CLMV ပြည်ဝင်ခွင့်ဗီဇာ


ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် နိုင်ငံ (CLMV နိုင်ငံများ)နှင့် တရုတ်နိုင်ငံတို့မှ ထိုင်းနိုင်ငံသို့ လာရောက် ဆေးကုသမှုခံယူသူများအား ပြည်ဝင်ခွင့်ဗီဇာ မလိုအပ်ဘဲ ရက်ပေါင်း(၉၀) နေထိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်
(၁၇-၈-၂၀၁၇၊ နေပြည်တော်)
ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် နိုင်ငံ (CLMV နိုင်ငံများ) နှင့် တရုတ်နိုင်ငံတို့မှ ထိုင်းနိုင်ငံတွင် ဆေးကုသမှုခံယူလိုသူများသည် ပြည်ဝင်ခွင့်ဗီဇာ မလိုအပ်ဘဲ ရက်ပေါင်း(၉၀) နေထိုင်ခွင့် ရရှိမည်ဖြစ် ကြောင်း ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားပါသည်။
ထိုသို့ဆေးကုသမှုခံယူရန်အတွက် ထိုင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ဆောင်မှု ပေးရေးဌာနမှ အသိအမှတ်ပြုထားသော ထိုင်းနိုင်ငံရှိ ဆေးရုံ(၁၆၀) စာရင်းနှင့် လူနာနှင့် လူနာရှင်မှ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား သိရှိနိုင်ပါရန် အသိပေးဖော်ပြအပ်ပါသည်။
လုပ်ငန်းစဉ်အကျဉ်းမှာ-
- ထိုင်းနိုင်ငံ၊ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနမှ ခွင့်ပြုထားသည့် စာရင်းတွင် ပါဝင်သည့် ကုသလိုသော ဆေးရုံသို့ ဆက်သွယ်၍ ရက်ချိန်းရယူရန်၊
- ဆေးကုသရန် နေထိုင်ခွင့် ရက်ပေါင်း(၉၀) ရရှိရေး “Confirmation Letter for 90-Day Stay on Medical Ground” အတည်ပြုစာအတွက် လူနာနှင့် လူနာရှင်တို့၏ အချက်အလက်များကို ရက်ချိန်းယူထားသည့် ဆေးရုံသို့ ပေးပို့ရန်၊
- အမည်၊ လိင်၊ လူမျိုး၊ နိုင်ငံကူးလက်မှတ်အမှတ်၊ နိုင်ငံကူးလက်မှတ်မိတ္တူစသည့် အချက်အလက်များ ပေးပို့အကြောင်းကြားထားသည့် လူနာနှင့် လူနာရှင်တို့သည် လေဆိပ်၊ လူဝင်မှုကြီးကြပ်ရေးဌာနတွင် ဆေးရုံမှ အတည်ပြုစာနှင့် နိုင်ငံကူးလက်မှတ်တို့ကို ပြသရန်၊
- လျှောက်ထားသူတို့၏ နိုင်ငံကူးလက်မှတ်ပေါ်တွင် လူဝင်မှုကြီးကြပ်ရေး တံဆိပ်တုံးရိုက်နှိပ်၍ အကောက်အခွန်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရန်၊
- ဆေးရုံတွင် ဆေးကုသမှုပြီးဆုံးချိန်ထိ ခံယူရမည်ဖြစ်ပြီး၊ ကုသပြီးပါက မိမိ၏ နိုင်ငံသို့ ပြန်လည်ထွက်ခွာရန်၊
ထိုင်းနိုင်ငံသို့ သွားရောက်၍ ဆေးကုသမှုခံယူလိုသူများအနေဖြင့် ရက်ပေါင်း(၉၀) ပြည်ဝင်ဗီဇာ မလိုအပ်ဘဲ နေထိုင်ဆေးကုသခွင့် ရရှိရေးအတွက် ဆေးရုံစာရင်းနှင့် အသေးစိတ် လျှောက်ထားပုံ အဆင့်ဆင့်တို့အား သိရှိနိုင်ပါရန် ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် လမ်းညွှန်ချက်ကိုလည်း ဖော်ပြအပ်ပါသည်။

Source: https://www.facebook.com/mofamyanmar/posts/743956522471312

ပုဂ္ဂလိကပိုင်ဘဏ်များမှ ဥက္ကဋ္ဌများအားတွေ့ဆုံ


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပုဂ္ဂလိကပိုင်ဘဏ်များမှ ဥက္ကဋ္ဌများအားတွေ့ဆုံ၊ နိုင်ငံတော်မှ ပံ့ပိုးကူညီနိုင်မည့် ကိစ္စရပ်များဆွေးနွေး
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
နေပြည်တော် သြဂုတ် ၁၅
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံရှိ ပုဂ္ဂလိကပိုင်ဘဏ်များမှ ဥက္ကဋ္ဌများအား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် အစည်းအဝေး တက်ရောက်လာကြသူများက ပုဂ္ဂလိကပိုင် ဘဏ်လုပ် ငန်းများဖွံ့ဖြိုး တိုးတက်ရေးနှင့် စီးပွားရေး လုပ်ငန်းဆိုင်ရာများကို ပွင့်ပွင့်လင်းလင်းတင်ပြ ဆွေးနွေးကြပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က နိုင်ငံတော်အပိုင်းမှ ပံ့ပိုးကူညီနိုင်မည့် အခြေအနေများကို ပြန်လည် ရှင်းလင်း ပြောကြား ကာအစည်းအဝေးကိုမွန်းလွဲ ၄ နာရီ ၁၅ မိနစ်တွင် ရုပ်သိမ်းလိုက်သည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဒေါက်တာ အောင်သူ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းနှင့် ဦးဘိုဘိုငယ်၊ ပုဂ္ဂလိကပိုင်ဘဏ် (၂၂) ခုမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


(သတင်းစဉ်)
Source: https://www.facebook.com/MOIWebportalMyanmar/posts/1285124918282038

ကျွန်တော်နဲ့မန်နေဂျာ



ကျွန်တော်နဲ့ မန်နေဂျာ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲

ပါမောက္ခ၊ ဒေါက်တာအောင်ထွန်းသက်

ကျွန်တော်ဟာ စီးပွားရေးပညာကို လေ့လာတဲ့သူဖြစ်ပေမယ့် အထူးပြုတာက စီမံခန့်ခွဲမှုပညာဖြစ်တယ်။ ယူခဲ့တဲ့ပါရဂူဘွဲ့က စီမံခန့်ခွဲမှုသိပ္ပံဘာသာ။ စီမံခန့်ခွဲမှုပညာကို လေ့လာရင်း ခေါင်းဆောင်မှုပညာကိုလည်း တစ်ပါတည်း လေ့လာခဲ့ရတယ်။ စီမံခြင်းနဲ့ ဦးဆောင်ခြင်းဟာ မတူညီကြပါဘူး။ ခေါင်းနဲ့ပန်း သဘောဖြစ်တယ်။ စီမံမှုကောင်းပြီး ခေါင်းဆောင်မှုအားနည်းရင် ဦးတည်ချက် ပျောက်နေပြီး ခေါင်းဆောင်မှုကောင်းပြီး စီမံ ခန့်ခွဲမှုအားနည်းပြန်ရင် စနစ်တကျမဖြစ်ဘဲ ပရမ်းပတာ ဖြစ်နိုင်မှာဖြစ်တယ်။ ဒါကြောင့် ဦးစီးဦးဆောင်ပြုနေသူတွေဟာ တစ်ဖက်က စီမံခန့်ခွဲဖို့လိုအပ်ပြီး တစ်ဖက်မှလည်း ဦးဆောင်နိုင်စွမ်းရှိရမှာသာဖြစ်တယ်။ တစ်ချိန်က စီမံခန့်ခွဲမှုကို အုပ်ချုပ်မှု လ့ို အယူအဆရှိကြတယ်။ အခုတော့ အုပ်ချုပ်ခြင်းကို သိပ်ပြီး ဇောင်းမပေးတော့ဘူး။ ရယ်စရာအနေနဲ့ ''အုပ်ခြင်းနဲ့ ချုပ်ခြင်း''ဆိုတဲ့ သဘောသက်ရောက်နိုင်တာမို့ သတိပြုဖို့ အရေးကြီး လှတယ်။

စီမံမှုနဲ့ ခေါင်းဆောင်မှုကို သင်ယူလို့ရသလားလို့ မေးခွန်း ထုတ်လေ့ရှိတယ်။ မွေးရာပါအရည်အချင်းရှိမှ စီမံနိုင်မှာ၊ ခေါင်းဆောင်နိုင်မှာလို့ ယူဆခဲ့ကြတယ်။ ဗီဇဟာ အရေးပါ တယ်လို့ မြင်ကြတယ်။ ဒါပေမယ့် စီမံခြင်းနဲ့ ခေါင်းဆောင်ခြင်းကို စနစ်တကျသင်ယူ၊ ခံယူလို့ရတယ်လို့ အခုတော့ လက်ခံကြပါ တယ်။ ကျွန်တော်ကတော့ ဒီပညာတွေကို သင်ကြားပို့ချနေသူမို့ ဒီအယူအဆကို လက်ခံပါတယ်။ တချို့က ဒီမေးခွန်းကို ဝိဇ္ဇာ ပညာ သို့မဟုတ် သိပ္ပံပညာလားလို့ မေးကြတယ်။ ဝိဇ္ဇာပညာ ဖြစ်ရင် သိမ်မွေ့တယ်။ နက်နဲတယ်။ အနုပညာဆန်တယ်။ ဒါကြောင့် သင်ယူလို့မရနိုင်ဘဲ သိပ္ပံပညာဖြစ်ရင် စနစ်တကျ သင်လို့ရကြောင်း လက်ခံကြတယ်။

