// //]]>

ဒသမတန်းမြန်မာစာ - 1

 


ဒသမတန်းမြန်မာစာ 

ကျောင်းသုံးစာအုပ်မိတ်ဆက်

 

မြန်မာစာအခြေခံခိုင်မာပြီး ကျွမ်းကျင်စွာတတ်မြောက် အသုံးပြုနိုင်ရန် ဦးတည်ချက်ထားရှိပြီး အခြေခံပညာအထက်တန်း မြန်မာစာသင်ရိုးကို ပြင်ဆင်ရေးဆွဲခဲ့ပါသည်။ ထိုသို့ရေးဆွဲရာတွင် လက်တွေ့ဘဝတွင် ပိုမိုအကျိုးဖြစ်ထွန်းစေမည့် ဘာသာစကားစွမ်းရည်လေးရပ်ဖြစ်သည့် အပြော စွမ်းရည်၊ အနာအကြားစွမ်းရည်၊ အဖတ်အရွတ်စွမ်းရည်၊ အရေးအသားစွမ်းရည် တိုးတက်လာစေရေးကို မဏ္ဍိုင်ပြု၍ ရေးဆွဲထားပါသည်။ ကျောင်းသုံးစာအုပ်ကို အသုံးပြုရာတွင် မြန်မာစာ မြန်မာဘာသာစကား ဆိုင်ရာ အသိပညာများ၊ ကျွမ်းကျင်မှုများ ဖွံ့ဖြိုးလာစေရန်အတွက် ဆရာ၏လမ်းညွှန်မှုဖြင့် တစ်ဦးချင်း လေ့ကျင့်ခြင်း၊ အဖွဲ့လိုက်လုပ်ငန်းများလုပ်ဆောင်ခြင်းတို့ဖြင့် သင်ယူမည်။ မြန်မာစာ မြန်မာဘာသာ စကားကို လေ့လာသင်ယူရာတွင်ဖြစ်စေ၊ လက်တွေ့အသုံးချရာတွင်ဖြစ်စေ ကြုံတွေ့ရသည့် အခက်အခဲ များ၊ ပြဿနာများကိုလည်း ဖြေရှင်းတတ်စေရန်၊ စဉ်းစားတွေးခေါ် ဖန်တီးတတ်စေရန် လေ့ကျင့် သင်ယူမည်။ အချို့စာသင်ချိန်များတွင် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ လက်တွေ့လုပ်ဆောင်မှု များဖြင့် လေ့လာသင်ယူကြမည်ဖြစ်သည်။

 

သင်ယူရမည့်အကြောင်းအရာ 

ဤဒသမတန်း မြန်မာစာကျောင်းသုံးစာအုပ်တွင် အောက်ပါအကြောင်းအရာများပါဝင်သည်။ 


အပိုင်း -၁ 

အပြောသင်ခန်းစာ 

အခန်း 

၁။ အပြောဆိုင်ရာလမ်းညွှန်ချက် 

၂။ အပြောပုံစံအမျိုးမျိုး

 

အပိုင်း- ၂ 

အဖတ်အရွတ်သင်ခန်းစာ 

၁။ စကားပြေရွေးချယ်ချက် 

၂။ ကဗျာရွေးချယ်ချက် 


အပိုင်း- ၃ 

အရေးသင်ခန်းစာ 

၁။ စာအရေးအသားအခြေခံ 

၂။ စာပုံစံအမျိုးမျိုး 

၃။ စာအရေးအသားအတတ်ပညာ

 

သင်ယူကြရမည့်နည်းလမ်းများ

        သင်ခန်းစာအားလုံးတွင် တက်ကြွစွာပါဝင်သင်ယူနိုင်ရန် အထောက်အကူပြုမည့် အရေးပါ သော ၂၁ ရာစု ဘာသာစကားဆိုင်ရာကျွမ်းကျင်မှုအဖြစ် ဆရာက လက်တွေ့သင်ကြား လေ့ကျင့်ပေးမည်။


လေ့လာမှုနယ်ပယ်များ 

  • အပြောသင်ခန်းစာကို သင်ယူရာတွင် စကားပြောခြင်းအကြောင်း၊ တစ်ဦးတည်းပြောစကား၊ နှစ်ဦးအပြန်အလှန်ပြောစကား၊ ဝိုင်းဖွဲ့ပြောစကားဟူသော စကားပြောပုံစံသုံးမျိုး၊ စကားပြောဆိုရာတွင် အသံထွက်မှန်ကန်မှု၊ စကားအသုံးအနှုန်းမှန်ကန်မှု၊ စကားပြောချေငံမှု၊ စကားပြော ပရိယာယ်များ၊ ကျပန်းစကားပြောခြင်း၊ စကားရည်လုခြင်းတို့ကို လက်တွေ့ပြောဆိုလေ့ကျင့် သင်ယူမည်။ 

  • အဖတ်အရွတ်သင်ခန်းစာတွင် စကားပြေရွေးချယ်ချက်ကိုလေ့လာရာ၌ ရည်ရွယ်ချက် သို့မဟုတ် အာဘော်၊ အကြောင်းအရာ၊ အစီအစဉ်၊ စာရေးနည်းလေးမျိုး၊ သဒ္ဒါလင်္ကာရ အတ္ထာလင်္ကာရ၊ ရသနှင့်အသိအမြင်ဟူသော လေ့လာမှုနယ်ပယ်ငါးရပ်ကိုလည်းကောင်း၊ ကဗျာရွေးချယ်ချက်ကို လေ့လာရာ၌ ကဗျာရွတ်ဆိုခြင်း၊ ကဗျာနောက်ခံကို လေ့လာခြင်း၊ ကဗျာအရေးအဖွဲ့၊ သဒ္ဒါလင်္ကာရ အတ္ထာလင်္ကာရ၊ ရသနှင့်အသိအမြင်လေ့လာခြင်းဟူသော လေ့လာမှုနယ်ပယ်ငါးရပ်ကိုလည်းကောင်း လေ့လာမည်။ 

  • အရေးသင်ခန်းစာတွင် သဒ္ဒါအသုံးမှန်ကန်ခြင်း၊ စာလုံးပေါင်းသတ်ပုံမှန်ကန်ခြင်း၊ ဝါကျဖွဲ့ထုံး မှန်ကန်ခြင်း၊ စာပုံစံအမျိုးမျိုး၊ စာအရေးအသားအတတ်ပညာများဖြစ်သည့် အလင်္ကာနှင့် ရသ တို့ကို လက်တွေ့ရေးသားလေ့ကျင့်သင်ယူမည်။ 


လေ့လာမှုနည်းနာငါးရပ် 

  • ပူးပေါင်းဆောင်ရွက်ခြင်း - သင်ခန်းစာများသင်ယူရာတွင် ကျောင်းသားများသည် အတန်းဖော်များနှင့် အုပ်စုဖွဲ့ပြီးအတွေးအခေါ်များ မျှဝေခြင်း၊ အဖြေများအတူရှာဖွေခြင်းတို့ကိုလုပ်ဆောင် မည်။ သာဓကအားဖြင့် - အပြောသင်ခန်းစာများပါ အပြန်အလှန်ပြောဆိုခြင်း၊ စကားဝိုင်းဆွေးနွေး ခြင်း၊ အဖတ်အရွတ်သင်ခန်းစာပါ စကားပြေ သို့မဟုတ် ကဗျာတစ်ပိုဒ်ကို အုပ်စုဖွဲ့ဆွေးနွေးခြင်း၊ အသိအမြင်ဖလှယ်ခြင်း၊ အရေးသင်ခန်းစာတွင် စာအရေးအသားဆိုင်ရာများဆွေးနွေးခြင်း၊ လက်တွေ့ရေးသားထားသည်ကို အပြန်အလှန်စစ်ဆေးအကြံပေးခြင်းတို့ကို ဆောင်ရွက်မည်။ 


  • ဆက်သွယ်ပြောဆိုခြင်း - ဤမြန်မာစာကျောင်းသုံးစာအုပ်သည် စကားနှင့်စာကို အသုံးချ ဆက်သွယ်ရေးကိရိယာအဖြစ် ထိထိရောက်ရောက် အသုံးပြုနိုင်ရန် ရည်မှန်းထားသည်ဖြစ်ရာ သင်ခန်းစာအားလုံးကို ပြောဆိုဆွေးနွေးခြင်း၊ ရွတ်ဖတ်ခြင်း၊ ရွတ်ဆိုခြင်း၊ နားထောင်ခြင်း၊ ရေးသားခြင်း စသည့်ဆက်သွယ်မှုများကို ကိုယ်အမူအရာများ မှန်ကန်စွာပေါင်းစပ်ဆက်သွယ် နိုင်သည့် ကျွမ်းကျင်မှုများ ဖွံ့ဖြိုးလာမည်။ 


  • လေးနက်စွာဆန်းစစ်ဝေဖန်ခြင်းနှင့် ပြဿနာဖြေရှင်းခြင်း - ဖြေရှင်းရန်ရှိသည့် ဘာသာစကားဆိုင်ရာပြဿနာများ၊ စာအရေးအသားဆိုင်ရာပြဿနာများကို အဖြေရှာခြင်း၊ တင်ပြခြင်း၊ အမှားရှာဖွေခြင်းနှင့် ပြုပြင်ခြင်းတို့ကို ပြုလုပ်ရမည်။ 


  • တီထွင်ဖန်တီးခြင်း - ဘာသာစကားနှင့် စာအရေးအသားကိုအသုံးပြုရာတွင် သမားရိုးကျ ပြောဆိုရေးသားသည့် အခြေအနေမှကျော်လွန်ပြီး အတွေးအခေါ်များပေါင်းစပ်ကာ ပြောဆို ရေးသားနိုင်သည့်စွမ်းရည်များ၊ နည်းလမ်းသစ်များဖြင့် ဆက်သွယ်မှုထိရောက်စေရန် ကျောင်းသားများ ကိုယ်တိုင်တီထွင်ဖန်တီးသည့် အလေ့အထများ ရရှိစေမည်။ 


