုလည်း ခိုင်မာကြီးထွား အောင် လုပ်ရမယ်။ အညွန့်ကိုလည်း ရှင်သန်ဝေဆာအောင် လုပ်ရမယ်။ ဖြတ်တောက်သင့်တာ မှန်သမျှ ပြတ်ပြတ်သားသား ဖြတ်တောက်ပစ်ခြင်း၊ လုပ်ဆောင်သင့်တာမှန်သမျှ ပြတ်ပြတ်သားသား လုပ်ဆောင်နိုင်ခြင်းဖြင့် တိုင်းပြည်ငြိမ်းချမ်းအောင်၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်နိုင်တဲ့ အာဇာနည်ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်တွေဖြစ်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

Source: https://www.facebook.com/NLDParty/posts/1845891778759548

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည်‌့မိန့်ခွန်း (10/7/2017)



မြန်မာနိုင်ငံ၊ နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှုဆိုင်ရာမဟာဗျူဟာစီမံချက်အား ထုတ်ပြန်ကြေညာသည့် အခမ်းအနားနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများမှ နိုင်ငံဝန်ထမ်းများ၏ ယုံကြည်ချက်၊ ခံယူချက်နှင့် စိတ်ဓါတ်မြင့်မား တက်ကြွလာစေရေးအတွက် ကမ္ဘာ့နိုင်ငံများမှ သတ်မှတ်ကျင့်သုံးသည့် နည်းလမ်းများကို လေ့လာ ဆွေးနွေးခြင်းနှင့် ပြည်သူ့ဝန်ထမ်းများအားလုပ်ငန်းခွင်တွင် စိတ်အားထက်သန်တက်ကြွစွာဖြင့် ဝန်ဆောင်မှုပေးနိုင်ရေး လှုံ့ဆော်မြှင့်တင်ပေးခြင်း အသိပညာမျှဝေမှုဖိုရမ်

( နေပြည်တော်၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်မှ ၁၂ ရက်)

■ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည်‌့မိန့်ခွန်း ■
(၁၀-၇-၂၀၁၇)

ဂုဏ်သရေရှိလူကြီးမင်းများ၊ ဖိတ်ကြားထားသူများနဲ့ ကြွရောက်လာတဲ့ဧည့်သည်တော်ကြီးများရှင် -

မြန်မာနိုင်ငံရဲ့ နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ စီမံချက်ထုတ်ပြန်ကြေညာတဲ့ ဒီကနေ့အခမ်းအနားမှာ ခုလို တက်ရောက်ခွင့် ရရှိတဲ့အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။ ပထမဦးစွာ ယခုလို မဟာဗျူဟာစီမံချက်ကို ထုတ်ပြန်ကြေညာနိုင်အောင် ကြိုးပမ်းဆောင်ရွက် ပေးခဲ့ကြတဲ့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဌနဲ့ အဖွဲ့ဝင်များအားလုံး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့က ဝန်ထမ်းများ အားလုံး၊ ဒီအခမ်းအနားဖြစ်မြောက်အောင်မြင်ရေးအတွက် ဝိုင်းဝန်းကူညီပေးကြသူများအားလုံးကို ကျွန်မ အနေနဲ့ ချီးကျူး ဂုဏ်ပြုကြောင်း ပြောကြားလိုပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီအရေးကြီးတဲ့ မဟာဗျူဟာ စီမံချက် ဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီခဲ့ကြတဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်နဲ့ ဖွံ့ဖြိုးရေး မိတ်ဖက်များ အားလုံးကိုလည်း ကျေးဇူးဥပကာရ အထူးပင်တင်ရှိပါကြောင်း ပြောကြားလိုပါတယ်။

နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက်ဟာ လာမယ့်နှစ်များစွာအတွင်း ကျွန်မတို့ နိုင်ငံအတွက် အကျိုးရှိစေမယ့် အထူးလိုအပ်လျက်ရှိနေတဲ့၊ ဆန်းသစ်တီထွင်ထားတဲ့၊ ကျယ်ပြန့်တဲ့၊ ပြုပြင် ပြောင်းလဲမှုတွေ အကောင်အထည်ဖော်ဆောင်နိုင်ဖို့အတွက် တန်ဖိုးရှိတဲ့ မူဘောင်တစ်ခုပဲ ဖြစ်ပါတယ်။ မဟာဗျူဟာစီမံချက် ရေးဆွဲပြုစုရေးလုပ်ငန်းစဉ်ကို နိုင်ငံအနှံ့အပြားက သက်ဆိုင်သူအားလုံးနဲ့ ညှိနှိုင်း တိုင်ပင်ဆွေးနွေးပြီး လပေါင်းများစွာ အချိန်ယူရေးဆွဲခဲ့ရတာဖြစ်ပါတယ်။ နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်ဟာ နိုင်ငံအတွင်းမှာရှိတဲ့နိုင်ငံသူ နိုင်ငံသားအားလုံးရဲ့ အရေးကိစ္စဖြစ်တယ် ဆိုတာကို အသိအမှတ်ပြုလိုက်ခြင်း ဖြစ်ပါတယ်။

နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက်ရဲ့ ဥယျောဇဉ်မှာ ကျွန်မပြောကြားခဲ့သလိုပါပဲ၊ ကျင့်ဝတ်သိက္ခာ ကောင်းမွန်ခြင်း၊ ဘက်လိုက်မှုကင်းရှင်းခြင်း၊ တာဝန်ခံမှုရှိခြင်းဆိုတဲ့ “မူ”တွေပေါ် အခြေခံပြီး လုပ်ရည်ကိုင်ရည်နဲ့ ယုံကြည်ချက်ခိုင်မာမှုရှိတဲ့ ဝန်ထမ်းအဖွဲ့အစည်းဟာ ကောင်းမွန်သော ဒီမိုကရေစီ အုပ်ချုပ်ရေးရဲ့ကျောရိုးမဏ္ဍိုင်ပဲ ဖြစ်ပါတယ်။

■ ဝန်ထမ်းအဖွဲ့အစည်းဟာ ကောင်းမွန်သော ဒီမိုကရေစီ အုပ်ချုပ်ရေးရဲ့ကျောရိုးမဏ္ဍိုင် ဖြစ် ■

နိုင်ငံတော် သာယာဝပြောဖို့အတွက် ဝန်ထမ်းအဖွဲ့အစည်းရဲ့ စွမ်းဆောင်ရည်ဟာ ဘယ်လောက် အရေးပါတယ် ဆိုတာကို ကျွန်မတို့လို ရွေးချယ်တင်မြှောက်ခံရပြီး နိုင်ငံ့တာဝန်ကို ထမ်းဆောင်ရသူတိုင်း သိရှိနားလည်သဘောပေါက်ကြပါတယ်။ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို အ‌ခြေခံတဲ့ အစိုးရအဖွဲ့တွေ ထွက်ပေါ်လာရေးအတွက် တဖြည်းဖြည်းချင်း အသွင်ကူးပြောင်းလာတာနဲ့အမျှ ဝန်ထမ်း အဖွဲ့အစည်းတွေရဲ့အခန်းကဏ္ဍဟာလည်း ပိုမိုပြီး အရေးကြီးလာမှာ ဖြစ်ပါတယ်။

အရွေးချယ်ခံ အစိုးရအဖွဲ့ဝင်တွေက ပြည်သူ့ဆန္ဒနဲ့အညီ တက်လာလိုက်၊ ဆင်းသွားလိုက် ပြောင်းလဲ နေမှာပါ။ အုပ်ချုပ်ရေးယန္တရား အဆက်ပြတ်မသွားရေး၊ အဖွဲ့အစည်းတစ်ခုလုံးအတွက် မှတ်တမ်း မှတ်ရာတွေ မမေ့ပျောက်သွားရေး၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှု၊ စတဲ့ နိုင်ငံတော်ယန္တရားကြီးကို ဟန်ချက်ညီညီ တည်တည်ငြိမ်ငြိမ် လည်ပတ်စေတဲ့ ကိစ္စအရပ်ရပ်ကို ထိန်းသိမ်းထားရတာကတော့ ပြည်သူ့ဝန်ထမ်းတွေ ဖြစ်ပါတယ်။

ဒီမိုကရေစီစနစ်ဟာပြည်သူ့ဝန်ထမ်းတွေကို တာဝန်အသစ်နဲ့ ဝတ္တရားအသစ်တွေ အပ်နှင်းပေးပါတယ်။ ဒီမိုကရက်တစ် အစိုးရတွေရဲ့လက်အောက်မှာ ပြည်သူ့ဝန်ထမ်းတွေဟာ ကိုယ်တိုင်ကြံဆ ဖေါ်ဆောင်နိုင်တဲ့ အရည်အချင်းရှိကြရပါမယ်၊ သုံးသပ်ရွေးချယ်နိုင်ဖို့ မူဝါဒတွေ ဖော်ထုတ်တင်ပြခြင်း၊ ခက်ခဲတဲ့ ပြဿနာရပ်တွေနဲ့ ပတ်သက်ပြီး ဖြေရှင်းနည်းအဆိုပြုချက်တွေ တင်ပြပေးခြင်းတို့ လုပ်ဆောင်နိုင်ရပါမယ်။ ပြည်သူ့ဝန်ထမ်းတွေဟာ လုပ်ငန်းတစ်ရပ်ဆောင်ရွက်ရာမှာ မိမိတို့ အထက်အရာရှိ၊ ဝန်ကြီးတွေသိရမယ့် အကြောင်းအကျိုး၊ အကောင်းအဆိုးများကို ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား၊ ဘက်လိုက်မှုကင်းကင်းနဲ့ သတ္တိရှိရှိ တင်ပြနိုင်ရပါမယ်။ တင်ပြဖို့ တာဝန်လည်း ရှိကြပါတယ်။ ပြည်သူ့ဝန်ထမ်းတွေအနေနဲ့ မလိုအပ်တဲ့ အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းစဉ်တွေကို ဖယ်ရှားပေးနိုင်ဖို့၊ ဌာနတွေ တစ်ခုနဲ့တစ်ခုအကြား၊ ဝန်ကြီးဌာန တစ်ခုနဲ့တစ်ခုအကြား ပူးပေါင်း လုပ်ဆောင်မှုကို အဟန့်အတားဖြစ်စေတဲ့ အတွေးအခေါ်၊ အစဉ်အလာတွေကို ပယ်ဖျက်ပေးဖို့၊ အစိုးရအဖွဲ့ကြီးတစ်ခုလုံး ထိရောက်ကောင်းမွန်လာစေမဲ့ တီထွင်ကြံဆမှုနဲ့ အတွေးအခေါ်သစ်များ ထုတ်ဖော်ပေးဖို့ကို ဒီမိုကရေစီစနစ်က အားပေးပါတယ်။