ပြဿနာတစ်ခုနဲ့ ရင်ဆိုင်တဲ့အခါမှာ ဒါကိုရွေးမလား။ ကျန်တဲ့တစ်ခုကို ရွေးမလားဆိုပြီး အဖြူအမည်းခွဲကာ တစ်ခု တည်းကို ရွေးချယ်စေကြတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းမှာ ရင်ဆိုင်နေရတဲ့ပြဿနာဟာ လိုတာထက် ပိုပြီး ကြီးထွားနေတာ။ ကိုယ်မှန်တယ် သူမှားတယ်ဆိုတဲ့အမြင် တွေကြောင့် ပဋိပက္ခတွေဟာ ကာလရှည်တည်တံ့နေကြပြီး အဖြေမရှာနိုင်သလိုဖြစ်တယ်။ အမှန်တော့ ရွေးချယ်စရာနှစ်ခု လုံးကို ပူးပေါင်းစဉ်းစားနိုင်ရင် လူတိုင်းလက်ခံနိုင်တဲ့၊ အများ လက်ခံနိုင်တဲ့အဖြေရမှာဖြစ်တယ်။ အရာရာတိုင်းဟာ ပဋိပက္ခ ဖြစ်စရာမဟုတ်ပါဘူး။ နှစ်ဖက်စလုံးမှန်နိုင်သလို နှစ်ဖက်စလုံး လည်း မှားနိုင်တာပါ။ ဒါကြောင့် သူမှန်တယ်။ ငါမှန်တယ်ဆိုတာ မျိုး မစဉ်းစားဘဲ နှစ်ဦးစလုံးလက်ခံနိုင်တဲ့ အဖြေကို ပူးပေါင်း ရှာဖွေရမှာ။ ဒီလိုလုပ်နိုင်ဖို့က ပြောသလောက် မလွယ်လှပါဘူး။ လူတိုင်းဟာ မိမိရဲ့အယူအဆ အမြင်အတွေးအခေါ်ကိုသာ ဆုပ်ကိုင်ထားပြီး တစ်ဖက်သားရဲ့ အမြင်ကို လက်ခံဖို့ ခဲယဉ်း လှပါတယ်။ ဒီလိုစဉ်းစားနိုင်ဖို့ ကိုယ်ချင်းစာတရား မြင့်မားရမှာ ဖြစ်တယ်။ တစ်ဖက်သားဘက်က ကြည့်တတ်အောင် ကြိုးစားဖို့ လိုပါလိမ့်မယ်။

ကျွန်တော်ဟာ စီမံခန့်ခွဲမှုပညာကို စာတွေ့အရ လေ့လာ ဆည်းပူးခဲ့သလို လက်တွေ့ဘဝမှာလည်း ကိုယ်တိုင်ကိုယ်ကျ လုပ်ခဲ့တယ်။ ညွှန်ကြားရေးမှူးချုပ်တာဝန်ယူစဉ် ဦးစီးဌာန မှာရှိတဲ့ ဝန်ထမ်းအမြောက် အမြားနဲ့ အရာရှိတွေကို စီမံခန့်ခွဲ ခဲ့ရတယ်။ ကျောင်းဆရာလုပ်ရာက လက်တွေ့မှာ စီမံခန့်ခွဲမှု တာဝန်ပေးခြင်းခံရချိန်မှာ လုပ်နိုင်ပါ့မလားဆိုပြီး စိုးရိမ်မိ ခဲ့တယ်။ တကယ်လုပ်ကြည့်တော့ ထင်သလောက် မခက်ခဲတာ တွေ့ရတယ်။ လက်တွေ့မှာ ရင်ဆိုင်ရတဲ့ပြဿနာတွေဟာလည်း ကျောင်းမှာသင်ခဲ့ရတာတွေ၊ သုတေသနလုပ်ခဲ့တာတွေနဲ့ သိပ်မကွာလှတာတွေ့မြင်ရတယ်။ ဒါကြောင့် ကျွန်တော်က တပည့်တွေကို အမြဲသတိပေးမိတယ်။ သီအိုရီတတ်အောင် ကြိုးစားလေ့လာ။ သီအိုရီတတ်ရင် လက်တွေ့ပြဿနာတွေကို အလွယ်တကူ ဖြေရှင်းနိုင်မှာ။ သီအိုရီနားမလည် မသိဘဲ စိတ်ကူးရှိတိုင်းလုပ်ရင် အခက်အခဲနဲ့ တွေ့ရမှာဖြစ်တယ်။ မျက်မှောက်ခေတ်မှာ အခုလိုကြုံတွေ့နေရတာကို မျက်ဝါး ထင်ထင် မြင်တွေ့နေရတယ်။ စေတနာကောင်းရုံနဲ့ မဖြစ်ဘူး။ သီအိုရီကို တီးမိခေါက်မိဖို့ လိုအပ်တယ်။ ''ဆင်ကန်းတောတိုး'' နေတာမျိုးက သိပ်နစ်နာလှတယ်။ ကျွန်တော်က ကျောင်းဆရာ မို့ ဒီလိုပဲ ပြောမှာ မြင်မှာလို့ သုံးသပ်ကြမှာ။ ဝေဖန်လည်း ခံရ ပါတယ်။ သီအိုရီပဲ နားလည်တယ်။ လက်တွေ့ကို မသိဘူးလို့ ပြောကြတယ်။ သီအိုရီပဲ နားလည်တာကို အသိအမှတ်ပြုတာ ကိုပဲ ကျေနပ်ရပါတယ်။ သီအိုရီအခုထက် ပိုတတ်အောင် အမြဲ ကြိုးစားတယ်။

အမှန်တော့ သီအိုရီတွေ ဘယ်ကလာသလဲ ဆိုတာကို မေ့နေကြလို့ဖြစ် တယ်။ သီအိုရီတွေဟာ လက်တွေ့ ဘဝကို စနစ်တကျ သုတေသနပြုပြီး တွေ့ရှိချက်တွေကို အနှစ်ချုပ်တာက သီအိုရီ။ လက်တွေ့နဲ့ သီအိုရီ အပြန်အလှန် ဆက်နေတာသာဖြစ်တယ်။ ဒါကြောင့်လည်း ကျွန်တော်ဟာ ကုမ္ပဏီတွေ၊ လုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဖို့ အစဉ်ကြိုးစားတယ်။ လက်တွေ့မှာ ရင်ဆိုင်နေရတဲ့ ပြဿနာ တွေကို လေ့လာတယ်။ ဒီသုံးသပ်မှုတွေကို မိမိသင်ယူထားတဲ့ သီအိုရီတွေနဲ့ ထင်ဟပ်ပြီး သုံးသပ်တယ်။ ဆင်ခြင်တယ်။ ဝန်ထမ်းတစ်ဦးရဲ့ဘဝမှာ အရေးအကြီးဆုံးပြောင်းလဲမှုက မန်နေဂျာရာထူး ရတဲ့အချိန်ဖြစ်တယ်။ တစ်ချိန်က အခြား လူတွေရဲ့ လက်အောက်မှာ တာဝန်ယူခဲ့ပြီး အခုတော့ သူများကို စီမံခန့်ခွဲတဲ့နေရာကို ရောက်ခဲ့ပြီ။ တစ်ဖက်က စိတ်လှုပ်ရှားစရာ၊ ဝမ်းသာစရာ၊ ကျေနပ်စရာဖြစ်ပေမယ့် တစ်ဖက်ကလည်း ထိတ်လန့်စရာ၊ စိုးရိမ်စရာ ပြောင်းလဲမှုဖြစ်တယ်။ တစ်ချိန်က မိမိမှာ တာဝန်မရှိဘဲ တာဝန်ပေးမှုကို ကျေကျေပွန်ပွန်လုပ်ရုံနဲ့ လုံလောက်တယ်။ အခုတော့ တာဝန်ကို ယူရတဲ့၊ တာဝန်ကို ခံရတဲ့အနေအထားဖြစ်နေပြီး စီမံခန့်ခွဲမှုတာဝန်ကို စတင် ယူကြတဲ့သူတွေကို ကျွန်တော့်ရဲ့ အတွေ့အကြုံကို အခြေခံပြီး အကြံပြုချင်ပါတယ်။ အခြေခံ မူ(၅)ချက်ကို ဆုပ်ကိုင်ထား စေချင်ပါတယ်။

ပထမဆုံးအချက်က စီမံခန့်ခွဲမှုတာဝန်နဲ့ပတ်သက်ပြီး အတွေးအမြင်၊ အယူအဆမှန်ကန်ဖို့ လိုအပ်ပါတယ်။ အခုဆိုရင် မိမိရဲ့ ရာထူးကြောင့် လက်အောက်ငယ်သားတွေကို ခိုင်းစေ ခြင်း၊ တာဝန်ပေးနိုင်စွမ်းရှိနေပြီဖြစ်တယ်။ ကိုယ့်ရဲ့အဓိက တာဝန်က မိမိရဲ့ လက်အောက်ငယ်သားတွေကို မိမိနဲ့အတူ ဆွဲဆောင်အားပေးဖို့ ဖြစ်တယ်။

ခေါင်းဆောင်တစ်ဦးဖြစ်တာမို့ ကိုယ့်အတွက် မဟုတ်တော့ဘဲ မိမိရဲ့ လက်အောက်ငယ်သားတွေ အတွက်ဖြစ်တယ်။
သူတို့ရဲ့ တိုးတက်မှုကို အမြင်အာရုံထားပြီး တစ်နေ့ကျရင် မိမိရဲ့ နေရာမှာ အစားထိုးနိုင်အောင် ပြုစုပျိုးထောင်ရမှာ ဖြစ်တယ်။ မိမိရဲ့ အတွေ့အကြုံတွေကို မျှဝေပြီး သူတို့အတွက် အမြဲရပ်တည်နိုင်အောင် ကြိုးစားရမှာဖြစ်တယ်။ ဒုတိယ အချက် ကတော့ နေ့စဉ်ဆောင်ရွက်ရမယ့် စီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှု တာဝန်တွေကို ဆောင်ရွက်ရမှာဖြစ်တယ်။ ကာလရှည် ရည်မှန်းချက်က ထူးချွန်တဲ့၊ ပြောင်မြောက်တဲ့အဖွဲ့ကို ဖန်တီး တည်ဆောက်ဖို့ ဖြစ်တယ်။ ဒီနေရာမှာ ကိုယ့်ထက်ထူးချွန်တဲ့ သူတွေကို မွေးထုတ်နိုင်ဖို့ လိုအပ်တယ်။ စီမံခန့်ခွဲသူဟာ နောက်လိုက်တွေ အထင်ကြီးတဲ့ အားကျတဲ့နမူနာပြပုဂ္ဂိုလ် ဖြစ်အောင် ရပ်တည်ရမယ်။ အဖွဲ့အစည်းရဲ့ ရှားပါးလှတဲ့ စွမ်းအားစုတွေကို စနစ်တကျခွဲဝေတတ်ဖို့ လိုအပ်တယ်။ ငွေကြေးဆိုင်ရာ စီမံမှု၊ ခွဲဝေသုံးစွဲမှုကိုလည်း သတိပြုရမယ်။