  • နိုင်ငံသားကောင်းဖြစ်ခြင်း - လူ့အဖွဲ့အစည်းအတွင်း၊ နိုင်ငံတစ်နိုင်ငံအတွင်း ဘာသာစကား စွမ်းရည်ကို မှန်ကန်ထိရောက်စွာ အသုံးပြုနိုင်ခြင်းသည် နိုင်ငံသားကောင်း ဖြစ်စေရန် အရင်းခံ ကျသောအချက်တစ်ရပ်ပင်ဖြစ်သည်။ မိမိ မိသားစုအတွင်း၊ ကျောင်းလူမှုအဖွဲ့အစည်းအတွင်း၊ ရပ်ရွာဒေသအဖွဲ့အစည်းအတွင်း၊ နိုင်ငံလူ့အဖွဲ့အစည်းအတွင်း ချစ်ကြည်ရင်းနှီးရန်၊ အပြန်အလှန် နားလည်မှုရှိရန်၊ အသိပညာဗဟုသုတ မျှဝေဖလှယ်ရန်၊ ကူးသန်းသွားလာ ကုန်စည်ဖလှယ်ရန် အများနားလည်နိုင်သည့် ဘာသာစကားကို ကောင်းမွန်မှန်ကန်စွာ အသုံးပြုကြရသည်။ မြန်မာစာ ကျောင်းသုံးဖတ်စာကို မြန်မာနိုင်ငံအတွင်းမှီတင်းနေထိုင်ကြသည့် နိုင်ငံသားတိုင်း နိုင်ငံသားကောင်း ဖြစ်ရန်လိုအပ်ချက်ဖြစ်သော မြန်မာဘာသာစကားကျွမ်းကျင်ထိရောက်၊ မှန်ကန်စွာအသုံးပြုနိုင် စေရန် မျှော်မှန်းသင်ယူရမည်ဖြစ်သည်။ 



စာသင်နှစ်အဆုံးတွင် သိရှိသွားပြီး လုပ်ဆောင်နိုင်မည့် ရလဒ်များ 

        ဒသမတန်း မြန်မာစာကျောင်းသုံးစာအုပ်ကိုသင်ယူပြီးသောအခါ ကျောင်းသားများသည် အောက်ပါတို့ကို လုပ်ဆောင်နိုင်မည်။ 

အပြောသင်ခန်းစာ 

        အပြောဆိုင်ရာသင်ခန်းစာများကို သင်ယူပြီးသည့်အခါ စကားပြောခြင်း၏အရေးကြီးပုံ၊ အပြောပုံစံအမျိုးမျိုး၊ စကားပြောရာတွင် သတိပြုရမည့်အသံများ၊ စကားပြောရာတွင် ရှောင်ကြဉ်သင့် သည့်အချက်များကိုသိရှိပြီးနောက် အခြေအနေအချိန်အခါနှင့် လိုက်လျောညီထွေဖြစ်မည့် စကား အမျိုးမျိုးကို ပြောဆိုအသုံးပြုတတ်လာမည်။ မိမိကိုယ်တိုင်ပြောဆိုခြင်းသာမက အခြားသူများ ပြောဆို သည်ကိုလည်း ဂရုတစိုက်နားထောင်တတ်သည့်အလေ့အကျင့်ကို ရရှိလာစေမည်။ 

အဖတ်အရွတ်သင်ခန်းစာ 

        အဖတ်အရွတ်သင်ခန်းစာပါ စကားပြေများကို အသံထွက် ရွတ်ဖတ်ခြင်း၊ ကဗျာကိုအသံထွက် ရွတ်ဆိုခြင်းတို့ဖြင့် အသံထွက်မှန်ကန်ခြင်း၊ အသံနေအသံထားကောင်းမွန်ခြင်း၊ စာကိုစနစ်တကျ ဖတ်ရွတ်တတ်ခြင်းအလေ့အကျင့်များ ရရှိလာစေမည်။ စကားပြေရွေးချယ်ချက်၊ ကဗျာရွေးချယ်ချက် တို့ကို လေ့လာဖတ်ရှုသင်ကြားပြီးသည့်အခါတွင် သုတစကားပြေများမှ သုတအသိများကျယ်ပြန့် လာ၍ စာတွေ့၊ လက်တွေ့ အသုံးချတတ်လာမည်။ ရသစကားပြေများ၏ ရသခံစားမှုမှတစ်ဆင့် လူ့သဘောလူ့သဘာဝများကိုသတိပြုမိ၍ လက်တွေ့ဘဝတွင် ဆန်းစစ်သုံးသပ်တတ်လာမည်။ ကဗျာက ပေးသောရသကို ကောင်းစွာခံစားတတ်၍ ရှင်းပြတတ်လာမည်။ ကဗျာအမျိုးမျိုးမှ ကာရန်သဘောကို ခွဲခြားနားလည်၍ ရှင်းပြတတ်လာမည်။ 

အရေးသင်ခန်းစာ 

        အရေးသင်ခန်းစာကို သင်ယူပြီးသည့်အခါ စာအရေးအသားအခြေခံများကို ကောင်းစွာ နားလည်သဘောပေါက်လာမည်။ သဒ္ဒါအသုံး စာလုံးပေါင်းသတ်ပုံ ဝါကျအထားအသို အမှား၊ အမှန်များကို သိရှိလာပြီးမှန်ကန်စွာ ရေးသားအသုံးပြုတတ်လာမည်။ စာပုံစံအမျိုးမျိုးကို သိရှိလာပြီး ပုံစံအလိုက်ဆီလျော်ညီညွတ်သောစာများကို ရေးသားတတ်လာမည်။ စာအရေးအသားအတတ်ပညာ တွင် အရေးပါသော အလင်္ကာ၊ ရသများ၏ သဘောသဘာဝကိုသိရှိလာပြီး စာအရေးအသားတစ်ခု၏ အလင်္ကာမြောက်မှု ရသမြောက်မှုတို့ကို သုံးသပ်အကဲဖြတ်တတ်လာမည်။


 ------------------------------------------------------------------------

အပိုင်း - ၁ 

အပြောသင်ခန်းစာ 


အခန်း - ၁ 

အပြောအဆိုဆိုင်ရာလမ်းညွှန်ချက် 


စကားပြောခြင်း 


        စကားပြောခြင်းသည် သာမန်အားဖြင့် လူတို့နေ့စဉ် ပြုလုပ်ရသော ကိစ္စတစ်ရပ်ဖြစ်ပါသည်။ အိပ်ရာနိုးထချိန်မှစ၍ အိပ်ရာဝင်ချိန်အထိ ဆောင်ရွက်သမျှသော ကိစ္စအဝဝတို့တွင် စကားပြောဆို ဆောင်ရွက်ကြရပါသည်။ စကားပြောခြင်းဖြင့် တစ်ဦးနှင့် တစ်ဦး ဆက်သွယ်လုပ်ကိုင်နိုင်သလို မိမိ ပြောဆိုအသိပေးလိုသော အချက်အလက်များ၊ မိမိ၏စိတ်ခံစားချက်များကို တစ်ပါးသူသိအောင် လုပ် ဆောင်နိုင်ပါသည်။ စကားပြောခြင်းဖြင့် လူမှုကိစ္စအဝဝ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ပါသည်။ ထို့ကြောင့် စကားပြောခြင်းသည်အရေးကြီးသော လူ့ကိစ္စတစ်ရပ် ဖြစ်ပါသည်။ 

        စကားပြောဆိုရာတွင် ပုံမှန်အားဖြင့် ပြောသူနှင့် နားထောင်မည့်သူ ရှိရပါသည်။ ပြောသူ သည် တစ်ဦးတည်း ဖြစ်နိုင်သကဲ့သို့ အများလည်း ဖြစ်နိုင်ပါသည်။ နားထောင်သူသည်လည်း တစ်ဦး တည်း ဖြစ်နိုင်သကဲ့သို့ အများလည်းဖြစ်နိုင်ပါသည်။ နားထောင်သူအများအပြားကို ပရိသတ်ဟု လည်း ခေါ်ဆိုပါသည်။ ပြောသူနှင့် နားထောင်သူတို့၏ အခြေအနေအလိုက် တစ်ဦးက တစ်ဦးကို ပြောသည့်ပုံစံ၊ တစ်ဦးက အများကိုပြောသည့်ပုံစံ၊ အများက တစ်ဦးကို ပြောသည့်ပုံစံ၊ အများက အများကိုပြောသည့် ပုံစံဟူ၍ စကားပြောပုံစံ လေးမျိုးရှိပါသည်။ 

        တစ်ဦးက တစ်ဦးကို ပြောဆိုသည့်ပုံစံသည် လူနှစ်ဦး တွေ့ဆုံသည့်အခါ အပြန်အလှန်ပြောဆို ခြင်း၊ တယ်လီဖုန်း စသည်ဖြင့် အပြန်အလှန်ပြောဆိုခြင်း စသည့်ပြောသူတစ်ဦးက နားထောင်သူ တစ်ဦးကို ပြောဆိုသည့်ပုံစံ ဖြစ်ပါသည်။ ထိုသို့ အပြန်အလှန်ပြောဆိုရာတွင် ပြောသူနှင့်နားထောင်သူ မှာ အလှည့်ကျ ဖြစ်နိုင်ပါသည်။ ပထမတစ်ဦးက ပြောနေချိန်တွင် ဒုတိယတစ်ဦးသည် နားထောင်သူ ဖြစ်ပြီး ဒုတိယတစ်ဦးပြောနေချိန်တွင်မူ ပထမတစ်ဦးသည် နားထောင်သူဖြစ်ပါသည်။ 

        ပြောဆိုသူတစ်ဦးက နားထောင်သူ အများကို ပြောဆိုခြင်းမျိုးလည်း ရှိပါသည်။ ရှင်းလင်းပွဲများ၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများတွင် ပင်တိုင်ပြောဆိုသူက ပရိသတ်များကို ပြောဆိုသည့် ပုံစံဖြစ် သည်။ ကျောင်းတွေ့ဆုံပွဲတွင် ကျောင်းအုပ်ဆရာကြီးက ကျောင်းသားများကို အမှာစကားပြောကြား သည့်ပုံစံမျိုး၊ စာသင်ခန်းအတွင်းတွင် ဆရာက ကျောင်းသားများကို ရှင်းလင်းသင်ကြားသည့်ပုံစံမျိုး သည် တစ်ဦးက အများကို ပြောဆိုသည့် ပုံစံမျိုးဖြစ်ပါသည်။ 

         ပြောဆိုသူ အများက နားထောင်သူ တစ်ဦးတည်းကို ပြောဆိုခြင်းမျိုးလည်း ရှိပါသည်။ စာသင်ခန်းအတွင်းတွင် ကျောင်းသားများက မိမိမရှင်းလင်းသည့် သင်ခန်းစာများကို ဆရာအားဝိုင်းဝန်း မေးမြန်းခြင်း၊ လူတွေ့ တွေ့ဆုံစစ်မေးသည့် စစ်မေးသူများက အစစ်ဆေးခံသူကို ဝိုင်းဝန်းမေးမြန်းခြင်း စသည့် ပြောဆိုသည့် ပုံစံဖြစ်ပါသည်။ 

