// //]]>

သတင်းထုတ်ပြန်ချက်


သတင်းထုတ်ပြန်ချက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများနှင့်စပ်လျဉ်း၍ ဆောင်ရွက်မည့် အစီအစဉ်ကို လက်မှတ်ရေးထိုးခဲ့ခြင်း
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၏ ဖိတ်ကြားချက်အရ ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတ နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အဘူလ်ဟတ်ဆန်မာမွတ်အလီ ခေါင်းဆောင်သော ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်မှ ၂၃ ရက်အထိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပါသည်။
၂။ ခရီးစဉ်အတွင်း ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်၊ မွန်းလွဲ (၄ ၀၀) နာရီတွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အဘူလ်ဟတ်ဆန် မာမွတ်အလီတို့သည် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများနှင့် စပ်လျဉ်း၍ ဆောင်ရွက်မည့် အစီအစဉ်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ ပါသည်။
၃။ ယင်းနောက် ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်၊ မွန်းလွဲ (၂ ၀၀) နာရီတွင် နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာအဘူလ်ဟတ်ဆန်မာမွတ်အလီ တို့သည် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများနှင့်စပ်လျဉ်း၍ ဆောင်ရွက်မည့်အစီအစဉ်ကို နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လက်မှတ်ရေးထိုးခဲ့ပါသည်။
၄။ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများနှင့်စပ်လျဉ်း၍ ဆောင်ရွက်မည့် အစီအစဉ် သည် ၁၉၉၂ ခုနှစ်က ပြည်ထောင်စုမြန်မာနိုင်ငံ အစိုးရနှင့် ဘင်္ဂလားဒေ့ရှ် ပြည်သူ့ သမ္မတနိုင်ငံ အစိုးရတို့အကြား နိုင်ငံခြားရေးဝန်ကြီးအဆင့်တွင် လက်မှတ်ရေးထိုးခဲ့သည့် ပူးတွဲ ကြေညာချက်ကို အခြေခံ၍ ရေးဆွဲထားပြီး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများကို စနစ်တကျ စိစစ်လက်ခံရာတွင် လိုက်နာဆောင်ရွက်ရမည့် အထွေထွေ မူဘောင်များနှင့် မူဝါဒရေးရာ အစီအမံများပါရှိကြောင်း သတင်းရရှိပါသည်။
၅။ ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသူများကိစ္စနှင့်ပတ်သက်၍ အနောက်နိုင်ငံများက လည်းကောင်း၊ အိုအိုင်စီအဖွဲ့ကလည်းကောင်း၊ နိုင်ငံတကာတွင် ဖိအားပေးကာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင်လည်းကောင်း၊ အထွေထွေညီလာခံ၏ တတိယကော်မတီတွင် လည်းကောင်း၊ အဆိုမူကြမ်း ချမှတ်ခဲ့သည့်အပြင် လုံခြုံရေးကောင်စီတွင် သဘာပတိ၏ ထုတ်ပြန်ချက်ဖြင့်လည်းကောင်း ချမှတ်ကာ နိုင်ငံတကာအရေးကိစ္စအဖြစ် ကြိုးပမ်း ဆောင်ရွက်နေပါသည်။
၆။ မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများအကြား အရေးကိစ္စပေါ်ပေါက်လာပါက နှစ်နိုင်ငံချင်း ဆွေးနွေးညှိနှိုင်းခြင်းဖြင့်သာ ဖြေရှင်းရမည်ဟု ခိုင်မာစွာ ရပ်တည်ခဲ့ပါသည်။ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ ယခုကဲ့သို့ နှစ်နိုင်ငံချစ်ခင်ရင်းနှီးမှုကို အခြေခံကာ နှစ်ဦးနှစ်ဘက် လက်ခံနိုင်မည့်ရလဒ်ကို ရယူခဲ့ခြင်းဖြင့် မိမိ၏ ဆုပ်ကိုင်ထားသော ရပ်တည်ချက် အပေါ် မားမားမတ်မတ် ရပ်တည်နိုင်ခဲ့ကြောင်း သိရှိရပါသည်။
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန
နေပြည်တော်။
ရက်စွဲ။ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်

Source: https://www.facebook.com/state.counsellor/posts/1156570891143792

Related Posts

No comments:

Post a Comment