ဒီနေရာမှာ ကုန်ကျစရိတ်နဲ့ပတ်သက်ပြီး မှန်ကန်တဲ့ အယူအဆရှိဖို့ လိုအပ်တယ်။ စရိတ်သက်သာဖို့ ဦးတည်ချက် တစ်ခုနဲ့ နေရာတိုင်းမှာ ဆုံးဖြတ်လို့ မဖြစ်ဘူး။ စရိတ်သက်သာမှု ကို ဦးစားပေးရင် ရေရှည်မှာ အကျိုးဆိုးယုတ်နိုင်တယ်။ ဒါကြောင့် သီအိုရီမှာ စရိတ်(cost) တစ်ခုတည်း မကြည့်ဘဲ စရိတ်နဲ့ ထိရောက်မှု (cost effectiveness) ကို ချိန်ဆဖို့ သတိပေးတာ။ ဈေးပေါတာကို ဝယ်မိ သုံးမိရင် ရေရှည်မှာ အခက်အခဲတွေ့နိုင်တယ်။ ဒီလိုပြောလို့ စရိတ်ကို မကြည့်ဘဲ ဖြုန်းတာကို မဆိုလိုပါဘူး။ ကုန်ကျစရိတ်နဲ့ ပြန်ရချက်ကို ချိန်ထိုးနိုင်ဖို့ လိုအပ်တယ်။ စီးပွားရေးသီအိုရီမှာ အထက်မြက် ဆုံး အယူအဆတစ်ခုက အခွင့်အလမ်းစရိတ် (opportunity cost) ပဲ ဖြစ်တယ်။ ကုန်ကျစရိတ်ကို စဉ်းစားတဲ့အခါ အိတ်ထဲက စိုက်ထုတ်တဲ့ငွေ (out-of-pocket) ကိုသာ မစဉ်းစားသင့်ဘဲ တစ်နေရာမှာသုံးရင် တခြားနေရာမှာ မသုံးနိုင်မယ်ဆိုတာ အသိအမှတ်ပြုရမယ်။ ကျောင်းတစ်ကျောင်းဆောက်တဲ့ စရိတ်ဟာ ဒီကျောင်းကိုဆောက်လို့ ကုန်တဲ့ငွေသာမကဘဲ ဒီကျောင်းဆောက်တဲ့ငွေကို ဆေးရုံဆောက်ဖို့ မသုံးနိုင်တော့ တာမို့ စွန့်လွှတ်လိုက်ရတဲ့ အခွင့်အလမ်းကို ထည့်တွက်ရမှာသာ ဖြစ်တယ်။

စီမံခန့်ခွဲမှုမှာ အရေးကြီးဆုံးက ရလဒ်ကို အခြေခံဖို့ လိုတဲ့အချက်ဖြစ်တယ်။ လုပ်နေတယ်။ ကြိုးစားနေတယ် အားထုတ်နေတယ်ဆိုတာနဲ့ မလုံလောက်ဘူး။ ဒီလို ဆောင်ရွက် တဲ့အတွက် ရလဒ်ကဘာလဲ၊ ဘယ်လိုအကျိုးရသလဲ။ ဒီလိုမပြနိုင်ရင် အချည်းနှီးဖြစ်တယ်။ ရလဒ်မပါဘဲ စီမံလို့ မဖြစ်ဘူး။ စီမံခန့်ခွဲသူတစ်ဦးမှာ သူ့ရဲ့အချိန်ဟာ တန်ဖိုးအရှိဆုံး အရာဖြစ်တယ်။ သူ့ရဲ့အချိန်ကို တန်ဖိုးထားရမယ်။ ချွေတာရမယ်။ သူ့မှာ ၂၄ နာရီပဲ ရှိတယ်။ ဒီတော့ ဘယ်အလုပ်ကို လုပ်မလဲ၊ ဘာကိုအာရုံပြုမလဲဆိုတာက ဦးစားပေးမှုအပေါ် မူတည်တယ်။ မိမိရဲ့အချိန်ကို အရေးကြီးတဲ့အလုပ်တွေအပေါ်အာရုံပြုရမယ်။
အားထုတ်ရမယ်။ အရေးပေါ်တာတွေနဲ့ အချိန်မဖြုန်းသင့်ဘူး။ အခုတော့ အားလုံးဟာ အရေးပေါ်တာတွေနဲ့ အချိန်ကုန်နေတာ မို့ အရေးကြီးတဲ့အလုပ်တွေကို ဂရုမစိုက်နိုင်တော့ဘူး။
တတိယအခြေခံမူက ဆက်သွယ်ဆက်ဆံမှုဖြစ်တယ်။ စီမံခန့်ခွဲသူဟာ ကြည်လင်ပြတ်သားစွာ ပြောတတ်၊ ဆိုတတ်၊ တင်ပြတတ်ဖို့ လိုအပ်တယ်။ ကိုယ့်ရဲ့ တင်ပြချက်တွေကို ရှင်းလင်းအောင် ဆောင်ရွက်ရမယ်။ တစ်ဖက်ကလည်း နားထောင်တဲ့အင်အားရှိရမယ်။ ကိုယ်ကသာပြောပြီး ကျန်တဲ့သူပြောတာတွေကို ဂရုမစိုက်တာ၊ အလေးမထားတာ မဖြစ်သင့်ဘူး။ အခွင့်အရေးရတိုင်း မိမိလုပ်ငန်းအဖွဲ့ အစည်းရဲ့ ဦးတည်ချက်၊ ရည်ရွယ်ချက်တွေကို တင်ပြပေးရမယ်။

ဘာကြောင့် သူတို့တစ်တွေ အလုပ်လာနေတာကို သိအောင် လုပ်ရမှာသာ ဖြစ်တယ်။ အရေးကြီးတာက ဦးစားပေးမှုကို ပြတ်ပြတ်သားသား ရွေးချယ်ဖော်ထုတ်ဖို့ ဖြစ်တယ်။ အများဆုံး ငါးခုထက်မပိုသင့်ပါ။ အသစ်တစ်ခုကို စဉ်းစားမယ်ဆိုရင် ရှိရင်းစွဲငါးခုထဲက တစ်ခုကို ပယ်ဖျက်ရမှာဖြစ်တယ်။ အခုလို အာရုံစူးစိုက်မှုရှိမှ လိုချင်တဲ့အဖြေရလဒ် ရနိုင်မှာဖြစ်တယ်။

စတုတ္ထအချက်က မိမိနဲ့အတူ အလုပ်လုပ်တဲ့သူတွေ အားလုံးသဘောတူ လက်ခံမယ့် တန်ဖိုးထားမှုတွေ၊ စံတွေကို သတ်မှတ်ဖို့ လိုအပ်တယ်။ အမှန်တရားကို မြတ်နိုးမှု၊ မိမိ အကြောင်း မိမိသိအောင် ဆန်းစစ်မှု၊ ကရုဏာတရားမြင့်မားမှု တို့ကို မိမိနဲ့အတူ အလုပ်လုပ်နေကျတဲ့သူတိုင်း လက်ခံ သဘောတူဖို့ လိုအပ်ပါတယ်။ လူတစ်ယောက်ကို မဝေဖန်မီ ကိုယ်ချင်းစာတရားရှေ့ထားပြီး ပြုမူဆောင်ရွက်သင့်ပါတယ်။ အောင်မြင်မှုကို ပြောတဲ့နေရာမှာ နေရာတိုင်းမှာ အနိုင်ယူခြင်း မဟုတ်ကြောင်း သိဖို့လိုတယ်။

နောက်ဆုံးအခြေခံမူက စီမံခန့်ခွဲသူဟာ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနိုင်စွမ်းရှိရမယ်။ ပြီးပြည့်စုံမှုမရှိဘူး ဆိုတာလက်ခံရမယ်။တစ်ဖက်က နှိမ့်ချသလို တစ်ဖက်ကလည်း သတ္တိရှိရမယ်။ မလျှော့တဲ့စိတ်ရှိရမယ်။ ခေါင်းမာရမယ်။ အရာရာတိုင်းအတွက် မိမိမှာ အဖြေမရှိနိုင်ဘူးဆိုတာကို အသိအမှတ်ပြုရမယ်။

အမှန်တော့ စီမံခန့်ခွဲမှုတာဝန်ကို စဉ်းစားရင်း ဘဝတစ်ခုနဲ့ နှိုင်းယှဉ်လို့ရတယ်။ ကိုယ်တတ်နိုင်သမျှကို လုပ်ပြီး မတတ်နိုင် တာကိုလည်း အသိအမှတ်ပြုရမှာသာဖြစ်တယ်။ စီမံခန့်ခွဲမှု တာဝန်ဟာ မလွယ်ကူပါဘူး။ ကိုယ့်ရဲ့လက်အောက်တွေကို တစ်ဖက်က စီမံရသလို ကိုယ့်ကိုယ်ကိုယ်လည်း စီမံဖို့ လိုအပ် တယ်။ ကျွန်တော်ဟာ စီမံခန့်ခွဲမှုပညာကို မြတ်နိုးတယ်၊ လေးစားတယ်၊ ချစ်တယ်။ မန်နေဂျာတစ်ယောက်ရဲ့ အလုပ် တာဝန်ဟာ မလွယ်ကူလှပါဘူး။