        ပြောဆိုသူအများက နားထောင်သူအများကို ပြောဆိုခြင်းမျိုးလည်း ရှိပါသည်။ စာသင်ခန်း အတွင်း အုပ်စုဖွဲ့၍ တစ်ဖက်နှင့်တစ်ဖက် ဆွေးနွေးပြောဆိုခြင်းမျိုး ဖြစ်ပါသည်။ ပထမအုပ်စုက ဆွေးနွေးပြောကြားနေချိန်တွင် ဒုတိယအုပ်စုသည် နားထောင်သူများဖြစ်၍ ဒုတိယအုပ်စု ပြောကြား နေချိန်တွင်မူ ပထမအုပ်စုသည် နားထောင်သူများ ဖြစ်ပါသည်။ စကားဝိုင်း ဆွေးနွေးပွဲများတွင် ဆွေးနွေးပြောဆိုသူအများက နားထောင်သည့်ပရိသတ်အများကို ပြောဆိုသည့်ပုံစံမှာလည်း ဤပုံစံမျိုး ဖြစ်ပါသည်။ 

        တစ်ခါတစ်ရံတွင် ပြောသူတစ်ဦးတည်းက နားထောင်မည့်သူမရှိဘဲ မိမိကိုယ်မိမိပြောဆိုသည့် တစ်ကိုယ်တည်း ပြောစကားမျိုးလည်းရှိနိုင်ပါသည်။ ထိုအပြောစကားမျိုးကို လူတစ်ဦးတစ်ယောက်က စိတ်ခံစားမှုတစ်ခုခု ပြင်းထန်လာသော အခြေအနေမျိုးတွင် ပြောဆိုလေ့ရှိပါသည်။ တစ်ကိုယ်တည်း ပျင်းရိငြီးငွေ့ခြင်း၊ ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်း၊ ဝမ်းနည်းကြေကွဲခြင်း၊ မကျေမနပ်ဖြစ်ခြင်း စသည့် အခြေအနေမျိုးတွင် မိမိ၏ စိတ်ခံစားချက်ကို တစ်ကိုယ်တည်း ပြောဆိုလေ့ရှိပါသည်။ 

        စကားပြောဆိုရာတွင် ပုံစံတကျဖြစ်ခြင်းနှင့် လွတ်လွတ်လပ်လပ်ဖြစ်ခြင်းဟူသည့် အခြေအနေ နှစ်ရပ်ပေါ် မူတည်ပြီး ပုံစံတကျပြောဆိုခြင်းနှင့် အလွတ်သဘောပြောဆိုခြင်းဟူသော ပြောဆိုပုံ နှစ်မျိုး ရှိပါသည်။ ပုံစံတကျပြောဆိုခြင်းကို အစည်းအဝေးများ၊ အခမ်းအနားများစသည့် ပုံစံတကျဖြစ်သော အခြေအနေမျိုးတွင်အသုံးပြုပါသည်။ အလွတ်သဘောပြောဆိုခြင်းကို သူငယ်ချင်းအချင်းချင်း၊ မိတ်ဆွေ အချင်းချင်း၊ မိသားစုဝင်များဆွေမျိုးသားချင်းများ အချင်းချင်း စသည့် ခင်မင်ရင်းနှီးသူများ လွတ်လပ်စွာ တွေ့ဆုံသောအခြေအနေမျိုးတွင် အသုံးပြုလေ့ရှိပါသည်။ 

        စကားပြောဆိုရာတွင် ကြိုတင်ပြင်ဆင်ပြောဆိုခြင်းနှင့်လက်တန်းပြောဆိုခြင်းဟူသည့်အနေအထား နှစ်ရပ်ရှိနိုင်ပါသည်။ ကြိုတင်ပြင်ဆင်ပြောဆိုခြင်းဆိုသည်မှာ မိမိပြောဆိုမည့် အချက်အလက်များကို ကြိုတင်စုဆောင်း၍ အစီအစဉ်ချမှတ်ကာ စနစ်တကျပြောဆိုခြင်းဖြစ်ပါသည်။ ကြိုတင်ပြင်ဆင်၍ ပြောဆိုရာတွင် အချက်အလက်သာမက အသံနေအသံထား၊ စကားအသုံးအနှုန်း၊ လေယူလေသိမ်းက အစ ကြိုတင်လေ့ကျင့်ပြင်ဆင်ထားနိုင်ပါသည်။ လက်တန်းစကားပြောဆိုခြင်းမှာမူ ကြိုတင်ပြင်ဆင်ထား ခြင်းမရှိဘဲ စကားပြောဆိုနေစဉ်အတွင်း မိမိစိတ်ကူးထဲတွင် ပေါ်ပေါက်လာသည့် အချက်အလက်များ ကို တဒင်္ဂအတွင်း ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။ ပုံစံတကျပြောစကားများသည် ကြိုတင်ပြင်ဆင် ပြောဆိုသည့် စကားအမျိုးအစားဖြစ်ပါသည်။ အလွတ်သဘောပြောဆိုသော ပြောစကားများ တစ်နည်းအား ဖြင့် ပုံစံတကျမဟုတ်သော ပြောစကားများသည် လက်တန်းပြောဆိုသည့် စကားများဖြစ်လေ့ရှိပါသည်။ 

        ပြောစကားများကို ယေဘုယျအားဖြင့် တစ်ဦးတည်းပြောစကား၊ နှစ်ဦးအပြန်အလှန် ပြောစကား၊ ဝိုင်းဖွဲ့ ပြောစကားဟူ၍ အမျိုးအစားသုံးမျိုးခွဲခြားနိုင်ပါသည်။ 

        တစ်ဦးတည်းပြောစကားများတွင် နားထောင်သူတစ်ဦး သို့မဟုတ် နားထောင်သူအများ ရှိနိုင် ပါသည်။ မိမိတစ်ဦးတည်း မိမိကိုယ်မိမိ ပြောဆိုခြင်းမျိုးလည်း ရှိနိုင်ပါသည်။ ပုံပြင်ပြောဆိုခြင်း၊ ရေဒီယို အသံလွှင့်ချက်၊ ဟောပြောချက်၊ မိန့်ခွန်း၊ အမှာစကား၊ ကျောင်းသင်ခန်းစာပို့ချချက်၊ ကျပန်း စကားပြောခြင်းတို့သည် တစ်ဦးတည်းပြောစကားများ ဖြစ်ပါသည်။ တစ်ကိုယ်တည်းညည်းတွားခြင်း၊ ပြဇာတ်များတွင်ပါဝင်လေ့ရှိသော တစ်ကိုယ်တည်းပြောဆိုခြင်း စသည်တို့သည်လည်း တစ်ဦးတည်း ပြောစကားများ ဖြစ်ပါသည်။ 

        နှစ်ဦးအပြန်အလှန်ပြောစကားများမှာ ပြောသူနှင့် နားထောင်သူ နှစ်ဦးတို့က အပြန်အလှန် ပြောဆိုခြင်းမျိုးဖြစ်ပါသည်။ ဤပြောဆိုမှုတွင် ပြောသူနှင့် နာသူတို့သည် အပြန်အလှန် အလှည့်ယူ ၍ ပြောဆိုရပါသည်။ လက်ရှိပြောဆိုနေသူက နားထောင်နေသူကို ပြောဆိုခွင့်ရရှိအောင် အလှည့်ပေး ရပါသည်။ လူနှစ်ဦးတွေ့ဆုံပြောဆိုသည့် စကားမှန်သမျှသည် နှစ်ဦးအပြန်အလှန်ပြောစကားများဖြစ် ပါသည်။ မျက်နှာချင်းဆိုင်တွေ့ဆုံပြောဆိုမှုများ၊ တယ်လီဖုန်း စသည့်ဆက်သွယ်ရေးကိရိယာများဖြင့် အပြန်အလှန်ပြောဆိုမှုများ၊ ဝတ္ထု၊ ပြဇာတ် စသည်တို့တွင်ပါဝင်သော အချီအချပြောစကားများ၊ နှစ်ဦး တွေ့ဆုံဆွေးနွေးမေးမြန်းခန်းများ (အင်တာဗျူးများ)၊ စကားရည်လုပြောဆိုခြင်းများ၊ အချေအတင် ပြောဆိုခြင်းများသည် နှစ်ဦးအပြန်အလှန်ပြောစကားများ ဖြစ်ပါသည်။ 

        ဝိုင်းဖွဲ့ ပြောစကားသည် ပြောသူအများနှင့် နားထောင်သူအများတို့ အပြန်အလှန်ဝိုင်းဖွဲ့ ပြောဆိုသော စကားမျိုးဖြစ်ပါသည်။ ဝိုင်းဖွဲ့ပြောစကား ပြောဆိုရာတွင် သုံးဦးနှင့်အထက် ပြောဆိုသူ များ ပါဝင်ရပါသည်။ ဝိုင်းဖွဲ့ပြောဆိုရာတွင်လည်း ပါဝင်ပြောဆိုသူများသည် အလှည့်ယူ၍ ပြောဆိုရ ပါသည်။ အပေးအယူမျှတစွာ ပြောဆိုပါက စကားဝိုင်းသည် စိုပြည်မြိုင်ဆိုင် နေတတ်ပါသည်။ စကားဝိုင်းပြောဆိုမှုတွင် တစ်ဦးတည်းကသာ ပိုမိုအလှည့်ယူပြီး ဒိုင်ခံပြောဆိုနေပါက စကားဝိုင်းသည် ငြီးငွေ့ဖွယ်ဖြစ်သွားတတ်ပါသည်။ စာသင်ခန်းအတွင်း အုပ်စုဖွဲ့ကာ သင်ခန်းစာတစ်ခုကို ဝိုင်းဝန်းဆွေးနွေးသောစကား၊ မိတ်ဆွေသူငယ်ချင်းအချင်းချင်း ဝိုင်းဖွဲ့ပြောဆိုသောစကား၊ စကားဝိုင်း ဆွေးနွေးပွဲများတွင် ဝိုင်းဝန်းဆွေးနွေးပြောဆိုသောစကား စသည်တို့သည် ဝိုင်းဖွဲ့ပြောစကားများဖြစ်ပါ သည်။ 