■ ဒီမိုကရေစီစနစ်မှာ “မလုပ်၊ မရှုပ်၊ မပြုတ်“ အတွေးအခေါ်အတွက် နေရာ မရှိနိုင် ■

ဖွဲ့စည်းတည်ဆောက်ပုံတွေ ပြောင်းလဲလိုက်တာ တစ်ခုတည်းနဲ့ ဒီမျှော်လင့်ချက်အသစ်တွေ ပြည့်ဝ လာနိုင်မှာ မဟုတ်ပါဘူး။ ဒီမိုကရေစီစနစ်မှာ “မလုပ်၊ မရှုပ်၊ မပြုတ်“ အတွေးအခေါ်အတွက် နေရာ မရှိနိုင်ပါဘူး။ ပြည်သူ့ဝန်ထမ်းဆိုတာ ပြည်သူလူထုက ရွေးချယ်တင်မြှောက်တဲ့ အစိုးရအပေါ်မှာ တာဝန်ခံရမှာပါ။ အစိုးရရဲ့လုပ်ငန်းအစီအစဉ်တွေကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ သမာသမတ် ရှိရှိ၊ လုပ်ငန်းတာဝန်သိသိ၊ အသိဉာဏ်ပါပါ၊ နိုးနိုးကြားကြား၊ တက်တက်ကြွကြွ ဆောင်ရွက် ပေးကြရပါမယ်။ ကိုယ်တွေ့အတွေ့အကြုံအရ၊ ကျွန်မတို့နိုင်ငံက နိုင်ငံ့ဝန်ထမ်းတွေဟာ ဒီမျှော်လင့်ချက်တွေကို ပြည့်ဝလာအောင် အကောင်အထည်ဖော်ပေးနိုင်ရုံသာမကဘဲ ကမ္ဘာပေါ်မှာ အထက်မြက်ဆုံး ဝန်ထမ်းကောင်းများဖြစ်လာနိုင်တဲ့ အလားအလာ ရှိကြတယ်လို့ ယုံကြည်ပါတယ်။

ကျွန်မအနေနဲ့ လွှတ်တော်မှာ တာဝန်ထမ်းဆောင်နေစဉ်ကာလနဲ့ အခုအုပ်ချုပ်မှုအဖွဲ့ တာဝန် ထမ်းဆောင်နေရတဲ့ ကာလတွေအတွင်းမှာ တာဝန်ကိုယ်စီ အလေးထားတဲ့ အောက်ခြေအဆင့် သန့်ရှင်းရေး၊ ဥယျာဉ်မှူး စတဲ့ ဝန်ထမ်းတွေကစပြီး မိမိတို့ရာထူးတာဝန်အမြင်‌့ဆုံး အဆင့်သို့ ရောက်ရှိနေတဲ့ ပုဂ္ဂိုလ်တွေအထိ၊ အဆင့်အတန်း၊ နောက်ခံ၊ အမျိုးမျိုးအဖုံဖုံသော ဝန်ထမ်းတွေကို သိရှိခွင့်ရခဲ့ပါတယ်။ ဒါကြောင့် ခုလိုအခွင့်အခါ ကြုံကြိုက်တုန်းမှာ အသိအမှတ်ပြုခံချင်လို့မဟုတ်၊ ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်အတွက်၊ ဂုဏ်ကျော်ကြားမှုအတွက် မဟုတ်၊ ပြည်သူကို အကျိုးပြုဖို့ သက်သက်၊ မကြာခဏ ဆိုသလို ပေါ်ပေါက်တက်တဲ့ အခက်အခဲ စိန်ခေါ်မှုအမျိုးမျိုးအကြားက တာဝန်ထမ်းဆောင်နေတဲ့ ပြည်သူ့ဝန်ထမ်းတွေအားလုံးကို ဒီနေရာကနေ ကျွန်မ ဂုဏ်ပြုလိုက်ပါတယ်။ ပြည်သူ့ဝန်ထမ်းတွေအနေနဲ့ မိမိတို့ လုပ်ကိုင်နေကြတဲ့ လုပ်ငန်းတာဝန်အပေါ် ဂုဏ်ယူကြပါ။ ပြည်သူအများ မျှော်လင့်တောင့်တနေတဲ့ တည်ငြိမ်လုံခြုံပြီး ဖွံ့ဖြိုးတိုးတက်တဲ့ အနာဂတ်ကို ဖော်ဆောင် ပေးရာမှာ နေ့စဉ်နေ့တိုင်း ပါဝင် ဆောင်ရွက်ခွင့်ရစေတဲ့ မိမိတို့ရဲ့အခန်းကဏ္ဍကို ဂုဏ်ယူကြပါလို့ ပြောကြားလိုပါတယ်။