ဒီတာဝန်တွေယူနေတဲ့အချိန် လက်တွေ့အလုပ်တွေနဲ့ ဖိစီးနေမယ့်အစား အချိန်ယူပြီး လေ့လာစေချင်တယ်။ ဆည်းပူးစေချင်တယ်။ လှုပ်ရှားဖို့ လိုသလို ဆန်းစစ်သုံးသပ်နိုင်ဖို့လည်း အရေးကြီးလှတယ်။ မိမိရဲ့ ဝန်ထမ်းတွေကို အမိန့်ပေးပြီး စီမံတာမျိုးမဖြစ်ဘူး။ သူတို့ ဆန္ဒအရ မိမိနဲ့လက်တွဲပြီး အဖွဲ့အစည်းရဲ့ ရည်မှန်းချက်တွေ အောင်မြင်မှုရအောင် စည်းရုံးရမှာဖြစ်တယ်။ မိမိဝန်ထမ်း တွေဟာ ကိုယ်ကျိုးသာကြည့်တတ်သူတွေမဟုတ်ဘဲ အများ အကျိုးအတွက် ဆောင်ရွက်လိုစိတ်ရှိတာကို အသိအမှတ်ပြု ရမှာဖြစ်တယ်။ မိမိဝန်ထမ်းတွေရဲ့ အောင်မြင်မှုဟာ ကိုယ့်ရဲ့ အောင်မြင်မှုဖြစ်တာကို အစဉ်အမြဲ မှတ်ယူရမှာဖြစ်ပါတယ်။

Source

မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ်



မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှု ဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲ (Forum on Myanmar Democratic Transition) တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် အဖွင့်မိန့်ခွန်း

မြန်မာ့ဒီမိုကရေစီကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် အဖွင့်မိန့်ခွန်းအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

ကျွန်မက လက်ခုပ်တီးခိုင်းတာကိုမကြိုက်ဘူးနော်။ တီးချင်မှတီးရမှာ ဒါ ဒီမိုကရေစီပဲ။ လက်ခုပ် မတီးချင် တီးချင်နဲ့ တီးခိုင်းတာ ဒါဟာ ဒီမိုကရေစီနဲ့ မကိုက်ညီဘူးလို့ကျွန်မ ထင်ပါတယ်။ ဒါကျွန်မတို့ ပြောင်းလဲရမယ့် အစဉ်အလာတစ်ခုပေါ့။ ကျွန်မတို့ရဲ့ ဆွေးနွေးပွဲကို တက်ရောက်လာကြတဲ့ ဧည့်ပရိတ်သတ်အပေါင်းကို ကြိုဆိုပါတယ်။

ဒီနေ့ ကျွန်မတို့နိုင်ငံရဲ့ ဒီမိုကရေစီအသွင်ပြောင်းလဲမှုနဲ့ပတ်သက်လို့ ရှုထောင့်အမျိုးမျိုးကနေ ဆွေးနွေးကြမယ် ဝေဖန်ကြမယ် သုံးသပ်ကြမယ်လို့ ကျွန်မတို့နားလည်ပါတယ်။ ပြီးတော့ ကျွန်မအနေနဲ့ တော့ ပြုပြင်ပြောင်းလဲရေးကို ဘယ်လိုနားလည်မလဲဆိုတာကိုတော့ အနည်းငယ်ရှင်းပြချင်ပါတယ်။ ဘာဖြစ်လို့ ကျွန်မတို့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို လိုချင်ကြသလဲ။ ဘာဖြစ်လို့ ဒီလိုပြုပြင် ပြောင်းလဲရေးရရှိဖို့အတွက် ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ နှစ် (၃၀)နီးပါး ကြိုးပမ်း ခဲ့လဲ ဆိုတာဟာ တိုတိုပြောရမယ်ဆိုရင် ကျေးဇူးတရားအရ၊ သစ္စာတရားအရ၊ မေတ္တာစေတနာအရ ဖြစ်ပါတယ်။ ကျေးဇူးတရားအရဆိုတာ ကျွန်မတို့နိုင်ငံရဲ့ လွတ်လပ်ရေးအတွက် ကြိုးပမ်း ဆောင်ရွက် ခဲ့ကြတဲ့ အများအသိ ခေါင်းဆောင်ကြီးတွေသာမက အမည်မသိရဲဘော်တွေ၊ ပြည်သူတွေအတွက် ဖြစ်ပါတယ်။

ဒီလွတ်လပ်ရေးရအောင် ဆောင်ရွက်ပေးကြတဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာ ကျေးဇူးသိသောအားဖြင့် ကျွန်မတို့ လွတ်လပ်ရေးဟာ ခေါင်းဆောင်ကြီးများမျှော်မှန်းခဲ့သလို အမည်မသိပဲနဲ့ ကျဆုံးသွားရတဲ့ ကျွန်မတို့ရဲ့ ပြည်သူတွေရဲဘော်တွေ မျှော်မှန်းခဲ့သလိုဖြစ်ဖို့လုပ်ဖို့ဟာ တာဝန်တစ်ခုဖြစ်ပါတယ်။ ကျွန်မတို့ ဘာတွေ မျှော်မှန်းခဲ့လဲဆိုတာကို စဉ်းစားဖို့အများကြီးလိုပါတယ်။ ပန်းတိုင်တစ်ခုဆိုတာဟာ ပန်းတိုင်ကိုပဲ ကြည့်လို့ မဖြစ်ပါဘူး။ ပန်းတိုင်ကိုသွားတဲ့လမ်းကလည်း မှန်ဖို့လိုပါတယ်။ တစ်ချို့ကဆိုရင် ပန်းတိုင်ရောက်ရင်ပြီးရော ဘယ်လိုနည်းနဲ့သွားသွားဆိုပြီး မြင်ကြပါတယ်။ ကျွန်မကတော့ ဒီလိုမမြင်ပါဘူး။ ပန်းတိုင်ကို သွားတဲ့လမ်းမှာ သွားပုံသွားနည်း မမှန်ကန်လို့ရှိရင် ပန်းတိုင်ကို ရောက်သွားတဲ့အခါကျရင် ကိုယ်မျှော်မှန်းသလို မဖြစ်တတ်ပါဘူး။ ပန်းတိုင်ကိုက ပုံပျက်ပန်းပျက်၊ ဂုဏ်သိက္ခာမဲ့ ဖြစ်သွားနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရောက်အောင်လာခဲ့တဲ့ လမ်းက ဂုဏ်သိက္ခာမဲ့ခဲ့လို့ဆိုရင် ဒီလိုပဲဖြစ်မှာပဲ။ ဒါကြောင့် ပန်းတိုင်ရောက်အောင် လုပ်တဲ့နည်းတွေကလည်း မှန်ကန်ဖို့လိုတယ်။ သိက္ခာရှိဖို့လိုတယ်။

ကျွန်မတို့ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဟာ ရည်ရွယ်ချက်မှန်သလို၊ လုပ်ပုံလုပ်နည်း လမ်းစဉ်လည်း မှန်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ အများပြောလေ့ရှိပါတယ်။ ကိုယ်ပိုင်အစိုးရဟာ မလုံလောက်ဘူး ကောင်းတဲ့အစိုးရဖြစ်ဖို့ လိုတယ်ဆိုတာပါ။ ဒီတော့ ကျွန်မတို့ရဲ့ ပြည်သူပြည်သားများ လွတ်လပ်ရေးအတွက် တိုက်ခိုက်ကြတဲ့နိုင်ငံသူနိုင်ငံသားတွေဟာ ဘာကြောင့် လွတ်လပ်ရေး လိုချင်ကြ လဲဆိုတာကို ပြန်ပြီးစဉ်းစား မယ်ဆိုရင် ဒသာနိကအမြင်နဲ့ ကျွန်မမပြောပါဘူး။ ဒသာနိက အမြင်နဲ့ ပြောမယ်ဆိုရင် ဘယ်တော့မှဆုံးမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လူသားများဟာ လွတ်လပ်ခြင်းကို တမ်းတသလဲဆိုတာ။ ဘယ်လို မျှော်မှန်းချက်တွေနဲ့ လုပ်ဆောင်ခဲ့သလဲဆိုတာကို စဉ်းစားဖို့လိုပါတယ်။ စဉ်းစားတဲ့နေရာမှာ ကျွန်မတို့ရဲ့ နိုင်ငံတော် သီချင်းကိုကြည့်သလို နိုင်ငံတော်သီချင်းရဲ့ အခြေခံဖြစ်တဲ့ အရင်တုန်းက လွတ်လပ်ရေး ကာလတုန်းက တို့ဗမာသီချင်းနဲ့လည်း ပြန်ပြီးတော့ ကြည့်လိုက်ပါတယ်။ လွတ်လပ်ရေးကာလတုန်းက သီချင်းရဲ့ အနောက်မှာရှိတဲ့အင်အားကတော့ တော်လှန်ရေးအင်အား၊ တော်လှန်ချင်တဲ့စိတ်နဲ့ ရေးတယ်လို့ ပြောလို့ရပါတယ်။

လွတ်လပ်ရေးရပြီးတဲ့အခါ ကျွန်မတို့ရဲ့နိုင်ငံတော်သီချင်းဟာ တည်ဆောက်ချင်တဲ့စိတ်နဲ့ ရေးထားတဲ့ သီချင်း ဖြစ်ပါတယ်။ ဥပမာဆိုလို့ရှိရင် တို့ဗမာသီချင်းမှာဆိုရင် “နောင်လာနောင်သားကောင်းစားဖို့ရာ တို့ကိုယ်ကျိုး လုံးလုံးမပါတဲ့” နောင်လာနောင်သားကောင်းစားဖို့ရာ လွတ်လပ်ဖို့လိုတယ် တို့နိုင်ငံ လွတ်လပ်မှ တို့နောင်လာ နောင်သားတွေ ကောင်းစားနိုင်မယ်ဆိုပြီးတော့ ဒီလိုရည်ရွယ်ချက်တွေနဲ့ မလွတ်လပ်တဲ့အခြေအနေ ကနေပြီးတော့ လွတ်လပ်တဲ့အခြေအနေကိုရောက်ဖို့နဲ့ ပြုပြင်ပြောင်းလဲဖို့ ရုန်းကန်ခဲ့ကြတာဖြစ်ပါတယ်။