        စကားပြောခြင်းအမျိုးမျိုးကို သိရှိမှတ်သားပြီး လက်တွေ့ လူမှုပတ်ဝန်းကျင်တွင် အခြေအနေ အချိန်အခါနှင့် လိုက်လျောညီထွေဖြစ်မည့် စကားများကို ပြောဆိုအသုံးပြုကြရမည် ဖြစ်ပါသည်။ 


ရေးတော့အမှန် ဖတ်တော့အသံ 

        မြန်မာစကားတွင် “ရေးတော့အမှန် ဖတ်တော့အသံ” ဟူသောဆိုရိုးစကားရှိပါသည်။ စာရေးလျှင် စာလုံးပေါင်းသတ်ပုံနှင့်အညီ အမှန်အတိုင်းရေးရသော်လည်း စာဖတ်လျှင် ပြောလေ့ဆိုလေ့ ရှိသော အသံထွက်အတိုင်းဖတ်ရပါသည်။ အသံထွက်ရာတွင် ရေးသည့်အတိုင်းမထွက်ဘဲ အသံပြောင်း ထွက်ရသည့် အကြောင်းတစ်ခုမှာ ခက်ရာမှလွယ်ရာသို့ ပြောင်းခြင်းဖြစ်သည်။ အသံနှစ်သံကို တစ်ဆက်တည်းရွတ်ဆိုသောအခါ ရှေ့ကအသံနှင့် အာထားလွှာထား အဆင်ပြေအောင် ရွတ်ဆိုရ လွယ်အောင်၊ နောက်ကအသံကို လိုအပ်သလို လိုက်ပြောင်းပေးရခြင်းဖြစ်သည်ဟု ယေဘုယျအားဖြင့် ဆိုနိုင်ပါသည်။ လူငယ်များ၏ မြန်မာစကားအပြောအဆိုနှင့်ပတ်သက်၍ အသံထွက်မှန်ကန်မှု၊ ပီသမှုဆိုင်ရာ မှတ်သားလိုက်နာဖွယ်များကို ပြည့်စုံအောင် ဆွေးနွေးတင်ပြလိုပါသည်။ 

        စကားပြောရာမှာ အသံပျော့ကို အသံပြင်းအဖြစ်ပြောင်းပြီး အသံထွက်ရသည့် စည်းကမ်း ရှိပါသည်။ အစဉ်အဆက်ကျင့်သုံးခဲ့ကြသည့်စည်းကမ်းဖြစ်ပါသည်။ အသံထွက်ရာတွင် ပို၍လွယ်ကူအောင် ဤသို့အသံပြောင်းပြီး ထွက်ခဲ့ကြခြင်းဖြစ်သည်။ “လူကြီးလူကောင်း”ကို ဘယ်လို အသံထွက် ပါသလဲဟုမေးလျှင် /လူလူဂေါင်း /လို့ အသံထွက်ပါတယ်ဟု မြန်မာစကားပြောသူတိုင်းက အလွယ် တကူ ဖြေပါလိမ့်မည်။  /မျဉ်းစောင်းနှစ်ခု အတွင်းတွင်ပြထားသော စာလုံးများမှာ အသံထွက် သည့်အတိုင်း ပြထားခြင်းဖြစ်ပါသည်။ 

        သတ်ပုံအမှန်အတိုင်းရေးပုံနှင့် ကွဲပြားချက်များရှိပါသည်။ မြန်မာစာအဖွဲ့ကပြုစုသော မြန်မာ အဘိဓာန်တွင် ဖော်ပြထားသည့်စနစ်အတိုင်း ဖော်ပြထားခြင်းဖြစ်ပါသည်။ အသံမပြောင်းဘဲဆိုလျှင် /လူကျီးလူကောင်း/ဟုပင် အသံထွက်ရပါလိမ့်မည်။ သို့သော် /လူကျီး)ဟု အသံထွက်ခြင်းထက် /လူဂျီး/ ဟု အသံထွက်ခြင်းက ပို၍ ရွတ်ဆိုရလွယ်ပါသည်။ ထို့ကြောင့် အသံပျော့ဖြစ်သော ကျီး/ ကောင်း တို့ကို အသံပြင်းဖြစ်သော /ဂျီး/ /ဂေါင်း/ ဟူ၍ အသံပြောင်းပြီး ရွတ်ဆိုခြင်းဖြစ်သည်။ 

        အသံနှစ်သံကို ဤပုံဤနည်းအတိုင်း ကြားမှာမရပ်နားဘဲ တစ်ဆက်တည်းရွတ်ဆိုလျှင် နောက်က အသံပျော့များသည် အသံပြင်းများသို့ ပြောင်းပါသည်။ မြန်မာစကားမှာ ဤသို့ အသံပြောင်းနိုင်သော အသံပျော့အသံပြင်းစုံတွဲများရှိပါသည်။ ထူးထူးဆန်းဆန်းမဟုတ်ပါ။ က၊ ခ/ နှင့် /ဂ/ /စ၊ ဆ၊ နှင့် /ဇ/ /တ၊ ထ/ နှင့် /ဒ/ /ပ၊ ဖ၊နှင့်/ဗ/ /သ/ နှင့် သူတို့ဖြစ်ပါသည်။ သ သည် အသံပျော့ဖြစ်သည်။ သာဓက- ပြသ၊ ချစ်သူ။ သူ သည် အသံပြင်းဖြစ်သည်။ သာဓက- ဝယ်သူ၊ ပန်းသီး။ /က၊ ခ/ က အသံပျော့ /ဂ/ က အသံပြင်းဖြစ်သည်။ ကျန်အတွဲများလည်း ထိုသဘောပင် ဖြစ် သည်။ 

        သံကွင်း /သံဂွင်း၊ ရေခွက် ယေဂွက်/ လစာ/လဇာ၊ ထိုးဆေး ထိုးဇေး/ ရွှေတောင် ရွှေဒေါင်)၊ ခွေးထီး /ခွေးဒီး၊ ညောင်ပင်/ညောင်ဗင်)၊ မုန့်ဖိုး /မုန့်ဗိုး/ 

        အထက်ပါ သာဓကများတွင် အသံနှစ်သံကို တစ်ဆက်တည်း ရွတ်ဆိုသောအခါ နောက်က အသံပျော့မှ အသံပြင်းသို့ ပြောင်းပုံကို တွေ့နိုင်ပါသည်။ မြန်မာစကားပြောရာတွင် ဤပုံစံအတိုင်းပင် အသံပြောင်း၍ ပြောဆိုကြမြဲဖြစ်ပါသည်။ ဤသို့အသံပြောင်းခြင်းမှာ ရှေ့က အသံ၏အရှိန်က နောက်က အသံကိုလာပြီး လွှမ်းမိုးသည့်အတွက် ပြောင်းခြင်းဖြစ်သည်။ 

        အချို့အသံများမှာမူ အသံပြတ်တောက်ပါသည်။ အသံရှိန်မရှိပါ။ လွယ်လွယ်ပြောရလျှင် “က်၊ စ်၊ တ်၊ ပ်” ဆိုသော အသတ်ပါသည့် အသံများဖြစ်ပါသည်။ အသံနှစ်သံကို တစ်ဆက်တည်း ရွတ်ဆိုသော်လည်း ရှေ့၌ ထိုအသံများရှိနေလျှင် နောက်ကအသံကို မလွှမ်းမိုးနိုင်သည့်အတွက် နောက်က အသံမပြောင်းပါ။ လူကြီးကို /လူဂျီး/ ဟု အသံပြောင်းပြီးထွက်သော်လည်း ဝက်ကြီးမှာမူ အသံမပြောင်းဘဲ /ဝက်ကျီး/ ဟုပင်ထွက်သည်။ “ဝက်”မှာ “က်” ရှိသည့်အတွက် မပြောင်းခြင်းဖြစ် ပါသည်။ စက်ကွင်း၊ မတ်ခွက်၊ ဖြတ်စာ၊ သောက်ဆေး၊ ကျောက်တောင်၊ ဝက်ထီး၊ သစ်ပင်၊ သစ်သီး စသည့် စကားလုံးများတွင် “ က်၊ စ်၊ တ်၊ ပ်” တစ်ခုခုရှိသဖြင့် နောက်ကအသံမပြောင်းပေ။ 

        အသံနှစ်သံတွဲသည့်အခါ နောက်ကအသံကြောင့် ရှေ့ကအသံပြောင်းပုံမျိုးလည်းရှိသည်။ ရှေ့က သရသံများသည် အသံတိုသွားပြီး အသံတစ်ဝက်သာ ကျန်တော့ခြင်းဖြစ်သည်။ “ငါးပိ”ဆိုသော စကားလုံးကို “ငပိ”ဟု အသံထွက်သည်။ “ငါး”မှ အသံတစ်ဝက်သာရွတ်ဆိုရသော “င” သံသို့ ပြောင်းသွားခြင်းဖြစ်ပါသည်။ စာရင်း/စယင်း/၊ နွားမ/နမာ့/ သူခိုး/သခိုး၊ တစ်ခု/တခု၊ နှုတ်ခမ်း /နှခမ်း/ စသည်ဖြင့် သာဓကများစွာရှိပါသည်။ 

        အသံပြောင်းခြင်းမှာ ရှေ့ကအသံနှင့်နောက်ကအသံကို မခြားမဖြတ်ဘဲ တစ်ဆက်တည်းရွတ်ဆိုမှုကြောင့် ပြောင်းခြင်းဖြစ်သည်။ တစ်ဆက်တည်းမရွတ်ဆိုဘဲ ကြားထဲမှခြားပြီးရွတ်ဆိုလျှင် အသံမပြောင်းတော့ပါ။ အသံခြားပြီးရွတ်ဆိုလျှင် ရှေ့သံနှင့် နောက်သံမဆက်တော့သည့်အတွက် အသံမပြောင်းတော့ခြင်းဖြစ်သည်။ “အမေ ပဲပြုတ်နေတယ်” ဆိုသောစကားတွင် “ပဲပြုတ်”သည် အသံမပြောင်း သော်လည်း “ပဲပြုတ်ဝယ်ပါ”ဆိုသောစကားတွင် ပဲဗျုတ်/ ဟု အသံပြောင်းသွားပါသည်။ “ပဲပြုတ် နေတယ်” တွင် “ပဲ”နှင့် “ပြုတ်” ကို ကြားမှာ စကားခြားပြီး ရွတ်ဆိုသည့်အတွက် နောက်သံမပြောင်း ခြင်းဖြစ်ပြီး “ပဲပြုတ်ကို ဝယ်မယ်”တွင် “ပဲနှင့်ပြုတ်”ကို မခြားဘဲ တစ်ဆက်တည်း ရွတ်ဆိုသည့်အတွက် အသံပြောင်းခြင်းဖြစ်ပါသည်။ ။ 

