// //]]>

Daw Aung Sun Suu Kyi Speech (2016 Oct 15)

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခြင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနား တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်း
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
နေပြည်တော် အောက်တိုဘာ ၁၅
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားတွင် အမျိုးသားပြန်လည် သင့်မြတ် ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည် ပြောကြား သည့် မိန့်ခွန်းအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-


ယနေ့ အခမ်းအနားကို တက်ရောက်လာကြတဲ့ နိုင်ငံတော်သမ္မတကြီးနှင့်တကွ ဧည့်သည်တော်များအားလုံး ကျွန်မတို့ရဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမ အားလုံးကို ကြိုဆိုနှုတ်ခွန်းဆက်ပါတယ်။
ကျွန်မတို့ ဒီနေ့ဟာ(NCA –Nationwide Ceasefire Agreement) တစ်နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် စာချုပ်ရဲ့ တစ်နှစ်ပြည့်မြောက်တဲ့ အခမ်းအနား ဖြစ်ပါတယ်။ ဒီတစ်နှစ်အတွင်းမှာလည်း အတော်အတန်ပဲ တိုးတက်မှုရှိခဲ့ တယ်လို့ ကျွန်မတို့ယုံကြည်ပါတယ်။ ဒီစာချုပ်ကို ပထမဦးဆုံး လက်မှတ်ရေးထိုးဖြစ် အောင် ၀ိုင်းဝန်းပြီးတော့ ကူညီခဲ့ကြတဲ့ ယခင်အစိုးရ၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တကွ အားလုံး ကိုလည်း ကျွန်မတို့ ကျေးဇူးတင်ပါတယ်။ ဂုဏ်ပြုပါတယ်။
လမ်းတစ်လမ်းကို စလျှောက်မယ်ဆိုရင် ပထမခြေလှမ်းက အရေးအကြီးဆုံး ပါပဲ။ အဲ့ဒီတော့ ကျွန်မတို့ဟာ ပထမခြေလှမ်းကို လှမ်းလို့ ပြီးပါပြီ။ ဆက်ပြီးတော့ လှမ်းစရာ ခြေလှမ်းတွေ ရှိပါသေးတယ်။ အခုကျွန်မတို့ရဲ့ NCA ထဲမှာ ဘာတွေပါလဲဆိုတာ ကိုတော့ အခု အခမ်းအနားမှာ ဖတ်ပြကြမှာဖြစ် ပါတယ်။ ကျွန်မတို့ အခုဆိုရင် အပစ် အခတ်ရပ်စဲရေး(Nationwide)ဆိုတာ၊ တစ်နိုင်ငံလုံးဆိုင်ရာဆိုပေမယ့်လည်း တစ်နိုင်ငံ လုံးဆိုင်ရာ ကျွန်မတို့ ပါစေချင်တဲ့ ပုဂ္ဂိုလ်များ၊ ပါသင့်ပါထိုက်တဲ့အဖွဲ့များအားလုံး မပါ သေးဘူး ဆိုတာကိုလည်း ကျွန်မတို့သိပြီးသားဖြစ်ပါတယ်။ အားလုံးပါဝင်ဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။