ဒီတော့ ကျွန်မတို့လွတ်လပ်ရေးရသွားတဲ့အခါကျတော့ ဘယ်လိုနိုင်ငံတော်ကြီးကို မျှော်မှန်းသလဲဆိုတာ ကျွန်မတို့ရဲ့နိုင်ငံတော်သီချင်းထဲမှာ ရှင်းရှင်းလင်းလင်းပါပါတယ်။ “တရားမျှတလွတ်လပ်ခြင်းနဲ့မသွေ” ကျွန်မသိပ်ပြီး သဘောကျတယ်။ တရားမျှတမှုနဲ့စတာနဲ့ လွတ်လပ်ရုံနဲ့ မလုံလောက်ဘူး။ တရားမျှတမှု ရှိမှ လွတ်လပ်ရကျိုးနပ်မှာဖြစ်ပါတယ်။“များလူခပ်သိမ်းငြိမ်းချမ်းစေဖို့၊ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ပြည်” တဲ့ များလူအားလုံးကနေပြီးတော့ ငြိမ်းချမ်းရမယ်၊ ငြိမ်းချမ်းရေးအရေးကြီးတယ်၊ ခွင့်တူညီမျှသာ ရမယ်။ နိုင်ငံသူနိုင်ငံသားအားလုံးဟာ တူညီတဲ့အခွင့်အရေးတွေရကြရမယ်။ ဝါဒဖြူစင်တဲ့မြေတဲ့ ရိုးသားဖြူစင်ဖို့လိုတယ်။ စောစောက ကျွန်မပြောသလိုပေါ့ ဂုဏ်သိက္ခာရှိဖို့ အင်မတန်မှ အရေးကြီး ပါတယ်။ အဲ့တော့ ကျွန်မတို့ရဲ့နိုင်ငံဟာ လွတ်လပ်ရေးရပြီး ဖြူးဖြူးဖြောင့်ဖြောင့်တော့ မဟုတ်ခဲ့ပါဘူး။ ပြောင်းလဲရေးဆိုတာ အကောင်းဘက်ပြောင်းလဲတာလဲရှိသလို။ အဆိုးဘက် ပြောင်းလဲတာလည်း ရှိနိုင်ပါတယ်။

ကျွန်မတို့နိုင်ငံဟာ အစတုန်းကတော့ ဒီမိုကရေစီစံနှုန်းစံထားတွေနဲ့ စခဲ့ပေမယ့် လမ်းလွဲခဲ့တာတွေလည်း ရှိပါတယ်။ ဒါတွေကိုပြန်ပြီးတော့ တည့်မတ်ဖို့ဆိုပြီးတော့ ကျွန်မတို့ဟာ ဒီမိုကရေစီအရေးတော်ပုံကြီး လမ်းစဉ်ကို လျှောက်ခဲ့တာပါ။ ငြိမ်းချမ်းတဲ့နည်းနဲ့၊ အကြမ်းမဖက်တဲ့နည်းနဲ့ ဝါဒဖြူစင်တဲ့နည်းလို့ ပြောရမှာပေါ့။ ကျွန်မတို့ ယုံကြည်ချက်အရ ကျွန်မတို့ရဲ့ လွတ်လပ်ရေးဖခင်ကြီးများ၊ လွတ်လပ်ရေး အတွက် စတေးခဲ့ကြတဲ့ ကျွန်မတို့သာမန်ပြည်သူပြည်သားများရဲ့ မျှော်မှန်းချက်တွေနဲ့ ကိုက်ညီအောင် ဖြူစင်ဝါဒနဲ့ တရားမျှတတဲ့ လွတ်လပ်မှုရအောင်၊ တရားမျှတတဲ့ဒီမိုကရေစီစနစ်တစ်ခု ထူထောင်နိုင် အောင် ကျွန်မတို့တွေ ကြိုးပမ်းခဲ့ကြတာဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲရေးဆိုတာ ဘယ်တော့မှ မလွယ်ပါဘူး။ မှန်မှန်ကန်ကန်လုပ်ဖို့ဆိုတာကလည်းလွယ်တာ မဟုတ်ပါဘူး။

ကျွန်မတို့ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ ဒီနေ့လိုဆွေးနွေးပွဲလုပ်တယ်ဆိုတာ အင်မတန်မှ လိုအပ်ပါတယ်။ အင်မတန်မှလည်း သင့်တော်ပါတယ်။ ကျွန်မတို့ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေဟာ ဘာတွေလဲဆိုတာကို အဖက်ဖက်ကကြည့်ဖို့လိုပါတယ်။ တခြားကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံအများကလည်း ပြုပြင်ပြောင်းလဲရေးလမ်းကို ဖြတ်ကျော်ခဲ့ရပါတယ်။ ဒါပေမဲ့ သူတို့ရဲ့တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံနဲ့ ကျွန်မတို့ရဲ့အတွေ့အကြုံတွေကတော့ ထပ်တူထပ်မျှ တူနိုင်မှာ မဟုတ်ပါဘူး။ ထပ်တူထပ်မျှမဟုတ် ပေမယ့် ယူစရာ သင်ခန်းစာများကတော့ ယူတတ်လို့ရှိရင် ရမယ်လို့ထင်ပါတယ်။

ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်လို့ရှိရင် ဒီဆွေးနွေးပွဲတွင် ဆွေးနွေးမယ်ဆိုပြီးတော့ သတ်မှတ်ထားတဲ့ ကိစ္စရပ်တွေရှိပါတယ်။ သတ်မှတ်ထားတဲ့ကိစ္စရပ်တွေမှာဆိုရင် ကျွန်မတို့ရဲ့ ပြုပြင်ပြောင်းလဲရေး အတွက် ဘာတွေက အရေးကြီးလဲဆိုတာကို စဉ်းစားပြီးတော့ သတ်မှတ်တယ်လို့ ကျွန်မထင်ပါတယ်။ ပြုပြင်ပြောင်းလဲရေးလုပ်တဲ့နေရာမှာ ဘက်စုံကြည့်ရမယ်လို့ ကျွန်မပြောထားခဲ့ပါတယ်။ အခု ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးတော့ ဒီ Forum မှာဆိုရင် စစ်ဘက် အုပ်ချုပ်မှုမှ အရပ်ဘက်အုပ်ချုပ်ရေးသို့၊ ဗဟိုဦးစီးစနစ်မှ ဈေးကွက်စီးပွားရေးသို့၊ စစ်ပွဲမှသည် ငြိမ်းချမ်းရေးဆီသို့ ဆိုပြီးတော့ ဒီလိုခေါင်းစဉ်တွေကို ဆွေးနွေးမှာဖြစ်ပါတယ်။ ကျွန်မကတော့ ပထမဦးဆုံး အရေးကြီးတဲ့ ငြိမ်းချမ်းရေးကိစ္စကို ပြောချင်ပါတယ်။ ကျွန်မတို့ပြောင်းလဲရာမှာ ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ လွတ်လပ်ရေးမရခင်ကစပြီးတော့ ပြည်တွင်းစစ်မီးတွေ မငြိမ်းနိုင်တဲ့ ကျွန်မတို့နိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့ဆိုတာ ပထမဦးဆုံး အရေးကြီးဆုံးကိစ္စလည်း ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ဦးစားပေးလုပ်ငန်းတစ်ခုလည်းဖြစ်ပါတယ်။

တချို့တွေကတော့ ဖွံ့ဖြိုးရေးကသာ အရေးကြီးတယ်။ ဖွံ့ဖြိုးရေးရလို့ရှိရင် အလိုလို ငြိမ်းချမ်းရေး ရမယ်ဆိုပြီး ပြောတဲ့သူတွေရှိပါတယ်။ ဒီအမြင်ကို ကျွန်မသဘောမတူပါဘူး။ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးဟာ ခွဲပြီးတော့ ကြည့်လို့မရပါဘူး။ ငြိမ်းချမ်းရေး မရလို့ရှိရင် ဖွံ့ဖြိုးရေးဆိုတာကလည်း တည်တံ့ ခိုင်မြဲနိုင်မှာ မဟုတ်ပါဘူး။ ဖွံ့ဖြိုးရေးမရှိလို့ရှိရင် ငြိမ်းချမ်းရေးကလည်း တည်တံ့ခိုင်မြဲနိုင်မှာ မဟုတ်ပါဘူး။ ဒီနှစ်ခုစလုံးအတွက် ကျွန်မတို့ကြိုးစားဖို့လိုပါတယ်။ ဒါကြောင့် ကျွန်မတို့ဟာ ဒီနိုင်ငံမှာ ပြည်တွင်းစစ်ငြိမ်းသွားဖို့ဆိုတာကို ဦးစားပေးပြီးတော့ ဆောင်ရွက်နေတာပါ။ ပြည်တွင်းစစ်ငြိမ်းဖို့ လုပ်တာနဲ့ ကျွန်မတို့ရဲ့ တိုင်းရင်းသား ပြည်သူပြည်သားများအားလုံးအတွက် ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်နေတာ ဖြစ်ပါတယ်။ စီးပွားရေးပြုပြင် ပြောင်းလဲဖို့ ဆိုတာလည်း လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။

ကျွန်မတို့နိုင်ငံဟာ ပြောရရင် အချိန်နှောင်းနေတဲ့နိုင်ငံပါ။ ကျွန်မတို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေ အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့အချိန်တုန်းက ကျွန်မတို့ဟာ ဒီလိုတိုးတက်နိုင်ဖို့ကြိုးစားခွင့် မရခဲ့ပါဘူး။ ဒီတော့ ကျွန်မတို့က နောက်ကနေ လိုက်နေရတာဖြစ်ပါတယ်။ နောက်ကနေလိုက်ရ ပေမယ့်လည်း နောက်ကနေလိုက်ရခြင်းရဲ့ အကျိုးကျေးဇူးတွေ ရှိပါတယ်။ အဲဒါကတော့ ရှေ့ကသွားတဲ့ ပုဂ္ဂိုလ်များ၊ နိုင်ငံများရဲ့ အတွေ့အကြုံတွေကို ကြည့်ပြီးတော့ ကျွန်မတို့ သင်ခန်းစာယူဖို့ပဲရှိပါတယ်။ ကျွန်မတို့ဒီလို သင်ခန်းစာယူပြီးတော့ လုပ်သွားရတဲ့ နေရာမှာ အရေးကြီးဆုံးကိစ္စကတော့ စိ်တ်ဓာတ် ပဲလို့ ကျွန်မထင်ပါတယ်။ ကျွန်မတို့ ပြုပြင်ပြောင်းလဲရေးအတွက် စပြီးတော့ လှုပ်ရှားခဲ့တဲ့အခါမှာ ဒီမိုကရေစီအရေးတော်ပုံပေါ့နော်။ ဒီမိုကရေစီ အရေးတော်ပုံ အတွက် လှုပ်ရှားမှုကြီးလို့ခေါ်တဲ့နေရာမှာ ဒီမိုကရေစီတော်လှန်ရေးကြီးလို့လည်း တစ်ချို့က ခေါ်ဆိုကြပါတယ်။ ဒီတော့တော်လှန်ရေးဆိုတာ ကျွန်မ ခဏခဏပြောပါတယ်။ တကယ်တော့ ဒါဟာ စိတ်ဓာတ် တော်လှန်ရေးဖြစ်ရမယ်။