        အထက်၌ ပြခဲ့သော သာဓကများတွင် အသံမပြောင်းသော စကားလုံးများသည် ကြိယာ စကားလုံးများဖြစ်ကြောင်း နောက်တစ်ဆင့် ခွဲခြားမှတ်သားနိုင်သည်။ “ဘာသာပြန်သင်တန်း”ဆိုသော စကားလုံးတွင် “ဘာသာပြန်”သည် နာမ်စကားလုံးဖြစ်သည်။ /ဘာသှာဗျန်/ ဟု အသံပြောင်း သည်။ “ဘာသာပြန်နေတယ်” ဆိုသော စကားတွင်မူ “ဘာသာပြန်သည်” ကြိယာဖြစ်နေသည့်အတွက် အသံမပြောင်းပါ။ 

        အသံတူနှစ်ခုထပ်လျှင် နောက်ကအသံပြောင်းပါသည်။ ပျော်ပျော်ပါးပါး /ပျော်ဗော် ပါးဘား/ ပြင်းပြင်း ထန်ထန် /ပျင်းဗျင်းထန်ဒန်/ ပြုံးပြုံးလေး/ပျုန်းဗျုန်းလေး/ စသည်ဖြင့် များစွာရှိပါသည်။ 

        စိတ်ဝင်စားစရာအချက်များမှာ အသံတူနှစ်လုံးဆင့်ထားသော နာမည်များတွင်မူ အသံပြောင်းလေ့ မရှိခြင်းဖြစ်သည်။ “သူ့အသားက ဖြူဖြူဝင်းနေတာပဲ”ဟုပြောလျှင် / ဖျူဗျူဝင်း/ ဟု အသံပြောင်းသော်လည်း “ဖြူဖြူဝင်း”ဆိုသောနာမည်တွင်မူ အသံမပြောင်းကြောင်းတွေ့ရသည်။ 

        အခြေခံကျသော အသံပြောင်းစနစ်အချို့ကို ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ အသံထွက်မှန်ကန်ရေး အတွက် ထိုအချက်များသည် အထောက်အကူပြုလိမ့်မည်ဖြစ်သည်။ 

......................................................................

DBE BOX - Copyright Protected 

ကျောင်းသုံးစာအုပ် မြန်မာစာ ဒသမတန်း 

......................................................................

စလုံး နှင့် ဆလိမ် ပြဿနာ

 

        မြန်မာဗျည်းသံများတွင်/စ/ နှင့် ဆ/ သည် အသံချင်းကွဲပြားသကဲ့သို့ ယင်းတို့ကို စာဖြင့် ရေးရာတွင် စလုံးနှင့် ဆလိမ် အက္ခရာသည်ကွဲပါသည်။

         စ နှင့် ဆ သံ တို့သည် သွားရင်းတွင် ဖြစ်ပေါ်ပုံတူကြသည်။ စသံသည် လေအားလျော့ ဗျည်းဖြစ်၍ ဆ မှာ လေအားတင်းဗျည်းဖြစ်သည်။ ဤဗျည်းသံ နှစ်သံ အနက် စ သံ ကို ရွတ်ဆိုရာတွင် လေအားတင်းခြင်း (လေအားများခြင်း)သာ ခြားနား၏။ ဤသို့ လေအားလျော့ခြင်းနှင့် လေအား တင်းခြင်းဟူသော အသံအင်အားတို့ကြောင့် စ သံ နှင့် ဆ သံ ဟူသော သီးခြားဗျည်း သံရင်း နှစ်သံ၊ နှစ်မျိုးနှစ်စား ကွဲပြားသော ဗျည်းသံနှစ်သံ ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ စနှင့် ဆတွင် ဆ သံသည် “ဟ” သံ ပါဝင်သည်။ 

        စာ နှင့် ဆာ၊ စား နှင့် ဆား ကဲ့သို့ စ သံနှင့် ဆ သံ တို့၏ ကွဲပြားခြားနားသော အသံများကို လေ့လာသိရှိနိုင်ပါသည်။ 

        အသံထွက်မှား၍ စာလုံးပေါင်းသတ်ပုံပါ မှားရေးနေကြသည့် သာဓကများကိုလည်း ယခုအခါ အတော်အတန် တွေ့မြင်နေရပါပြီ။ ဆုငွေကို စုငွေ ဟူ၍လည်းကောင်း၊ ဆိတ်ငြိမ်ခြင်းကို စိတ်ငြိမ်ခြင်း ဟုလည်းကောင်း ဆိုက်ကပ်သည်ကို စိုက်ကပ်သည်ဟူ၍လည်းကောင်း အသံထွက်မှားမှုကြောင့် သတင်းစာနှင့် စာအုပ်စာတမ်းအချို့တွင် စာလုံးပေါင်းသတ်ပုံ မှားရေးနေကြပြီး အဓိပ္ပာယ်လည်း လွဲမှားကြသည့်အဖြစ်မျိုးမှာ စင်စစ်စာပေရေးထုံးစနစ်ကိုပင် ဆုတ်ယုတ်စေပါသည်။ 

        ဤကဲ့သို့ ပြောင်းလဲမှားယွင်းသည့် အဖြစ်ကို စဉ်းစားကြည့်သော် ဤသို့ ထင်မြင်ဆင်ခြင် မိသည်။ “စ” သံကို ရွတ်ဆိုရာတွင်အသုံးပြုရသော လေအားထက် “ဆ”သံကို ရွတ်ဆိုရသော လေအားက ပိုမိုများပြားခြင်းကြောင့် အနည်းငယ်ပင်ပန်းပါသည်။ “စ” သံဖြင့် အစားထိုးပါက အားစိုက်ရမှု သက်သာသည်။ ဤနည်းအားဖြင့် “ဆ”သံ အစား “စ”သံသို့ ပြောင်းလဲရွတ်ဆိုရာမှ ပီသမှု မရှိသော၊ အလွယ်လိုက်သောပြောဟန်တစ်မျိုးသို့ ယနေ့ပြောင်းလဲပျက်ယွင်းလာခဲ့ရသည်ဟု ထင်မြင် ယူဆမိသည်။ ဤ အသံထွက်ဟန်ပန်မျိုးကို ပျက်အစဉ် ပြင်ခဏ ဟူသောစကားအရ စနစ်တကျ အချိန်မီပြုပြင်လေ့ကျင့်ပေးသွားနိုင်မည်ဆိုပါက အသံထွက်မှန်ကန်ပီသမှုကို ပြန်လည် ထိန်းသိမ်းနိုင်မည်မှာ မလွဲဧကန် ဖြစ်ပေသည်။ 

        အောက်ပါ စ သံ နှင့် ဆ သံဆိုင်ရာ စကားအသုံးအနှုန်းအချို့ကို နှိုင်းယှဉ်လေ့ကျင့်ခြင်းဖြင့် အကျိုးသက်ရောက်မှုများ ကောင်းစွာရရှိလာနိုင်မည်ဖြစ်သည်။ 


(၁) စ - ဆ စကားအရာလိမ္မာပါ။ မိဘဆရာ၊ ရိုသေကြ။ 

(၂) စာ - ဆာ စာအောင်သူကိုဂုဏ်ပြုပါ။ ဆာလောင်သူကိုဖေးမပါ။ 

(၃) စား - ဆား စားပါ၊ သောက်ပါ၊ ဆားလျှော့ပါ။ 

(၄) စီ - ဆီ စီစဉ်ပေးပါ။ ဆီလျှော့ ကျွေးပါ။ 

(၅) စီး - ဆီး စီးဆင်းရေသံ။ ဆီးနှင်းဝေလျှံ။ 

(၆) စူး - ဆူး စူးစိုက်လုံ့လ၊ ထုတ်ကြပါ။ ဆူးစူးလွတ်အောင်၊ ကြည့်ရှောင်ပါ။ 

(၇) စေး-ဆေး စေးပျစ်ချုံများ၊ ရှင်းလင်းထား။ ဆေးဝါးဒါန၊ ပေးလှူကြ။ 

(၈) စဲ - ဆဲ စဲသည့်မိုးနှယ် ပွင့်လင်းဖွယ်။ ဆဲရေးတိုင်းထွာ ရှောင်ကြဉ်ပါ။ 

(၉) စံ- ဆံ စံပယ်တော်မူ၏။ ဆံပယ်တော်မူ၏။ 

(၁၀) စို - ဆို စိုပြည်လှပ၊ ယှဉ်ပြိုင်ကြ။ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲကြီး၊ 

(၁၁) စို့ - ဆို့ စို့ထွက်နေပြီ၊ ကျမျက်ရည်။ ဆို့ပိတ်နေပြီ၊ မြူနှင်းရည်။ 

(၁၂) စိုး - ဆိုး စိုးရိမ်သောက၊ ကင်းကြပါစေ။ ဆိုးသွမ်းဒေါသ၊ရှင်းကြပါစေ။ 

(၁၃) စိုက် -ဆိုက် စိုက်ရေးပျိုးရေး၊ တို့အားပေး။ ဆိုက်ရေးကပ်ရေး၊ လှော်ခတ်ပေး။ 

(၁၄) စင် - ဆင် စင်ကြယ်ဒါန၊ ကုသိုလ်ရ၊ ဆင်ခြင်တုံတရား၊ လက်ကိုင်ထား။ 

(၁၅) စောင့် -ဆောင့် စောင့်လေမျိုးနွယ်၊ ကျင့်ကြကွယ်။ ဆောင့်အောင့်မူရာ၊ ရှောင်ကြဉ်ပါ။ 

(၁၆) စိတ် - ဆိတ် စိတ်ငြိမ်အောင်ပြု၊ တရားရှု၊ ဆိတ်ငြိမ်ရာတွင် တရားဝင်။ 

(၁၇) စုတ် - ဆုတ် စုတ်ပြဲကင်းအောင်၊ သတိဆောင်၊ ဆုတ်ဖြဲလိုမှု၊ သတိပြု။ 

(၁၈) စွတ် - ဆွတ် စွတ်စိုလှပြီ၊ မိုးရာသီ၊ဆွတ်လိုလှပြီ၊ ပန်းပေါင်းဆီ။ 


ရွှေလမင်းသွင်(မြန်စာ) 

ကျောင်းသုံးစာအုပ် မြန်မာစာ ဒသမတန်း

........................................................................ 