ကျွန်မတို့နိုင်ငံအတွက် အရေးကြီးပါတယ်။ ငြိမ်းချမ်းရေးဆိုတာ ဘာနဲ့မှလဲလို့ မရတဲ့ ရတနာကြီးတစ်ခုပါပဲ။ ကျွန်မတို့ ငြိမ်းချမ်းရေးရအောင် လုပ်ဖို့ဆိုတဲ့နေရာမှာ ကျွန်မက Nationwide Ceasefire Agreement ဆိုတဲ့စကားကို ဆင်ခြင်လိုက်ပါတယ်။ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဆိုတာကို NCA လို့လွယ်လွယ်နဲ့ ခေါ်ကြ ပါတယ်။ မြန်မာစကားနဲ့ကျတော့ အပစ်အခတ်ရပ်စဲရေးပေါ့။ အင်္ဂလိပ်ဘာသာ စကားနဲ့ ဆိုရင် Ceasefire၊ Fire ဆိုတာ ပစ်ခတ်ခြင်း၊ Fire ဆိုတာတိုက်ခိုက်ခြင်းပါပဲ။ ဒီတော့ Fire ဆိုတာ မီးဆိုတဲ့စကားကနေ လာတာဖြစ်ပါတယ်။ အဲဒီတော့ ငြိမ်းချမ်းရေးရဖို့ ဆိုရင်၊ အပစ်အခတ်ရပ်စဲရေးတွေရဖို့ဆိုရင် ကျွန်မတို့ရဲ့ အတွင်းမီးတွေဖြစ် တဲ့ ဒေါသ တွေ၊ အာဃာတတွေငြိမ်းဖို့ဟာ အင်မတန်မှအရေးကြီးပါတယ်။ သက်ဆိုင်ရာပုဂ္ဂိုလ် အသီးသီး၊ အဖွဲ့အစည်းအသီးသီးက မိမိတို့အတွင်းက ဒေါသတွေ၊ အာဃာတတွေ ငြိမ်းအောင်လုပ်နိုင်မှ ကျွန်မတို့စစ်မှန်တဲ့ ငြိမ်းချမ်းရေးရနိုင်မှာပါ။
ကျွန်မတို့အဖွဲ့အစည်းများအတွင်းမှာရှိတဲ့ အာဃာတဒေါသမီးတွေ ငြိမ်းမှ ပြည်သူပြည်သားတွေရဲ့ သောကမီးတွေ ငြိမ်းနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ ဟာ အပစ်အခတ်ရပ်စဲရေး Ceasefire အတွက် လုပ်တယ်ဆိုရာမှာ ကျွန်မတို့ရဲ့ ပြည်သူ ပြည်သားများကို သောကဖြစ်စေတဲ့ မီးများအားလုံး ငြိမ်းဖို့အတွက် လုပ်ရတာဖြစ်ပါ တယ်။ အဲဒီတော့ ဒီဟာကိုအဓိကထားပြီး ကျွန်မတို့ရဲ့ အဖွဲ့အစည်းအသီးသီးက ဆင်ခြင်စေချင်ပါတယ်။ အားလုံးဟာ ကိုယ့်အမြင်နဲ့ကိုယ် ရှိကြတာပါပဲ။ နာကြည်းချက် တွေရှိခဲ့တယ်ဆိုတာလည်း ကျွန်မတို့မငြင်းပါဘူး။ ဒါပေမယ့် ဒီနာကြည်းချက်တွေကို ကျော်လွှားနိုင်တဲ့ အရည်အချင်းလည်း ကျွန်မတို့အားလုံးမှာရှိတယ်လို့ ကျွန်မယုံကြည်ပါ တယ်။ ဒါကိုကျော်လွှားနိုင်တဲ့ အရည်အချင်းနဲ့ပတ်သက်ပြီးတော့ ကျွန်မတို့ပြိုင်ရမှာပါ။ တကယ်ဆိုရင် ကျွန်မတို့က (Fire Power) မီးအင်အားကို ပြိုင်ရမှာမဟုတ်ပါဘူး။ မီးကို ငြိမ်းနိုင်တဲ့အင်အားကို ပြိုင်ရမှာဖြစ်ပါတယ်။ ဒီလိုကျွန်မတို့ ကြိုးစားနေတဲ့အခါ မှာ တစ်နိုင်ငံလုံးကနေပြီးတော့ စောင့်ကြည့်နေကြပါတယ်။ တစ်နိုင်ငံလုံး က မျှော်လင့်ချက် ကြီးစွာနဲ့ စောင့်မျှော်နေကြပါတယ်။ ပြီးတော့ ကျွန်မတို့ပြည်သူတွေက အခုအစိုးရနဲ့ တကွ တပ်မတော်၊ တိုင်းရင်းသား အဖွဲ့များနဲ့ ဘာတွေလုပ်နေလဲဆိုတာ ကြည့်တဲ့အခါ မှာ ကျွန်မတို့ ရဲ့ပြည်သူတွေကို လျှော့မတွက်ပါနဲ့လို့ မေတ္တာရပ်ခံချင်ပါတယ်။