တကယ့် ဒီမိုကရေစီရဖို့ဆိုတာ ကျွန်မတို့က ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီတဲ့စိတ်ဓာတ်တွေ မွေးမြူနိုင် မှရမှာ၊ ဒီလိုမွေးမြူနိုင်မှ ကျွန်မတို့ရဲ့ ဒီမိုကရေစီဟာလဲ တည်တံ့ခိုင်မြဲနိုင်မှာဖြစ်ပါတယ်၊ ကျွန်မတို့ စိတ်ဓာတ်တွေ ပြုပြင်ဖို့လိုပါတယ်၊ Mindset ပေါ့နော်။ ကိုယ့်ရဲ့အတွေးအခေါ်၊ အမြင်၊ အနေအထား ရပ်တည်မှု အားလုံးပေါ့၊ ဒါတွေကို ကျွန်မတို့မပြုပြင်ဘဲနဲ့ ဒီမိုကရေစီကို ကျွန်မတို့နိုင်ငံအတွက် အကျိုးရှိအောင် လုပ်လို့ မရပါဘူး။

ဒီမိုကရေစီဆိုတာ အခွင့်အရေးတွေ ပါလာပါတယ်။ ကျွန်မတို့ ထပ်တလဲလဲပေါ့နော်။ အခွင့်အရေး နဲ့အတူ ပါဝင်နေပြီဆိုတာလဲ ထပ်တလဲလဲ ပြောလေ့ရှိပါတယ်။ ဒီအခွင့်အရေးတွေကို လုပ်တဲ့နေရာမှာ ကျွန်မတို့ အခုအစိုးရက တာဝန်ယူတဲ့ တစ်နှစ်ခွဲနီးပါးကာလအတွင်းမှာ တွေ့ရတယ်။ တစ်ချို့တွေက ဒီမိုကရေစီ အခွင့်အရေးတွေကို အပြုသဘောဆောင်တဲ့ပုံစံနဲ့ အပေါင်းလက္ခဏာ ဆောင်တဲ့ပုံစံနဲ့ သုံးစွဲကြတယ်။ တစ်ချို့တွေကတော့ ဒီလိုမဟုတ်ဘဲနဲ့ ဒီမိုကရေစီအခွင့်အရေးတွေကို အနုတ်လက္ခဏာ ဆောင်တဲ့ပုံစံနဲ့ သုံးစွဲနေတယ်။ ဘယ်သူတွေက ဘယ်လိုသုံးစွဲနေတယ်ဆိုတာတော့ ကျွန်မတို့ရဲ့ ပြည်သူပြည်သားတွေက သိမယ်လို့ ကျွန်မထင်ပါတယ်။ တချို့ဆိုလို့ရှိရင် ကျွန်မတို့နိုင်ငံမှာ ဒီမိုကရေစီ မရှိခဲ့တာ အင်မတန်ကြာလို့ ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားများဟာ ဒီမိုကရေစီနိုင်ငံရေး နားမလည်ဘူးလို့ ထင်ကြပါတယ်။ ဥပဒေအရ ၊ လုပ်ထုံးလုပ်နည်းအရ၊ အုပ်ချုပ်ရေးစနစ်အရ နားမလည်တာရှိ နိုင်ပါတယ်။ ဒါပေမယ့်လည်း ကျွန်မတို့ရဲ့ ပြည်သူပြည်သားများဟာ မှန်ကန်မှုနဲ့ မမှန်ကန်မှုကိုတော့ ခွဲခြားပြီးတော့ မြင်သည့်သူများပါတယ်။

ဒါ့ကြောင့်မို့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဟာ မှန်ကန်တဲ့ပုံစံနဲ့ သွားနေသလား၊ မသွားနေဘူးလား ဆိုတာ အသိဆုံးကတော့ ကျွန်မတို့ရဲ့ ပြည်သူပြည်သားတွေပါပဲ။ မှန်ကန်တဲ့ပုံစံနဲ့ သွားရင်တောင်မှ အားလုံးဟာ ချက်ချင်းလက်ငင်းကောင်းစားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ နေရာတိုင်းမှာလည်း အောင်မြင်မှုရဖို့ဆိုတာဟာ မဖြစ်နိုင်ပါဘူး။ ကျွန်မတို့ အဘက်ဘက်က ကြိုးစားရပါလိမ့်မယ်။ တချို့ကဆိုလို့ရှိရင် ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို အမြင်တစ်ခုတည်းနဲ့ပဲ မြင်ပါတယ်၊ တစ်ဖက်ကနေပဲ မြင်ပါတယ်၊ အဲဒီကျွန်မတို့ ငယ်ငယ်ကသင်ရတဲ့ မျက်မမြင်ပုဏ္ဍားကြီးခြောက်ယောက် နဲ့ ဆင်လိုပေါ့နော်၊ နှာမောင်းလေးကို ကိုင်ပြီးတော့ ဆင်ဆိုတာလဲ မြွေပါပဲဆိုပြီးတော့ အော်နေကြတာပဲ။ ခြေထောက်ကြီးကိုဖက်ပြီးတော့လဲ ဆင်ဆိုတာ သစ်ပင်ကြီးပါပဲလို့ အော်တဲ့သူကလည်း ဒီတိုင်းပဲ ဘယ်သူဘာပြောပြော သစ်ပင်ကြီးနဲ့ တူပါတယ်လို့ပဲ အော်နေမှာပဲ။ ဒီလိုကျွန်မတို့ ကြည့်လို့မရပါဘူး။ ဆင်ဆိုတာဘယ်လိုလဲလို့ သိချင်လို့ရှိရင် ဆင်တစ်ကောင်လုံးကိုကြည့်ဖို့လိုပါတယ်။ ဒီမျက်မမြင် ပုဏ္ဍားကြီးတွေလို တစ်နေရာကိုဘဲ ဖက်တွယ်ပြီးတော့ ဒီလိုနေပါတယ်လို့ ကျွန်မတို့ ပြောလို့မရပါဘူး။ ကျွန်မတို့နိုင်ငံရဲ့ တိုးတက်ရေးအတွက် ကြိုးပမ်းတဲ့အခါမှာ နိုင်ငံရဲ့တည်ငြိမ်ရေး၊ ဒီမိုကရေစီစနစ် အပြည့် အမြစ်တွယ်ရေးအတွက် ကြိုးပမ်းတဲ့နေရာမှာ ကျွန်မတို့က ဆင်တစ်ကောင်လုံးကို ကြည့်နိုင်တဲ့ စွမ်းအင်ရှိဖို့ရာ အင်မတန်မှအရေးကြီးပါတယ်။ စီးပွားရေးဘက်က ကြည့်ရမယ်။ နိုင်ငံရေးဘက်က ကြည့်ရမယ်။ လူမှုရေးဘက်ကကြည့်ရမယ်။ ကျွန်မတို့ နိုင်ငံမှာရှိတဲ့ ပြဿနာပေါင်းစုံဘက်က ကြည့်ရမယ်။ တစ်ဖက်တည်းကြည့်လို့မပါဘူး။ ကိုယ်ယုံကြည်တဲ့ ဘက်ကိုလည်း ကိုယ်ကနေပြီးတော့ ဦးစားပေးချင်တဲ့ဘက်ကိုလည်း ကြည့်လို့မရပါဘူး။ ဘယ်ဟာတွေကို ဦးစားပေးရမှာလဲ ဆိုတာကတော့ ဒါအစိုးရများက ဆုံးဖြတ်ဖို့တာဝန်ရှိမှာပါ။ တာဝန်အရ ဆုံးဖြတ်ချက်ချတဲ့ အခါမှာ ကျွန်မတို့ကတော့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ဖို့ မျှော်လင့်ပါတယ်၊ အကယ်၍ အမှားအယွင်းရှိတယ်ဆိုလို့ရှိရင်လည်း ပြင်ဖို့၊ ပြုပြင်ဖို့ ကျွန်မတို့အနေနဲ့ ဒီဟာသတ္တိရှိရှိနဲ့ ပြုပြင်သင့်တဲ့ဟာကိုပြုပြင်ရမှာဖြစ်ပါတယ်။