ကျွန်မတို့ အစိုးရအဖွဲ့အနေနဲ့လည်း ကျွန်မတို့ရဲ့ ဝန်ထမ်းတွေကို ဂရုတစိုက် စောင့်ရှောက်ပေးရမယ့် တာဝန်တွေရှိတယ် ဆိုတာကို သိရှိနားလည်ထားပါတယ်။ ကျွန်မတို့ ဝန်ထမ်းတွေ သင့်လျော်မျှတတဲ့ လုပ်ခလစာ ရရှိရေး၊ ကောင်းမွန်တဲ့ အထွေထွေခံစားခွင့်တွေ ရရှိခံစားနိုင်ရေးအတွက် အစွမ်းကုန်ကြိုးစား ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ပြည်သူ့ဝန်ထမ်းအများစုရဲ့ လုပ်ခလစာနှုန်းထားဟာ၊ အခြား နယ်ပယ်တွေက ဝန်ထမ်းတွေနဲ့နှိုင်းယှဉ်ရင် နိမ့်ကျနေသေးတယ်ဆိုတာကို ကျွန်မတို့ သိပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းပဲ ပြောပြလိုပါတယ်။ ဒီပြဿနာကို ချက်ချင်းဖြေရှင်းပေးနိုင်မယ့် နည်းမရှိသေးပါဘူး။ လုပ်ခလစာတိုးမြှင့်ပေးတဲ့အခါမှာ လေးလေးနက်နက် စဉ်းစားသုံးသပ်ပြီး ရေရှည် တည်တန့်အောင် ဖြည်းဖြည်းချင်း တိုးမြှင့်ပေးရမှာ ဖြစ်တဲ့အပြင် နိုင်ငံတော်ရဲ့ ရသုံးမှန်းခြေငွေစာရင်း အခြေအနေနဲ့အညီလည်း ဆောင်ရွက်ရပါတယ်။

■ နိုင်ငံတော်အစိုးရအနေနဲ့ ပြည်သူ့ဝန်ထမ်းတွေကို အခြားနည်းလမ်းတွေနဲ့ ပံ့ပိုးပေးသွားမှာဖြစ် ■

လစာတိုးမြှင့်ရေးဟာ ကျွန်မတို့ ဝန်ထမ်းတွေမျှော်လင့်သလို ချက်ချင်း မဖြစ်နိုင်သေးပေမယ့် နိုင်ငံတော်အစိုးရအနေနဲ့ ပြည်သူ့ဝန်ထမ်းတွေကို အခြားနည်းလမ်းတွေနဲ့ ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ အလုပ်ခွင်ဖန်တီးခြင်း၊ မိသားစုဝင်တွေအတွက် နေမှုထိုင်မှု အခြေအနေတွေ ပိုပြီး ကောင်းမွန်လာခြင်းတို့ ဖြစ်မြောက်ဖို့ ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ စတင်လုပ်နေတဲ့ လုပ်ရပ် တစ်ခုအနေနဲ့ အဆင့်မြင့်ဝန်ထမ်းအိမ်ယာတွေ ဆောက်လုပ်နေပြီဖြစ်သလို၊ အငြိမ်းစားယူပြီး ပြည်သူ့ ဝန်ထမ်းတွေအားလုံး နိုင်ငံအပေါ်သစ္စာရှိစွာ နှစ်ရှည်လများ တာဝန်ထမ်းဆောင်အပြီးမှာ၊ လုံလုံခြုံခြုံ၊ သိက္ခာရှိရှိ နေထိုင်သွားနိုင်ဖို့ အိမ်ယာများ ဆောက်လုပ်ပေးသွားမှာ ဖြစ်ပါတယ်။

နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက်မှာဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ လက်ရှိကာလနဲ့ လာမယ့်နှစ်တွေအတွင်း လိုအပ်မယ့် လုပ်ငန်းကျွမ်းကျင်မှုတွေ ပြည့်ဝရေးအတွက် အစီအမံတွေ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ ကျွန်မတို့မြန်မာနိုင်ငံဟာ ထူးကဲတဲ့ နည်းပညာနဲ့ လူမှုရေးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒီစိန်ခေါ်မှုတွေထဲမှာ ရှုပ်ထွေးနက်နဲတဲ့ မူဝါဒ ချမှတ်မှုတွေနဲ့ အလျှော့အတင်း လုပ်ရမယ့်ကိစ္စတွေလည်း ပါရှိနေပါတယ်။ အခြားနိုင်ငံတွေမှာ ဆယ်စုနှစ်ပေါင်း များစွာ တဖြည်းဖြည်းချင်း ဖြေရှင်းယူလာခဲ့တဲ့ ပြဿနာတွေကို ကျွန်မတို့နိုင်ငံက လာမယ့် နှစ်အနည်းငယ်အတွင်းမှာ ဖြေရှင်းယူရမယ့် အနေအထားမှာရှိနေပါတယ်။ ဒါကြောင့် အခြားနိုင်ငံတွေရဲ့ အောင်မြင်မှု၊ မှားယွင်းမှုတွေကို သင်ခန်းစာယူပြီး တစ်ဖက်မှာလည်း နည်းပညာသစ်တွေ၊ တီထွင် ကြံဆမှုတွေနဲ့ အခွင့်အလမ်းတွေကို ခုန်ပျံကျော်လွှားရှာဖွေ ကြိုးပမ်းအားထုတ် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံမှာ ဖက်ဒရယ်အစိုးရ ထွက်ပေါ်လာခြင်းဖြင့် ကြုံတွေလာနိုင်တဲ့ ပြောင်းလဲမှု၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေလည်း ပြုလုပ်ထားဖို့ လိုအပ်ပါတယ်။

ဒီလိုဆောင်ရွက်နိုင်ဖို့ အဓိကအားဖြင့် ဉာဏ်ပညာထက်မြက်မှု၊ ခက်ခဲနက်နဲတဲ့ စီမံခန့်ခွဲ၊ ပေါင်းစပ်ညှိနှိုင်း၊ စီမံဆောင်ရွက်တတ်မှုနဲ့ ထက်ထက်မြက်မြက် ထိထိရောက်ရောက် အကောင်အထည်ဖေါ်ဆောင်နိုင်မှု စတဲ့ အရည်အချင်းတွေ လိုအပ်ပါမယ်။ ဒါတွေကို ကြိုးပမ်း‌ဖော်ဆောင်ပေးရမယ့်သူတွေ၊ ဒီလုပ်ငန်းတွေရဲ့ အောင်မြင်မှုအတွက် အဓိကကျတဲ့သူတွေကတော့ ပြည်သူ့ဝန်ထမ်းတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဝန်ကြီးဌာနတွေ၊ အစိုးရအဖွဲ့အစည်းတွေကို မိမိတို့ရဲ့ တန်ဖိုးအရှိဆုံး အရင်းအမြစ်ဖြစ်တဲ့ ဝန်ထမ်းတွေရဲ့ စွမ်းရည်နဲ့ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းနေတာ ဖြစ်ပါတယ်။ မကြာသေးခင်က Civil Services Academy ကို ဖွင့်လှစ်လိုက်ခြင်းဟာ ဒီရည်မှန်းချက် အောင်မြင်ရေးအတွက် နိုင်ငံတော်အစိုးရရဲ့ လက်တွေ့ကျတဲ့ အကောင်အထည်ဖေါ်ဆောင်မှုတစ်ရပ်ပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ပြည်သူ့ဝန်ထမ်းတွေအတွက် နိုင်ငံရပ်ခြားမှာ လေ့ကျင့်ရေးသင်တန်းတွေ သွားရောက် လေ့လာသင်ယူနိုင်တဲ့ အခွင့်အလမ်းတွေပိုမိုပြီး ပွင့်လန်းလာတဲ့အတွက် ကျေနပ်အားရမိ ပါတယ်။ ဒီအခွင့်အလမ်းတွေကို စနစ်တကျ အစီအစဉ်တွေ ချမှတ်ပြီးလက်တွေ့ကျကျ အာရုံစိုက် အသုံးချသွားနိုင်မယ် ဆိုရင် ကျွန်မတို့ရဲ့ ပြည်သူ့ဝန်ထမ်းတွေအတွက် အဖိုးထိုက်တန်တဲ့ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုအသစ်တွေနဲ့ မူဝါဒဆိုင်ရာ အတွေးအခေါ်ပညာတွေ ရရှိ တိုးပွားလာမှာ ဖြစ်ပါတယ်။

■ ဝန်ထမ်းတွေရဲ့ လုပ်ရည်ကိုင်ရည်နဲ့ အရည်အချင်းကို အခြေခံပြီး ချီးမြှင့်မြှောက်စားမှုပြုတဲ့ ယဉ်ကျေးမှုအစဉ်အလာနဲ့ စနစ်ထွန်းကားရေး ■

ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ မဟာဗျူဟာစီမံချက်ဟာ ဝန်ထမ်းတွေရဲ့ လုပ်ရည်ကိုင်ရည်နဲ့ အရည်အချင်းကို အခြေခံပြီး ချီးမြှင့်မြှောက်စားမှုပြုတဲ့ ယဉ်ကျေးမှုအစဉ်အလာနဲ့ စနစ်ထွန်းကားရေး အရေးပါမှုကို အသိအမှတ်ပြုထားပါတယ်။ အဲဒီလိုဆောင်ရွက်တာကြောင့် လူသားအရင်းအမြစ် ဖွံဖြိုးတိုးတက်ရေး အတွက် လုပ်နည်းလုပ်ဟန်သစ်တစ်ခု ဖြစ်လာရုံသာမက တစ်ဖက်မှာလည်း ပြည့်သူ့ဝန်ထမ်း အဆင့်ဆင့်ကိုလည်း တစ်ကိုယ်ရည် ကြိုးစားအားထုတ်လိုစိတ်တွေ တိုးတက်ဖြစ်ထွန်းလာစေမှာ ဖြစ်ပါတယ်။ ဝန်ထမ်းတွေကို ရာထူးတိုးမြှင့် မြှောက်စားရာမှာ ဓမ္မဓိဌာန်ကျပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ သတ်မှတ်တိုင်းတာချက်တွေနဲ့ ဆုံးဖြတ်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဝန်ထမ်းတစ်ဦးချင်းစီရဲ့ လုပ်ရည် ကိုင်ရည်နဲ့ စွမ်းရည်အလားအလာရှိမှုကို သုံးသပ်နိုင်ရပါမယ်။ ဘက်လိုက်မျက်နှာသာပေးတယ်၊ နီးစပ်သူကို ချီးမြှောက်တယ်လို့ အထင်အမြင် စိုးစင်းမျှပင်မရှိစေနိုင်ဖို့ အစွမ်းကုန် ကြိုးစားရမှာဖြစ်ပါတယ်။ ဘယ်လိုနည်းနဲ့မှ ခွဲခြားဆက်ဆံမှု မပြုလုပ်မိဖို့ သတိထားရပါမယ်။ ဒီလိုဆောင်ရွက်နိုင်ခြင်းနဲ့ ပြည်သူ့ ဝန်ထမ်းတွေရဲ့ ကြိုးစားအားထုတ်လိုစိတ်၊ တက်တက်ကြွကြွ အလုပ်လုပ်ကိုင်လိုစိတ်တွေ အမှန်တစ်ကယ် ပေါ်ထွန်းလာစေပြီး၊ တစ်ဖက်မှာလည်း လုပ်ငန်းခွင်မှာ လူမှန်နေရာမှန် ဖြစ်လာစေမှာပါ။

ကျွန်မတို့နိုင်ငံရဲ့ ပြည်သူ့ဝန်ထမ်းအဖွဲ့အစည်းက နိုင်ငံအတွင်းမှာရှိတဲ့ မတူကွဲပြားမှုတွေကို ရောင်ပြန်ဟပ်ဖို့ အရေးကြီးပါတယ်။ ယနေ့ အထက်တန်းကျောင်းသူကျောင်းသားတိုင်းဟာ သူတို့ရဲ့ မွေးရပ်ဇာတိမြေ၊ လူမျိုးစု၊ ကိုးကွယ်သောဘာသာ၊ အသိုင်းအဝိုင်း၊ ဥစ္စာဓန၊ ကျား/မ လိင် ကွာခြားမှုတွေကြောင့် အနာဂတ်တွင် ဝန်ထမ်းလောကထဲ ဝင်ရောက်နိုင်ရေး အခွင့်အလမ်းတွေ ပိတ်ဆို့နေမယ်လို့ မခံစားရစေသင်‌့ပါဘူး။ ဘယ်လို နောက်ခံအသိုင်းအဝန်းကပဲဖြစ်ဖြစ် အကောင်းဆုံး၊ အတော်ဆုံးတွေ ပြည်သူ့ဝန်ထမ်းလောကအတွင်း ဝင်ရောက်ပြီး အနေမြဲစေမယ့် ဝန်ထမ်းရွေးချယ် ခန့်အပ်ရေးစနစ်ကိုပဲ ကျင့်သုံးဆောင်ရွက်ရပါမယ်။ အမှန်တစ်ကယ် အားလုံးပါဝင်ခွင့်ရှိတဲ့ ဝန်ထမ်း လောကကို ဖန်တီးနိုင်ခြင်းဟာ မှန်ကန်တဲ့ တန်ဖိုးထားမှုတွေ မြှင့်တင်ပေးတဲ့အပြင် လက်တွေ့ကျတဲ့ အကျိုးဖြစ်ထွန်းမှုလည်း ရှိစေမှာဖြစ်ပါတယ်။ သုတေသနဖော်ပြချက်တွေအရ ကွဲပြားခြားနားခြင်းကို အကျိုးဖြစ်အောင် ဆောင်ရွက်နိုင်တဲ့ အဖွဲ့အစည်းတွေဟာ ၎င်းတို့ ဝန်ဆောင်မှုပေးနေတဲ့ လူမှု အဖွဲ့အစည်းများအတွက် ကောင်းမွန်တဲ့မူဝါဒတွေ ချမှတ်ရာမှာပဲဖြစ်ဖြစ်၊ ဝန်ဆောင်မှုလုပ်ငန်းတွေ ဖြည့်ဆည်းပေးရာမှာပဲဖြစ်ဖြစ်၊ ပိုမိုပြီးထိရောက်ကောင်းမွန်ကြတယ်ဆိုတာ တွေ့ရပါတယ်။ မဟာဗျူဟာ စီမံချက်ဟာ ကျွန်မတို့ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို အသိအမှတ်ပြုဖို့ မရွံ့ပါဘူး။ ဒီစိန်ခေါ်မှုတွေအနက် အဓိကအကျဆုံးကတော့ အဂတိလိုက်စားမှုပဲ ဖြစ်ပါတယ်။ အဂတိလိုက်စားမှုဟာ တိုင်းတာဖို့ ခက်သလို၊ သတိပြုမိဖို့လည်း ခက်ပါတယ်။ ဒီကိစ္စဟာ ပြဿနာတစ်ခုအဖြစ် တည်ရှိနေသေးတာကတော့ ယုံမှား သံသယ မရှိနိုင်ပါဘူး။ အဂတိလိုက်စားမှုဟာ အယုံအကြည်ရှိမှု၊ ကောင်းမွန်တဲ့အုပ်ချုပ်မှုနဲ့ ပြည်သူ့ဝန်ထမ်း ယန္တရားကြီးတစ်ခုလုံးရဲ့ ဂုဏ်ရှိမှုတို့ကို တိုက်စားဖျက်ဆီးပါတယ်။ ထို့အပြင် အဂတိလိုက်စားခြင်းဟာ လူအနည်းငယ်ရဲ့အကျိုးကို အများအကျိုးအထက်မှာ ထားရှိခြင်းဖြစ်တာကြောင့် ဒီမိုကရေစီရဲ့ ဗဟိုမူဖြစ်တဲ့ ပြည်သူကိုကိုယ်စားပြုတဲ့ အုပ်ချုပ်ရေးကို ထိပါးစေပါတယ်။

■ နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ■

နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် ပြည်သူ့ဝန်ထမ်းကျင့်ဝတ် တောင့်တင်းခိုင်မာရေး၊ ကိုယ်ကျင့်တရား ကောင်းမွန်ရေးနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် လေ့ကျင့်သင်ကြားမှုများပေးဖို့၊ တိုင်ကြားရေးနဲ့ ဖော်ထုတ်ရေးဆိုင်ရာ ယန္တရား ထိရောက်မှုရှိဖို့၊ အဆင့်မြင့်ရာထူးရာခံရှိသူတွေရဲ့ပိုင်ဆိုင်မှုတွေကို ထုတ်ဖော်ကြေညာဖို့၊ နည်းပညာအသစ် တွေနဲ့ အုပ်ချုပ်မှုဆိုင်ရာလုပ်ငန်းစဉ်တွေကို ပံ့ပိုး ဆောင်ရွက်ခြင်းဖြင့် အဂတိလိုက်စားနိုင်မှု အခွင့်အလမ်း ကို နည်းပါးအောင်ဆောင်ရွက်ဖို့ စတဲ့အစီအစဉ်တွေလည်း ထည့်သွင်း ဆောင်ရွက်ထားပါတယ်။

အဂတိလိုက်စားမှုကို တိုက်ဖျက်ခြင်းဟာ မဟာဗျူဟာစီမံချက်တစ်ခုလုံးရဲ့ ရည်မှန်းချက် အောင်မြင်ရေးကို အထောက်အကူဖြစ်စေမှာ ဖြစ်တဲ့အပြင်၊ ပြည်သူ့ဝန်ထမ်းအဖွဲ့အစည်းတွေနဲ့ မိမိတို့ ဝန်ဆောင်မှုပေးနေတဲ့ လူ့ဘောင်အဖွဲ့အစည်းကြားမှာ ယုံကြည်မှုကိုလည်း တိုးတက်ဖြစ်ထွန်းစေပါတယ်။ ယုံကြည်မှုကို တည်ဆောက်တဲ့နေရာမှာ ပြည်သူ့ဝန်ထမ်းတွေအနေနဲ့ သိက္ခာရှိရှိနေတတ်ဖို့၊ ဘက်လိုက်မှုကင်းရှင်းဖို့၊ မိမိအလုပ်နဲ့ပတ်သက်ပြီး တာဝန်ယူမှုရှိဖို့ လိုအပ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အများပြည်သူဘက်ကလည်း ပြည်သူဝန်ထမ်းတွေအပေါ် လေးစားမှုနဲ့ ယဉ်ကျေးပျူငှာစွာ ဆက်ဆံဖို့လိုအပ်ပါမယ်။ ဒီလိုမျိုး အပြန်အလှန် ယုံကြည်လေးစားမှုကို အချိန်ယူတည်ဆောက်ရမှာ ဖြစ်ပါတယ်။ ဒီလို တည်ဆောက်နိုင် မှလည်း အများအတွက် အကျိုးဖြစ်ထွန်းစေမှာဖြစ်ပါတယ်။