တ သံနှင့် သ သံ၊ အက် သံနှင့် အတ်သံ သတိပြုရန် 


        စကားပြောရာတွင် တနှင့် သ ကို ပီပီသသခွဲခြားပြောဆိုတတ်ရန် လိုအပ်ပါသည်။ တချို့မှာ “တ”နှင့် “သ” သံကို မကွဲပြားပါ။ “တော်တော်ကောင်းတယ်” ကို “သော်သော် ကောင်းတယ်” ၊ “လေးလေးတွဲ့တွဲ” ကို “ လေးလေးသဲသဲ” ဟု ပြောပုံမျိုးဖြစ်သည်။ ပြောင်းပြန်အနေနှင့်“ ကြက်သား” “ဝက်သား” ကို “ကြက်တား” “ဝက်တား” “သန်းသန်း” ဟူသောအမည်ကို “တန်းတန်း” ဟု ခေါ်ဆိုပုံ များဖြစ်သည်။ အောက်ပါစကားလုံးများကို “သ”နှင့် “တ”ပီအောင် လေ့ကျင့်ပါ။ 

(၁) သိပ်သတိရတယ်။ 

(၂) တမ်းတမ်းတတ တွယ်တွယ်တာတာ 

(၃) သတိတရနဲ့ အမှတ်တရ 

(၄) သတို့သားနှင့် သတို့သမီး 

(၅) သက်သက်သာသာ နေထိုင်ပါ။ 

(၆) တောင့်တတိုင်းသာ ပြည့်ပါစေ။ 

        နောက်ထပ်မပီသသည့် အသံတစ်မျိုးမှာ “က သတ်”နှင့် “တ သတ်”သံ မကွဲပြားခြင်း ဖြစ်သည်။ “တ်” သုံးရမည့် နေရာများတွင် “က်” သုံးမိခြင်းမျိုးဖြစ်သည်။ “တက်တက်ကြွကြွ” ကို “တတ်တတ်ကြွကြွ”ဟု သုံးမိခြင်းမျိုး၊ “ကတ်ကတ်သတ်သတ်” ကို “ကက်ကက်သက်သက်” ဟု သုံးမိခြင်းမျိုးများဖြစ်သည်။ အောက်ပါစကားလုံးများကို “က်”နှင့် “တ်” မှန်အောင်လေ့ကျင့်ပါ။ 

(၁) သက်သက်သာသာ 

(၂) တက်ရောက် 

(၃) အတတ်ပညာ 

(၄) လတ်လတ်ဆတ်ဆတ် 

(၅) ရက်ဆက်လာပါ။ 

(၆) ဆက်လက်ကြိုးစားပါ။ 

        အထက်ပါစကားလုံးများနှင့် ဝါကျတိုများကို အရေးရော၊ အသံထွက်ပါ မှန်အောင်လေ့ကျင့်ပါ။ ထို့နောက် အဓိပ္ပာယ်ပြည့်စုံသော ဝါကျရှည်များတွင် ထည့်သုံး၍လေ့ကျင့်ပါ။ ထို့နောက် စာပိုဒ်တွင် ထည့်သုံး၍လေ့ကျင့်ပါ။ ထိုသို့လေ့ကျင့်ပါမှ အရေး၊ အသံထွက်နှင့် အဓိပ္ပာယ်ပါ တိကျမှန်ကန်လာမည် ဖြစ်သည်။ 


စကားပြောဆိုရာတွင် ရှောင်ကြဉ်သင့်သည်များ 

        စကားပြောဆိုရာတွင် ပုဂ္ဂိုလ်အရ လိုက်ဖက်အောင် ပြောဆိုသုံးစွဲရသည့် စကားလုံးများရှိပါ သည်။ “ဘဲ၊ စော်” ကဲ့သို့သော ဗန်းစကားများကို လူကြီးသူမများနှင့် စကားပြောဆိုရာတွင် ထည့်သွင်း အသုံးပြုမိပါက ရိုင်းရာကျပေလိမ့်မည်။ ထို့ကြောင့် လူကြီးမိဘများနှင့် စကားများပြောရာတွင် ဗန်းစကားများ ထည့်သွင်းပြောဆိုခြင်းကို ရှောင်ကြဉ်ရမည်ဖြစ်သည်။ 

        စကားပြောဆိုရာတွင် ကြိယာထောက် “ပ” ထည့်ပြောခြင်းနှင့် ထည့်မပြောခြင်းသည်လည်း ယဉ်ကျေးခြင်း၊ ရိုင်းစိုင်းခြင်းသဘောကို ဆောင်နေတတ်သဖြင့် “ပါ” အသုံးကို အထူးသတိပြု ရမည်ဖြစ်သည်။ “ ဟုတ်ကဲ့”နှင့် “ဟုတ်ကဲ့ပါ” “ဟုတ်တယ်”နှင့် “ ဟုတ်ပါတယ်” စကားလုံးများကို နှိုင်းယှဉ်ကြည့်လျှင် ရိုင်းစိုင်းခြင်း၊ ယဉ်ကျေးခြင်း သဘောကို သိရှိနိုင်ပါသည်။ ထို့ကြောင့် မိမိထက် ဂုဏ်၊ ဝါ ကြီးသူတို့နှင့်စကားပြောရာတွင် “ပါ” ထည့် မသုံးတတ်သည့်အလေ့ကို သတိထားရှောင်ကြဉ် ရမည်ဖြစ်သည်။ 

        စကားပြောဆိုရာတွင် ရိုင်းမှန်းမသိ ရိုင်းနေသည့် စကားလုံးတစ်လုံးမှာ “အရမ်း” ဟူသည့် အသုံးအနှုန်းဖြစ်သည်။ အချင်းချင်းပြောဆိုသည့်စကားတွင် “အရမ်း” ဟူသည့်စကားလုံးကို ထည့်၍ “အရမ်းလှတာပဲ” “အရမ်းကောင်းတာပဲ” စသည်ဖြင့်သုံးခြင်းသည် ဆီလျော်သော်လည်း၊ လူကြီးသူမများ နှင့် စကားပြောဆိုရာ၌လည်းကောင်း၊ အခမ်းအနားများတွင်လည်းကောင်း၊ စကားပြောဆိုရာ၌ လည်းကောင်း “အရမ်း” ကို ထည့်သုံးလျှင်မူ မယဉ်ကျေးသည့် သဘောဆောင်နေပါသည်။ ထို့ကြောင့် “အရမ်း” အသုံးကိုလည်း သတိထားရှောင်ကြဉ်ရမည်ဖြစ်သည်။ 

        “နော်” “ပေါ့နော်” “သိတယ်မဟုတ်လား” ဟူသည့် စကားတို့သည်လည်း မိမိ တည်တည်တံ့တံ့ ပြောဆိုနေသည့် အကြောင်းအရာများကို ပေါ့ပေါ့ပျက်ပျက် ဖြစ်သွားစေသည့် စကားလုံးများဖြစ်သည်။ ထို့ကြောင့် အခမ်းအနားများ၌ စကားပြောသည့်အခါ ထိုစကားလုံးများ ထည့်သွင်းပြောဆိုခြင်းကို ရှောင်ကြဉ်ရမည်ဖြစ်သည်။ 

        စကားပြောဆိုရာတွင် နေရာနှင့် လိုက်ဖက်မှုရှိသောစကားမျိုးကို ပြောဆိုတတ်ရမည်ဖြစ်သည်။ မင်္ဂလာအခမ်းအနားတွင် မင်္ဂလာမရှိသော စကားပြောဆိုခြင်းမျိုး၊ ဈာပနအခမ်းအနားတွင် ရယ်မောစရာစကားပြောခြင်းမျိုးကို ရှောင်ကြဉ်ရမည်ဖြစ်သည်။ 

        ဈေး၊ ကုန်တိုက်၊ ဘတ်စကားမှတ်တိုင်ကဲ့သို့ လူစည်ကားသည့် နေရာများတွင် အချင်းချင်း ဆဲဆိုလှောင်ပြောင်ပြောဆိုတတ်ကြသည့် ဖြစ်ရပ်မျိုးကို မကြာခဏကြုံဖူးပါသည်။ သူတို့၏ စကားကို ကြားရသူများတွင် စိတ်မသက်သာသည့် အမူအရာမျိုးတွေ့ ရသော်လည်း ဂရုစိုက်ရကောင်းမှန်းမသိ။ အထူးသဖြင့် တိုင်းထွာသည့်စကားမျိုး၊ ဆဲရေးသည့်စကားမျိုးကို အထိန်းအချုပ်မရှိဘဲ လွတ်လွတ်လပ်လပ် ပြောဆိုနေတတ်ကြသည်။ ဘေးလူများကို ရှက်ရကြောက်ရကောင်းမှန်း သိပုံမရပါ။ ထိုသို့ ပြောဆိုခြင်း မျိုးသည်လည်း ရှောင်ကြဉ် ရမည်ဖြစ်သည်။ 

        စကားမပြောသင့်သည့်နေရာတွင် စကားပြောခြင်းသည်လည်း နေရာမသိရာ ရောက်ပါသည်။ အခမ်းအနားများတွင် ရှေ့ကဆွေးနွေးပြောဆိုသူ၏ ဆွေးနွေးချက်ကို နားမထောင်ဘဲ အချင်းချင်း စကားပြောခြင်းမျိုး၊ စာသင်ခန်း၌ ဆရာ၊ ဆရာမ စာသင်နေစဉ် နားမထောင်ဘဲ တိုးတိုးတိတ်တိတ် စကားပြောနေခြင်းမျိုးမှာ ရှေ့ကပြောနေသူကို မလေးစားရာရောက်သော ရိုင်းပျသောအမူအရာမျိုး ဖြစ်သဖြင့် ထိုအပြုအမူများကိုလည်း ရှောင်ကြဉ်ရမည်ဖြစ်သည်။ 