ဒီမိုကရေစီထူထောင်တယ်ဆိုတာဟာ ယဉ်ကျေးမှုတစ်ခုကို ထူထောင်တာပါလို့လည်း ကျွန်မ မကြာခဏ ပြောပါတယ်၊ ဒီမိုကရေစီ ယဉ်ကျေးမှုဆိုတာဟာ ပြည်သူတွေကနေစတာပါ၊ ယဉ်ကျေးမှုဆိုတာ လူ့အသိုင်းအဝိုင်းကနေစတာပါ ဖြစ်ပါတယ်။ အစိုးရကနေပြီးတော့ ချပေးတိုင်းဖြစ်တာ မဟုတ်ပါဘူး။ ဒါ့ကြောင့်မို့လို့ ကျွန်မတို့ ဒီမိုကရေစီထူထောင်တယ်ဆိုလို့ရှိရင် ပြည်သူတွေအားလုံးပါဝင်ဖို့ဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။ ကျွန်မတို့ စပြီးတော့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် စပြီး လှုပ်ရှားစဉ် အခါတုန်းက ပြောင်းလဲချိန်တန်ပြီဆိုပြီးတော့ ကျွန်မတို့ကနေပြီးတော့ ဒီဆောင်ပုဒ်အရ ရွေးကောက်ပွဲကို ယှဉ်ပြိုင်ခဲ့ပါတယ်။ အဲ့တုန်းက ကျွန်မပြောခဲ့ပါတယ် ပြောင်းလဲချိန်က တန်ရုံတင်မက အချိန်ပါလွန်နေပါပြီ။ ဒါပေမယ့်လည်း အမြန်ဆုံးဖြစ်အောင်တော့ ကျွန်မတို့ကြိုးစားရမယ်။ အခု ဒုတိယနှစ်ထဲ ရောက်လာတဲ့ အခါကျတော့ ကျွန်မတို့ ပြည်သူနဲ့အတူဆိုတဲ့ဆောင်ပုဒ်ကို ကျွန်မတို့ ကိုင်စွဲထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်လိုပြောင်းလဲမှုမျိုးမဆို တကယ်ခိုင်မာဖို့၊ တကယ်တည်တံ့ဖို့ဆိုလို့ရှိရင် ပြည်သူတွေမပါလို့ မဖြစ်ပါဘူး။ အစိုးရဆိုတာဟာ ဒီမိုကရေစီနည်းအရ ပြည်သူလူထုက ရွေးချယ်တင်မြောက်တဲ့ အစိုးရသာ ဖြစ်ရပါမယ်။ ပြည်သူလူထုက ရွေးချယ် တင်မြောက်တဲ့အစိုးရကသာ ပြည်သူနဲ့ နီးစပ်မှုရှိမယ်။ ပြည်သူတွေရဲ့ စိတ်နေစိတ်ထား၊ သဘောထား ၊ ဆန္ဒတွေကို လေးစားမယ်၊ နားလည်မယ်၊ တန်ဖိုးထားမယ်၊ အကောင်အထည်ဖော်ဖို့ အတတ်နိုင်ဆုံး ကြိုးစားရမှာဖြစ်ပါတယ်၊ ဒါကြောင့်မို့ ကျွန်မတို့အခု ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ပတ်သတ်ပြီး တော့ ဆွေးနွေးပွဲတွေ လုပ်တဲ့အခါမှာ လက်တွေ့ကျတဲ့ အဖြေတွေရှာဖို့ ကျွန်မအနေနဲ့တိုက်တွန်းချင် ပါတယ်။ နောက်ပြီးတော့လည်း ကျွန်မတို့ဟာ အတိတ်ကို သင်ခန်းစာယူဖို့သာ သုံးစွဲဖို့သာ အင်မတန်မှ အရေးကြီးပါတယ်။ ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုကို လျှောက်တဲ့လမ်းမှာဆိုလို့ရှိရင် အတိတ်ကိုမမေ့နိုင်လို့ အတိတ်ရဲ့သားကောင်အဖြစ်မှ လွတ်မြောက်အောင် မရုန်းကန်နိုင်လို့ ဒီလို ကိုယ့်ကိုကိုယ် လွတ်လပ်အောင် အတိတ်ကနေပြီးတော့ လွတ်လပ်အောင်မလုပ်နိုင်တဲ့ကိစ္စတွေကြောင့် အထစ်အငေါ့ တွေ အများကြီးဖြစ်ပါတယ်။ အတိတ်ဆို တာဟာ သင်ခန်းစာယူဖို့ပါပဲ။ ကျွန်မတို့အတွက် အရေးကြီးဆုံးကတော့ ပစ္စပ္ပုန်ပဲ ဖြစ်ပါတယ်။ ဒီလိုပစ္စပ္ပုန်မှာ ဒီမိုကရေစီအတွက် ရုန်းကန်တဲ့နေရာမှာ ကျွန်မခဏခဏပဲပြောပါတယ်။ ရိုးရိုးလေးစဉ်းစားပါ။ ကိုယ်တိုင်က ဒီမိုကရေစီအတွက် ဘာလုပ်နေလဲ။ ဘာလုပ်ပေးကြလဲ။ဒါဟာအစိုးရအဖွဲ့ဝင် တွေမှာတော့ အဓိက တာဝန်ရှိပါတယ်။ သို့သော်ငြားလည်း ပြည်သူပြည်သား တစ်ယောက်ချင်း တစ်ယောက်ချင်းမှာလဲ တာဝန်ရှိပါတယ်။

အစိုးရအဖွဲ့ဝင်တွေကို ပြောရမယ်ဆိုရင် ကိုယ်နဲ့သက်ဆိုင်တဲ့ တာဝန်တွေကို ကျေပွန်ရဲ့လား။ ကိုယ့်တာဝန်တွေကို ကျေပွန်တဲ့နေရာမှာ အမြင်ကျယ်ကျယ်နဲ့ ကျေပွန်အောင်ထမ်းဆောင်နေရဲ့လား။ ငါ့ဌာနက အောင်မြင်ရင်ပြီးရော ငါ့အလုပ် လုပ်လို့ရရင် ပြီးရော ကျန်တဲ့လူတွေ ဘယ်လိုဖြစ်ဖြစ် ဆိုတဲ့စိတ်ဓာတ်တွေနဲ့ ကျွန်မတို့လုပ်လို့မဖြစ်ပါဘူး။ အမြင်ကျယ်ဖို့ တာဝန်ကျေပွန်မှု အင်မတန် အရေးကြီးပါတယ်။ အစိုးရဘက်က တာဝန်မကျေလို့ရှိရင်၊ အမြင်မကျယ်လို့ရှိရင် ပြည်သူတွေဘက်က ဘယ်လိုလုပ်တာဝန်ကျေပွန်မလဲ။ ဘယ်လိုလုပ်အမြင်ကျယ်မှာလဲ။ အမြင်မကျယ်ဘူးဆိုလို့ရှိရင် ငြိမ်းချမ်းရေးရဖို့ဆိုတာ အင်မတန်ခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေးရဲ့အခြေခံဟာ တစ်ဦးနဲ့တစ်ဦး လေးစားခြင်း၊ တစ်ဦးအပေါ်တစ်ဦး နားလည်မှုရှိခြင်းပဲဖြစ်ပါတယ်။ ဒီလိုနားလည်မှုတွေ၊ လေးစားမှုတွေဟာ အမြင်ကျယ်တဲ့ပုဂ္ဂိုလ်တွေမှ ပြုစုပျိုးထောင်ပေးနိုင်တဲ့စိတ်ထားတွေ ဖြစ်ပါတယ်။ ငါသာမှန်တယ်၊ ငါကသာသိတယ်၊ ငါကသာတတ်တယ်၊ ငါကသာလုပ်နိုင်တယ်ဆိုတဲ့ စိတ်တွေရှိတဲ့ ပုဂ္ဂိုလ်များဟာ အမြင်ကျဉ်းတဲ့ပုဂ္ဂိုလ်များပါပဲ။ ဒီလိုအမြင်ကျဉ်းတဲ့ပုဂ္ဂိုလ်များဟာ အခြားပုဂ္ဂိုလ်တွေရဲ့ ခံစားချက်တွေ၊ ဆန္ဒတွေ၊ မျှော်လင့်မှုတွေကို ဘယ်တော့မှ နားလည်နိုင်မှာမဟုတ်ပါဘူး။ ဒီလိုနားလည်မှု မရှိနိုင်ရင် ကျွန်မတို့ နိုင်ငံရဲ့ညီညွတ်ရေးအတွက်၊ ကျွန်မတို့ နိုင်ငံရဲ့ငြိမ်းချမ်းရေး အတွက်၊ ကျွန်မတို့နိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုအောင်မြင်ရေးအတွက် ထိထိရောက်ရောက် လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။

ဒါကြောင့်မို့လို့ ကျွန်မအနေနဲ့ အခု ဒီပြုပြင်ပြောင်းလဲရေး ဆွေးနွေးပွဲကို တက်လာတဲ့သူတွေဟာ ပထမဦးဆုံးတော့ ကျေးဇူးတရားအရ၊ သစ္စာတရားအရ၊ စေတနာမေတ္တာအရ ကျွန်မစောစောက ပြောသွားသလို ကျေးဇူးတရားဆိုတာ ဆိုတာကတော့ ကျွန်မတို့ နိုင်ငံလွတ်လပ်ရေးရအောင် လုပ်ပေးခဲ့တဲ့ ပြည်သူပြည်သူများ ခေါင်းဆောင်ကြီးများအပေါ်မှာ ထားသင့်တဲ့ကျေးဇူးတရား၊ သစ္စာတရားဆိုတာကတော့ ကျွန်မတို့ ကိုယ့်နိုင်ငံအပေါ်မှာတင်မကဘူး၊ ကိုယ့်အပေါ်မှာကိုယ်ထား သင့်တဲ့ သစ္စာတရား၊ ကိုယ့်အပေါ်မှာ ကိုယ်သစ္စာစောင့်တယ်ဆိုတာ ကိုယ့်တာဝန်ကို ကျေပွန်အောင် လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ ကိုယ့်တာဝန်ကို မကျေပွန်တဲ့သူဟာ ကိုယ့်ကိုယ်ကို၊ ကိုယ့်အပေါ်ကို သစ္စာမရှိရာရောက်ပါတယ်။ နောက်တော့ စေတနာမေတ္တာဆိုတာကတော့ ကျွန်မတို့ရဲ့ ပြည်သူပြည်သား များ အားလုံးအပေါ်မှာ မေတ္တာထားရမယ်၊ စေတနာထားရမယ်။

ဒီမိုကရေစီရဲ့သဘောသဘာဝအရ အတိုက်အခံဆိုတာ ရှိတာပဲ။ ပြီးတော့ ခုဏက သစ္စာတရားဆိုတာ ကိုယ့်ပေါ်မှာကို ကိုယ့်တာဝန်ကို ကျေပွန်အောင် လုပ်ရုံတင်မကဘူး၊ ကိုယ်လုပ်တဲ့ကိစ္စတွေဟာ ဂုဏ်သိက္ခာရှိရှိလုပ်ဖို့နဲ့ အရေးကြီးပါတယ်။ ဂုဏ်သိက္ခာမရှိတဲ့အလုပ်တွေ လုပ်တယ်ဆိုတာ ကိုယ့်အပေါ် မှာကို သစ္စာမဲ့တာပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်သိက္ခာကျသွားတယ်ဆိုတာဟာ ကိုယ့်ကိုကိုယ် ထိခိုက်တာပဲ။ ဒါကြောင့်မို့ ကျွန်မတို့ ဒီမိုကရေစီစနစ်အတွင်းမှာဆိုလို့ရှိရင် တစ်ယောက်ကိုတစ်ယောက် လေးစားမှုမှာ အင်မတန်မှအရေးကြီးပါတယ်။ မတူညီတဲ့သဘောတရား တွေရှိပေမယ့်လည်း လေးလေးစားစား ဆက်ဆံနိုင်ဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။