နိဂုံးမချုပ်ခင်မှာ ယနေ့ ပြုလုပ်တဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်ရဲ့ Global Study on Intrinsic Motivation in Developing Countries ဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီ ပံ့ပိုး ပေးကြသူ အားလုံးအားလည်း ချီးကျူးဂုဏ်ပြုလိုပါတယ်။ လာမယ့် သုံးရက်တာကာလအတွင်း ကျင်းပ ပြုလုပ်မယ့် Knowledge Forum ဆွေးနွေးပွဲကို တက်ရောက်နိုင်မှာ မဟုတ်တဲ့အတွက်လည်း တောင်းပန်လိုပါတယ်။ အပြန်အလှန် ဆွေးနွေးမှုတွေကနေ ကောင်းမွန်တဲ့ရလဒ်တွေ ထွက်ပေါ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ အဝေးကနေ ရောက်ရှိလာကြပြီး မိမိတို့နိုင်ငံရဲ့ အတွေ့အကြုံတွေကို မျှဝေပေးကြမယ့် ပညာရှင် ပုဂ္ဂိုလ်တွေကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ Global Study နိုင်ငံတကာ လေ့လာရေး အစီအစဉ်မှာ မြန်မာနိုင်ငံဟာ ပထမဦးဆုံး ပါဝင်ဆောင်ရွက်တဲ့ နိုင်ငံဖြစ်တဲ့အတွက် ကျေနပ်အားရမိပြီး ထွက်ပေါ်လာမယ့် ရလဒ်တွေကိုလည်း စိတ်ဝင်တစားစောင့်ကြည့်နေပါမယ်။

နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်ဟာ ရှုပ်ထွေးနက်နဲတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ အထူးသဖြင့် ကျွန်မတို့နိုင်ငံလို အပြောင်းအလဲကို ရှာဖွေဖော်ဆောင်ရာမှာ လက်ရှိ ဖွဲ့စည်းတည်ဆောက်မှုနဲ့ လုပ်ငန်းစဉ်တွေကိုသာမက ယဉ်ကျေးမှုတစ်ရပ်လို့တောင် ခေါ်ဆိုနိုင်တဲ့ ကာလရှည်ကြာစွာ အမြစ်တွယ်ခဲ့တဲ့ လုပ်ငန်းဆောင်ရွက်မှု အကျင့်စရိုက်ဟောင်းတွေကို ပယ်ဖျက်ပစ်ပြီး ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် ခက်ခဲရှုပ်ထွေးပါတယ်။ ဒါ့အပြင် ကျွန်မတို့အနေနဲ့ အနာဂတ်မှာ ဖက်ဒရယ်စနစ် ကျင့်သုံးရာကနေ ထွက်ပေါ်လာနိုင်တဲ့ စိန်ခေါ်မှုတွေနဲ့ အခွင့်အလမ်းတွေကို ရင်ဆိုင်နိုင်ဖို့ ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်ထားကြဖို့ လိုအပ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့ကတော့ ဒီတာဝန်ကို မတွန့်မဆုတ် အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမယ်”ဆိုတဲ့အတိုင်း ကျွန်မတို့နိုင်ငံရဲ့ အစွမ်းအစတွေကို အမှန်တစ်ကယ် ထွက်ပေါ်လာစေချင်တယ်ဆိုရင် ကျွန်မတို့ရဲ့ ပြည်သူ့ဝန်ထမ်း တစ်ဦးတစ်ယောက်ချင်းစီ၊ အစုအဖွဲ့ တစ်ခုချင်းစီရဲ့ စွမ်းရည်တွေကို တိုးတက်လာအောင် ဖော်ထုတ်ပေးရမှာဖြစ်ပါတယ်။

ဒီရည်မှန်းချက်တွေကြောင့် နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှု မဟာဗျူဟာစီမံချက်ကို ထုတ်ပြန်တာဖြစ်ပြီး ဒီမဟာဗျူဟာစီမံချက် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဒီအခမ်းအနားမှာ ရောက်ရှိနေတဲ့ မိတ်ဆွေများရဲ့ ကူညီပံ့ပိုးအားပေးမှု အားလုံးကိုလည်း ကြိုဆိုပါတယ်။

နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်လမ်းကြောင်းကို လျှောက်လှမ်းပြီး မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံး အမှန်တစ်ကယ် လေးစားဂုဏ်ယူ အားထားရတဲ့ ဝန်ထမ်းအဖွဲ့အစည်းကောင်း တစ်ရပ် ဖြစ်လာရေးဆိုတဲ့ ဘုံရည်မှန်းချက်အတွက် ကျွန်မတို့အားလုံး တစ်သွေးတစ်သားတည်း ညီညီညွတ်ညွတ် ကြိုးပမ်း အကောင်အထည်ဖော်သွားမှာဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

Source: https://www.facebook.com/state.counsellor/posts/1079733435494205

ရခိုင်ပြည်နယ်မြောက်ပိုင်း လုံခြုံရေးအခြေအနေ ထုတ်ပြန်ချက်


ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ၏ ရခိုင်ပြည်နယ်မြောက်ပိုင်း လုံခြုံရေးအခြေအနေ ထုတ်ပြန်ချက်