        မြန်မာစကားတွင် အဓိပ္ပာယ်တူသော စကားများစွာရှိပါသည်။ အဓိပ္ပာယ်ချင်းတူသော်လည်း သူ့နေရာနှင့်သူ ဆီလျော်သောစကားကို ရွေးချယ်ပြောဆိုသည့်အလေ့မှာ အစဉ်အဆက် ကျင့်သုံး လိုက်နာခဲ့သည့် အလေ့ဖြစ်ပါသည်။ ထမင်းဖိတ်ကျွေးသည့် ဧည့်သည်ချင်းတူစေကာမူ ရိုသေလေးစား အပ်သော အသက်ကြီးသူ ဂုဏ်ကြီးသူဖြစ်လျှင် “သုံးဆောင်ပါ” ဟုပြောပြီး၊ ခင်မင်ရင်းနှီးသူဖြစ်လျှင် “အားရပါးရစားပါ”ဟု သုံးစွဲတတ်သည်။ ဤသို့ အသက်အရွယ်၊ ဂုဏ်ကိုလိုက်၍ ပြောဆိုခြင်း၊ အပြောအဆို ယဉ်ကျေးသိမ်မွေ့ခြင်းကို ချေငံမှုဟု ခေါ်သည်။ လူတစ်ယောက်နှင့် တစ်ယောက် ပြောဆို ဆက်ဆံရာတွင် ချေချေငံငံပြောဆိုတတ်ခြင်းသည် အများကနှစ်သက်လက်ခံသော ဂုဏ်အရည်အချင်း တစ်ခုဖြစ်သဖြင့် မချေမငံပြောဆိုခြင်းကို ရှောင်ကြဉ်ရမည်ဖြစ်သည်။ 

        “နေကောင်းရဲ့လား” “စားပြီးပြီလား” “ဘယ်ကလာတာလဲ” စသည့် စကားမျိုးသည် လောကဝတ် စကားများဖြစ်သည်။ လောကဝတ်စကားများသည် ပြောသည့်စကား၏ အဓိပ္ပာယ်ထက် တစ်ယောက်နှင့် တစ်ယောက် စကားပြောပြီးဆက်သွယ်ရေးလမ်းကြောင်းဖွင့်သည့် သဘောကပိုနေပါသည်။ တချို့ကမူ လောကဝတ်စကားများကို အပိုစကားများဟု သတ်မှတ်ကြသည်။ လောကဝတ်စကားများပြောဖို့ ဝန်လေး တတ်ကြသည်။ ထိုအခါ တစ်ဦးနှင့်တစ်ဦးအကြား အထင်အမြင် လွဲမှားမှုများပေါ်လာတတ်သည်။ လောကဝတ်စကားများသည် လူ့အဖွဲ့အစည်းတွင် တစ်ဦးနှင့်တစ်ဦး ဆက်ဆံရေးအဆင်ပြေမှုအတွက် များစွာအထောက်အကူပြုသည်။ ထို့ကြောင့် လူတစ်ဦးနှင့်တစ်ဦးတွေ့ဆုံကြလျှင် လောကဝတ်စကား မပြောဘဲ နှုတ်ပိတ်နေတတ်သည့်အလေ့ကိုလည်း ရှောင်ကြဉ်ရမည်ပင်ဖြစ်သည်။ 

        နောက်ဆုံးအနေဖြင့်တင်ပြလိုသည့် ရှောင်ကြဉ်သင့်သည့်အချက်မှာ စကားကိုလက်လွတ်စပယ် ပြောဆိုတတ်သည့် အလေ့ပင်ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး စကားဖြင့် ဆက်သွယ်နေကြသည့် လူသားများ အတွက် စကားတစ်ခွန်းသည် အလွန်အရေးကြီးပါသည်။ စကားတစ်ခွန်း၌ပါသွားသည့် အကြောင်း အချက်များ၊ ထင်မြင်ချက်များသည် နားထောင်သူကို “သာ” အောင်လည်း လုပ်နိုင်သကဲ့သို့ “နာ” အောင်လည်း လုပ်နိုင်ပေသည်။ “သာ”အောင် ပြုလိုက်ခြင်းသည် ကိစ္စမရှိသော်လည်း “နာ”အောင် ပြုလိုက်မိလျှင် နောက်ဆက်တွဲ ပြဿနာများပေါ်လာနိုင်ပါသည်။ ထို့ကြောင့် စကားကိုသတိမမူဘဲ လက်လွတ်စပယ်ပြောခြင်းကို ရှောင်ကြဉ်ရမည်ဖြစ်သည်။ 



ကျိုးရှိဟုတ်ရာ နာမနာ ဆိုရာစကားမှတ်

 

“စကားခြောက်ခွန်း လူ၌ထွန်း၊ လေးခွန်းကိုပယ် နှစ်ခွန်းတယ်(တည်)” 

“ကျိုးရှိဟုတ်ရာ နာမနာ ဆိုရာစကားမှတ်” 

ဟူသည့် စကားခြောက်ခွန်းမှာ သုတ္တန်ပိဋကတ်၊ မဇ္ဈိမပဏ္ဏာသပါဠိတော်၊ ဂဟပတိဝဂ်၊ အဘယ ရာဇကုမာရသုတ်တော်တွင် ဘုရားရှင်ဟောကြားတော်မူသော အကြောင်းအရာဖြစ်သည်။ ထို အကြောင်း အရာကို မြန်မာစာပေကျမ်းဂန်များတွင် ကိုးကားဖော်ပြလေ့ရှိသည့်အတွက် “စကားခြောက်ခွန်း” သည် မြန်မာများနှင့် အကျွမ်းတဝင်ဖြစ်နေပါပြီ။

         စကားခြောက်ခွန်းမှာ ဟုတ်မှန်ခြင်း၊ မဟုတ်မှန်ခြင်း၊ အကျိုးရှိခြင်း၊ အကျိုးမရှိခြင်း၊ ကြားနာသူ နှစ်သက်ခြင်း၊ မနှစ်သက်ခြင်းဟူသော အချက်များပေါ်တွင် အခြေပြု၍ ဖော်ထုတ်ထားသော စကားများ ဖြစ်ပါသည်။ ထိုအချက်များအရ စကားခြောက်ခွန်းကို ဤသို့ခွဲပြထားပါသည်။ 


၁။ ဟုတ်မှန်၊ အကျိုးရှိ၊ နှစ်သက်သောစကား 

၂။ ဟုတ်မှန်၊ အကျိုးရှိ၊ မနှစ်သက်သောစကား 

၃။ ဟုတ်မှန်၊ အကျိုးမရှိ၊ နှစ်သက်သောစကား 

၄။ ဟုတ်မှန်၊ အကျိုးမရှိ၊ မနှစ်သက်သောစကား 

၅။ မဟုတ်မှန်၊ အကျိုးမရှိ၊ နှစ်သက်သောစကား 

၆။ မဟုတ်မှန်၊ အကျိုးမရှိ၊ မနှစ်သက်သောစကား 


        ဟုတ်မှန်၍ အကျိုးရှိပြီး နားထောင်သူလည်းနှစ်သက်သော စကားမှာ အကောင်းဆုံးဖြစ် သည်။ အသိပညာတိုးပွားရာ တိုးပွားကြောင်းအတွက် မိဘက သားသမီးကို ပြောသောစကား၊ ဆရာက တပည့်ကို ပြောသောစကားကစ၍ ရဟန်းသံဃာတော်များ၏ တရားပွဲများ၊ စာပေဟောပြောပွဲများ၊ ပညာရပ်ဟောပြောပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ စသည်တို့တွင် ဤစကားမျိုးကို ကြားရမြဲဖြစ်ပါသည်။ 

        ဟုတ်မှန်၍ အကျိုးရှိသော်လည်း နားထောင်သူ မနှစ်သက်သောစကားမှာလည်း ပြောသင့် ပြောထိုက်သော စကားဖြစ်သည်။ သာဓကအားဖြင့် မူးယစ်ဆေးစွဲနေသောသူကို မူးယစ်ဆေး၏ အန္တရာယ်အကြောင်း ပြောဆိုဆုံးမသောစကားမျိုးဖြစ်သည်။ ဟုတ်မှန်သောစကား၊ နာယူသူအတွက် အကျိုးရှိသောစကားဖြစ်သော်လည်း ဆေးစွဲသူကတော့ နာယူချင်မည်မဟုတ်ပါ။ အလားတူပင် အမှား ပြုသူ တစ်ယောက်၏ အမှားကိုထောက်ပြ၍ အမှန်သို့ရောက်အောင် လမ်းပြပေးသည့်စကားမျိုးကို ထိုသူမနှစ်သက်စေကာမူ အကျိုးကိုမျှော်ကိုးပြီး ပြောဆိုရမည်ပင်ဖြစ်သည်။ 

        ဟုတ်မှန်သော်လည်း အကျိုးမရှိသည့် စကားမျိုးမှာမူ နားထောင်သူနှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ မပြောသင့်သောစကားဖြစ်သည်။ လူမည်း (နီဂရိုး)လူငယ်ကလေးကို “နစ်ဂါး” ဟုခေါ်သောစကားမျိုးသည် မှန်ပင်မှန်သော်လည်း နားထောင်သူကို ထိပါးသောစကားမျိုး ဖြစ်သည့် အတွက် အကျိုးမရှိပါ။ နားထောင်သူက နှစ်သက်မည် မဟုတ်ပါ။ ထို့အတူ ကာယကံရှင် ကွယ်ရာတွင် အတင်းအဖျင်း ပြောဆိုသောစကားမျိုးသည် နားထောင်သူအချို့ နှစ်သက်တတ်သော စကားမျိုးဖြစ်သော်လည်း သူတစ်ပါး၏အားနည်းချက်ကို ကွယ်ရာမှာပြောသောစကားမျိုးဖြစ်၍ အကျိုးမရှိနိုင်ပါ။ ကာယကံရှင်သိသွားလျှင် တစ်ယောက်နှင့်တစ်ယောက် ဆက်ဆံမှုပျက်ပြားပြီး အကျိုးယုတ်စရာသာ ရှိပါသည်။ 