ကျွန်မတို့ ပြည်သူပြည်သား အားလုံးအပေါ်မှာ မေတ္တာစေတနာထားမယ်ဆိုလို့ရှိရင် ကိုယ်နဲ့အမြင် မတူသူတွေ အပေါ်မှာလည်း မေတ္တာစေတနာထားဖို့ရာ လိုလားပါတယ်။ အမြင်မတူချင်းဟာ ကောင်းပါတယ်။ အားလုံးဟာ တစ်ပုံစံတည်း စဉ်းစားမယ်၊ တစ်ပုံစံတည်းပဲ တွေးမယ်ဆိုရင် တကယ်တော့ ဒါဟာ ဒီမိုကရေစီရဲ့ အနှစ်သာရနဲ့ မကိုက်ညီပါဘူး။ တစ်သွေးတစ်သံတစ်မိန့် ဆိုတာဟာ ဒီမိုကရေစီမဟုတ်ပါဘူး။ ဒီမိုကရေစီက တစ်သွေးတည်းတစ်သားတည်း ဖြစ်ဖို့ဆိုတာ ကောင်းပါတယ်။ တစ်သံတည်းထွက်ဖို့မလိုပါဘူး။ တစ်မိန့်ဆိုတာလည်း လုံးဝကို မသင့်လျော်ပါဘူး။ ဒီမိုကရေစီမှာဆိုရင် အသံတွေအမျိုးမျိုးထွက်ပေမယ့်လည်း အောက်ခြေအားဖြင့် တစ်သွေးတည်းတစ်သားတည်း ညီညွတ်မှုလိုပါတယ်။ ဒီတစ်သွေးတည်းတစ်သားတည်းညီညွတ်မှုကနေ ထွက်လာတဲ့ အသံအမျိုးမျိုးကို ညှိနိုင်ခြင်းဟာ ဒီမိုကရေစီရဲ့ စွမ်းရည်တစ်ခုပဲဖြစ်ပါတယ်။ အဲဒီလို ညှိလိုက်နိုင်ပြီး တဲ့အခါ အမိန့်အရမဟုတ်ဘဲနဲ့ အားလုံးက၊ အားလုံးကတော့ မဖြစ်နိုင်ဘူးပေါ့နော်။ လူ့သဘာဝအရ အများစုရဲ့ သဘောတူညီချက်အရ အဖြေတစ်ခုကိုဖော်ထုတ်ပြီးတော့ အကောင်အထည်ဖော်ဖို့ဆိုတာဟာ ဒီမိုကရေစီ ရဲ့ ရိုးရိုးလေးလမ်းစဉ်ပဲ ဖြစ်ပါတယ်။ ကျွန်မတို့ ဒီရိုးရိုးလေးလမ်းစဉ်ဆိုပေမယ့်လည်း လျှောက်လို့ ကတော့ အင်မတန်မှ ခက်ခဲပါတယ်။ ဒါကြောင့် ဒီနေ့ ကြွရောက်လာတဲ့ ပရိသတ်များအားလုံး၊ ဧည့်သည်တော်ကြီးများအားလုံး၊ ပါဝင်ဆွေးနွေးမယ့် ပုဂ္ဂိုလ်သူများအားလုံးဟာ ကျွန်မတို့ နိုင်ငံအတွက် အင်မတန်မှ ရိုးရှင်းသော်လည်း အင်မတန်မှခက်ခဲတဲ့လမ်းကြီးကို ဘယ်လိုအကောင်းဆုံး၊ အမြန်ဆုံးဖြတ်ကျော်နိုင်မလဲဆိုတဲ့ နည်းတွေကို ရှာကြပါလို့ ကျွန်မအနေနဲ့တိုက်တွန်းရင်း နဲ့ နိဂုံးချုပ် ပါတယ်။

၂၀၁၇ခုနှစ် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်

ပညာရေး ဝန်ကြီးဌာန
၂၀၁၇ခုနှစ် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်

Facebook:
https://www.facebook.com/moe.gov.mm/posts/1403763126397413

Website:
http://www.moe.gov.mm/?q=uni-ent-guide-2017

Download PDF: (3.5 MB)
http://www.moe.gov.mm/sites/default/files/Uni_Ent_Guide_2017.pdf

မင်္ဂလာရှိသော တွဲလက်များ

#PMI #Project #Management စီမံကိန်းစီမံခန့်ခွဲရေးအဖွဲ့အစည်း (Project Management Institute-PMI) သည် စီမံကိန်းများစီမံခန့်ခွဲရေး ပညာရပ် အတွက် ဖွင့်လှစ်ထားသည့် အမေရိကန်အခြေစိုက် အကျိုးအမြတ်မယူသော အဖွဲ့အစည်းဖြစ်ပါသည်။ စီမံကိန်း စီမံခန့်ခွဲရေးအဖွဲ့အစည်း (PMI) သည် က္ဘာမှအသိအမှတ်ပြုရသော စီမံကိန်းစီမံခန့်ခွဲမှုဆိုင်ရာ လမ်းညွှန် (A Guide to the Project Management Body of knowledge) ကို အကြိမ်ကြိမ်ပြုပြင်ထုတ်ဝေခဲ့သည်မှာ ၂၀၁၃ ခုနှစ်၌ ပဉ္စမအကြိမ်အထိ ပုံနှိပ်ထုတ်ဝေပြီးဖြစ်ပါသည်။ ဤလမ်းညွှန်ကို အမေရိကန်နိုင်ငံ၏ အမျိုးသားစံချိန်စံညွှန်းအဖြစ် အမေရိကန်နိုင်ငံလုံးဆိုင်ရာ စံချိန်စံညွှန်း အဖွဲ့အစည်း (American National Standards Institute-ANSI) က အသိအမှတ်ပြုသကဲ့သို့ နိုင်ငံတကာစံချိန် စံညွှန်းဆိုင်ရာအဖွဲ့အစည်း (International Organization for Standardization-ISO) ကလည်း နိုင်ငံတကာစံချိန်စံညွှန်းအဖြစ် အသိအမှတ်ပြုပြီးဖြစ်ပါသည်။ ယခုအခါ အဆိုပါ အမေရိကန်အခြေစိုက်စီမံကိန်း စီမံခန့်ခွဲရေးအဖွဲ့အစည်း (PMI) ၏ ပထမအဆင့်သင်ကြားရေး အစီအစဉ် (Certified Associate in Project Management-CAMP) ကို မြန်မာနိုင်ငံ စိုက်ပျိုးရေးတက္ကသိုလ် မှ ကျောင်းသား ကျောင်းသူတို့အား သင်ကြားပေးနိုင်ရန် စိုက်ပျိုးရေး သုတေသနဦးစီးဌာနနှင့် မြန်မာနိုင်ငံဘဏ္ဍာရေး စင်တာ (Myanmar Financial Centers-MFC) တို့က နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး ခဲ့ပြီးဖြစ်ပါသည်။ မြန်မာနိုင်ငံဘဏ္ဍာရေးစင်တာသည် မြန်မာနိုင်ငံ၌ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင် တို့ မွေးထုတ်ပေးရန် ရည်ရွယ်ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံအခြေစိုက် အဖွဲ့အစည်းဖြစ်ပါသည်။ မြန်မာနိုင်ငံ၏လူဦးရေ (၇၀) ရာခိုင်နှုန်းသည် လယ်ယာစိုက်ပျိုးရေးကဏ္ဍ အပေါ် မှီခိုနေရသည်ဖြစ်၍ လယ်ယာ စိုက်ပျိုးရေးဆိုင်ရာ စီမံကိန်းတို့ကို အရည်အသွေးမီမီ စီမံခန့်ခွဲပေးနိုင်မည့် ပညာရှင်တို့ လိုအပ်လျက် ရှိနေသည်မှာ အထင်အရှားဖြစ်ပါသည်။ ဤသင်ကြားရေးအစီအစဉ် (CAMP) သည် စိုက်ပျိုးရေးတက္ကသိုလ် ကျောင်းသား ကျောင်းသူတို့ကို စိုက်ပျိုးရေးဘွဲ့သာမက နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် PMI (VSA) ကိုပါ ပေးအပ်နိုင်မည် ဖြစ်ပါသည်။ ထိုမျှသာမက တိုင်းပြည်က အသေအချာလိုအပ်လျက်ရှိသော စီမံခန့်ခွဲမှုနည်းပညာတို့ကို ရရှိပွားများ စေမည်ဖြစ်ပါသည်။ စိုက်ပျိုးရေးဘွဲ့ရ ကျောင်းသား ကျောင်းသူတို့အနေဖြင့် စီမံကိန်းတို့ကို ကိုယ်တိုင်ရေးဆွဲ၊ ကိုယ်တိုင်စီမံခန့်ခွဲနိုင်ပါက တိုင်းပြည်အတွက် အကျိုးများမည်မှာ အသေအချာပင်ဖြစ်ပါသည်။ ဤပထမအဆင့်စီမံခန့်ခွဲမှုသင်တန်း (CAMP) ၌ သင်တန်းသူ သင်တန်းသားတို့ကို နာရီ ၃၀ ကြာအနီးကပ် ဖိဖိစီးစီး သင်ကြားပေး မည် ဖြစ်သကဲ့သို့ အင်တာနက်မှတစ်ဆင့် သင်တန်းသူ သင်တန်းသား တစ်ဦးချင်းစီကို တစ်နှစ်ကြာ သင်ကြားပေးသွားမည် ဖြစ်ပါသည်။ အဆိုပါ သင်တန်းသင်ကြားပို့ချမှုပုံစံကို ကြည့်ခြင်းဖြင့် ဤသင်တန်းက အရည် အသွေးမီ စီမံကိန်းရေးဆွဲသူတို့ မွေးထုတ်ပေးမည်ကို သိမြင်နိုင်ပါသည်။ သို့ဖြစ်ပါ၍ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနနှင့် မြန်မာနိုင်ငံဘဏ္ဍာရေး စင်တာ (MFC) တို့၏ ပူးပေါင်းဆောင်ရွက်မှုကို ကြိုဆိုဂုဏ်ပြု ပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။

 Source: မြန်မာ့အလင်း https://m.facebook.com/story.php?story_fbid=1272715799522950&id=318455204949019

Wiki

Download PDF