        ဟုတ်မှန်ခြင်းလည်းမရှိ၊ အကျိုးလည်းမရှိသော စကားမျိုးမှာလည်း နားထောင်သူ နှစ်သက်သည် ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ မပြောသင့်သောစကားဖြစ်သည်။ မဟုတ်မမှန် လိမ်ညာလှည့်ဖြားပြော ဆိုသော စကားမျိုးသည် ဝစီဒုစရိုက်မကင်းသော စကားမျိုးဖြစ်ဖို့များသည်။ လိမ်ညာပြောဆိုခြင်း၊ ကုန်းချောစကားပြောဆိုခြင်း၊ အပြိန်းအဖျင်းပြောဆိုခြင်း၊ ဆဲရေးတိုင်းထွာပြောဆိုခြင်းဟူသော ဝစီဒုစရိုက် လေးမျိုးတွင် တစ်မျိုးမဟုတ်တစ်မျိုးအကျုံးဝင်နေမည်ဖြစ်သည်။ ထိုစကားမျိုးကို နှစ်သက်သူလည်းရှိ သည်။ မနှစ်သက်သူလည်းရှိသည်။ သို့သော် အကျိုးမရှိသောစကားဖြစ်၍ ထိုစကားမျိုးကို မပြောသင့် သောစကားအဖြစ် မှတ်ယူရပါသည်။

        ဤစကားခြောက်ခွန်းတွင် ဟုတ်မှန်၍ အကျိုးရှိပြီး နားထောင်သူနှစ်သက်သောစကားနှင့် ဟုတ်မှန်၍ အကျိုးရှိသော်လည်း နားထောင်သူမနှစ်သက်သော စကားဟူသည့် စကားနှစ်မျိုးသည် ပြောဆိုသင့်သောစကားများဖြစ်၍ ကျန်စကားလေးမျိုးမှာမူ မပြောဆိုသင့်သောစကားများဖြစ်ကြောင်း ဘုရားရှင်မိန့်ကြားတော်မူခဲ့ပါသည်။ ထိုအချက်ကို “ကျိုးရှိဟုတ်ရာ နာမနာ ဆိုရာစကားမှတ်” ဟု သံပေါက်ကဗျာဖွဲ့၍ မှတ်သားကြခြင်းဖြစ်သည်။ 

......................................................

ဒသမတန်း မြန်မာစာ ကျောင်းသုံးစာအုပ် 

......................................................


နားထောင်သောအလေ့ 


        ကျွန်တော်တို့၏ အပြစ်ကလေးများကို တစ်ခါတစ်ခါ ပြန်ရှာကြရပေမည်။ အချစ်ဆုံးမိတ်ဆွေ သို့မဟုတ် အိမ်သူအိမ်သားတစ်ဦးဦးအားလည်း သတိထားကြည့်ပေးဖို့ ပြောရပေမည်။ 

        တစ်ခါတစ်ရံသာမဟုတ်၊ မကြာမကြာပင် စစ်ဆေးကြည့်စရာကောင်းပေသည်။ ကိုယ့်ကိုယ်ကိုယ် လည်း မှန်ထဲကြည့်သည့်အလား ပြန်လည်စစ်ဆေးကြည့်ရပေမည်။ ကြည့်သင့်သည်။ 

        မည်သူမဆို၊ ကျွန်တော်ဖြစ်စေ၊ မိတ်ဆွေဖြစ်စေ ကိုယ့်ကိုယ်ကိုယ်စစ်ဆေးခြင်း၊ မိတ်ဆွေ များ၏ အကြံဉာဏ်ပေးခြင်းနှင့် သတိပေးခြင်းကို မခံယူလျှင်နေရာမကျပေ။ မိမိကိုယ်ကို ဗလာထားပြီး နှိမ့်ချကာစစ်ဆေးပါမှ ချစ်ခင်ရင်းနှီးသူ၏ ပြောပြခြင်းကိုခံယူပါမှ သတိထားပြုပြင်နိုင်မည်။ တိုးတက်မှု ရှိနိုင်မည်ဟု ကျွန်တော်မြင်မိသည်။ ။ 

        အခြားအကြောင်းအရာများကို အပထား၍ ကျွန်တော်တို့တွင်ရှိတတ်သော ချွတ်ယွင်းချက် တစ်ခုမှာ မိတ်ဆွေများ၊ ဧည့်သည်များနှင့် စကားစမြည်ပြောလျှင် လူပြောသော အလေ့ဖြစ်သည်။ ဤအလေ့သည် ကိုယ်ကဘာမှသတိမထားသော်လည်း အတူတူစကားပြောသူများကို များစွာ အနှောင့်အယှက် ဖြစ်စေသည်။ 

        ဝိုင်းတစ်ဝိုင်း၌စကားလှပြောသူ နှစ်ဦး၊ သုံးဦးပါလျှင် ထိုဝိုင်းတွင် ဘယ်စကားကို နားထောင်၍ ဘယ်သူ့ဘက် မျက်နှာလှည့်ထားရမည်ပင် မသိတော့ပေ။ နားထောင်ရသူသည် နားတွင်းဝင်လာသော စကားများက မျိုးစုံလှသောကြောင့် ဘယ်စကားကို နားထောင်ရမည်ပင်မသိဘဲ နားထောင်ချင်၊ နားစွင့်ချင်ယောင်ဆောင်ပြီး ဟိုဘက်လိုလို၊ သည်ဘက်လိုလို သွားပြီးကလေးနှင့် လုပ်နေရလေသည်။ ဘယ်သူ့စကားမှနားမဝင် ဘာမှလည်းနားမလည်။ 

        ဤအတွေ့အကြုံမျိုးကို ကျွန်တော် မကြာမကြာ ကြုံတွေ့ရသည်။ တစ်ခါတစ်ရံ ကျွန်တော်လည်း စကားလုပြောသူများအထဲတွင် အပါအဝင်ဖြစ်နေသည်ကို တွေ့ရသောကြောင့် မနည်းသတိထားပြီး ပြန်ဆုတ်ရသည်။         ဘာကြောင့် သူများပြောသည်ကို နားမထောင်ဘဲ ကိုယ်က လုလူပြောရသလဲဟု စစ်ဆေး ကြည့်သောအခါ ကိုယ်ပြောသည့်အကြောင်းအရာကို ကိုယ်ကအရေးကြီးသည်ထင်သောကြောင့် ဖြစ်သည်။ 

        ဤသို့ ထင်တတ်မြင်တတ်ခြင်းသည် နောင်သောအခါ အကျင့်ကြီးဖြစ်ပြီး ဘယ်အခါမဆို ဝိုင်းထိုင်မိရာ၌လည်းကောင်း၊ လူစုမိရာ၌လည်းကောင်း ကိုယ်ကချည်း ရှေ့ကပြောနေလေတော့သည်။ 

        ထိုဝိုင်းတွင် ငါ ဘာများပြောခဲ့မိပါလိမ့်ဆိုသည်ကို ပြန်စဉ်းစားကြည့်လျှင် စကားများများ စပြောသူ လုလုပြီး ပြောလေ့ရှိသူများသည် မှတ်မိခဲ့သည်။ စိတ်ဝင်စားသည်မှာလည်း ထိုပြောနေချိန် အခိုက်အတန့်၌သာဖြစ်ရာ ထိုပုဂ္ဂိုလ်အတွက်ကား ဘာပြောခဲ့သည်ကို မမှတ်မိသည်မှာလည်း အရေးမကြီးပေ။ 

        သုံးသပ်ဝေဖန်ကြည့်သောအခါ သူတစ်ပါးပြောသည်ကို ကောင်းစွာနားထောင်တတ်ဖို့ အလွန် အရေးကြီးသည်ကို ကျွန်တော်တို့တွေ့ရသည်။ ထိုသူ ကျေနပ်ရန်သာမဟုတ်၊ ဘာပြောသည်၊ ဘာ အဓိပ္ပာယ်ရှိသည်၊ ဘယ်မျှအနှစ်သာရပါရှိသည်၊ မည်သည့်အချက်ကို မှတ်သားရမည်ဆိုသည်များကို ကောင်းစွာဂရုပြု နားထောင်မှပင်သိနိုင်ပေသည်။ 

        များသောအားဖြင့် ကျွန်တော်တို့သည် သူများပြောသည်ကို နားထောင်ကြသည်ထက် ကိုယ့် အလှည့် ဘယ်တော့ရောက်မည်ကို စောင့်နေကြပေသည်။ အခွင့်သာလျှင်တိုးဝင်ပြီး ပြောလိုက်တော့သည်။ 

        စကားပြောသူများအနက် ဘာမှအဓိပ္ပာယ်မရှိလှသည်ကို ကိုယ်တတ်လုပ်ပြီး ပြောနေသူ များနှင့် ကြုံလျှင်ကား ကံဆိုးသောကြောင့် ကြုံရလေခြင်းဟု မှတ်ယူသင့်ပေသည်။ သို့ရာတွင် တချို့မှာ အလွန်တန်ဖိုးရှိသော စကားများကို ပြောတတ်ကြသည်။ ထိုပုဂ္ဂိုလ်မျိုးနှင့် ကြုံလျှင်ဆုံလျှင်ကား မိမိ သိလို၍ မေးသင့်သောမေးခွန်းကို အချက်ကျကျ စနစ်တကျ ပျော့ပျော့ပျောင်းပျောင်း မေးသင့်ပေ သည်။ 

        တစ်ဦးဦးက ဝိုင်းထဲတွင် စကားပြောနေသည်ကို မိမိက စိတ်မဝင်စားသကဲ့သို့ ဟိုကြည့် သည်ကြည့် လုပ်နေခြင်းမှာကား အလွန်ရိုင်းသော အမူအရာဖြစ်သည်။ 

        စကားလုံးလုပြောတတ်ခြင်း၊ ထိုင်မိကြလျှင် မိမိကသာ အတတ်အလိမ္မာ အစွာသဘောမျိုး ပြောဆိုနေတတ်ခြင်းများထက် သူတစ်ပါးပြောသည်ကို ကောင်းစွာနားထောင်ခြင်းက အကျိုးများသည်။ နားထောင်တတ်သောအကျင့်ကိုရအောင် လေ့ကျင့်ကြပါဟု မိတ်ဆွေများနှင့် လူငယ်များကို ကျွန်တော် တိုက်တွန်းလိုပါသည်။ ကျွန်တော်လည်း သတိပြုလေ့ကျင့်လျက်ရှိပါသည်။ 

        ဤသို့ဆိုရာ၌ ပါးစပ်ကြီးပိတ်ပြီး ဖိုးဝရုပ်ကြီးကဲ့သို့ နေရမည်ဟု မဆိုလိုပါ။ တကယ်စိတ်ဝင် စားစွာ နားထောင်တတ်သော အကျင့်ကိုရအောင် ထူထောင်ရန်သာ ဆိုလိုပါသတည်း။ ။

 လူထုဦးလှ 

ဒသမတန်း မြန်မာစာ ကျောင်းသုံးစာအုပ် 

Related Posts

No comments:

Post a Comment