အများသိတဲ့ကမ္ဘာကျော်အဆိုတစ်ခုရှိပါတယ်။ အများကိုတစ်ခဏလှည့်ဖြား လို့ရ မယ်၊ အချို့ကို ထာဝရလှည့်ဖြားလို့ရမယ်၊ အားလုံးကိုတော့ ထာဝရလှည့်ဖျားလို့ မရ ဘူးဆိုတဲ့ အဆိုပဲဖြစ်ပါတယ်။ ပြောချင်တာကတော့ အဖြစ်မှန်အတိုင်း ရေရှည်မှာတော့ ပြည်သူ ပြည်သားတွေက သိမှာပါပဲ။ ဒီအဆိုထက် ကျွန်မပိုပြီးတော့သဘောကျလို့ အခွင့်အရေးရှိတိုင်း ကျွန်မမျှဝေတဲ့ အဆိုတစ်ခုရှိပါတယ်။ ဒါကတော့ ၁၉၈၈ ခုနှစ် လောက်တုန်း က ကျွန်မကို အင်းလေးဘက်က ဆရာတော်ကြီးတစ်ပါး မိန့်လိုက်တဲ့ သြ၀ါဒစကားပါပဲ။ ဆရာတော်ကြီးက အသက်အားဖြင့် ဟိုးအရင်တုန်းက ဇာတ်မင်း သားကြီး ဦးဖိုးစိန်ရဲ့ခေတ်ကိုမီခဲ့ပါတယ်။ ဆရာတော်ကြီးက ကျွန်မကို မိန့်ပါတယ်။ မင်းသားကြီးဦးဖိုးစိန်ဇာတ်ကိုသွားပြီးတော့ ကြည့်တဲ့အခါမှာ လူရွှင်တော်ကြီးတစ်ဦးက ဇာတ်မကခင်အမြဲပြောတယ်။ ဖိုးစိန်ကြီး ခင်ဗျားလောက်ကတတ်တဲ့သူ ဒီပရိတ် သတ်ထဲမှာ တစ်ယောက်မှမရှိဘူး။ ဒါပေမယ့် ခင်ဗျားခြေထိုးတာလေး နည်းနည်းမှားရင် အားလုံးသိတယ်။ စိန်ဗေဒါကြီး ခင်ဗျားလောက်တီးတတ်တာ ဘယ်သူမှမရှိဘူး။ ဒါပေမယ့် တီးလုံးလေးတစ်ကွက်လွဲသွားရင် အားလုံးသိတယ်လို့ သတိပေးတယ်။ အဲဒါက ဘာကိုဆိုလိုတာလည်းဆိုတော့ ကိုယ်က ဘယ်လောက်ပဲတော်တော် ကိုယ့်ပရိ သတ်ကို အထင်မသေးရဘူး ဆိုတဲ့ သဘောပါပဲ။
အဲဒီတော့ ကျွန်မတို့ရဲ့အစိုးရနဲ့တကွ၊ တပ်မတော်နဲ့တကွ၊ တိုင်းရင်းသား ညီအစ် ကိုမောင်နှမများ၊ အဖွဲ့အစည်းများဟာ ကျွန်မတို့ပြည်သူပြည်သားတွေ ရဲ့ ဆင်ခြင်တုံ တရားကို လျော့ပြီးတော့မတွက်ပါနဲ့၊ ကျွန်မတို့ပြည်သူ ပြည် သားတွေဟာ တစ်ယောက် ချင်း တစ်ယောက်ချင်းအားဖြင့် အစိုးရ အလုပ်ကို လုပ်နိုင်တဲ့ အရည်အချင်း ရှိချင်မှရှိမယ်။ တပ်မတော်ရဲ့တာဝန်တွေကို ထမ်းဆောင်နိုင်တဲ့အရည်အချင်း ရှိချင်မှရှိမယ်။ တိုင်းရင်း သားအဖွဲ့ အစည်းတွေက ခေါင်းဆောင်များရဲ့ အရည်အချင်း ရှိချင်မှရှိမယ်။ ဒါပေမယ့် ဒီနိုင်ငံကို ဘာကအကျိုးပေးတယ်၊ ဘာကအကျိုးမပေးဘူးဆိုတာ ရေရှည် မှာ ပြည်သူ ပြည်သားအားလုံး သိကြပါတယ်။ ဒါကြောင့် ကျွန်မတို့ နိုင်ငံ သူနိုင်ငံသားတွေရဲ့ ကူညီထောက်ပံ့မှုနဲ့အတူ လိုအပ်တဲ့ခြေလှမ်းကို လှမ်းစေချင်ပါတယ်။
ဒီလိုလိုအပ်တဲ့ ခြေလှမ်းတွေလှမ်းဖို့ သတ္တိလိုတယ်ဆိုတာ ကျွန်မ မကြာခဏ ပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အတိတ်လမ်းကြောင်းကနေပြီးတော့ ပစ္စုပ္ပန်မှာ အနာဂတ်အတွက် ပြောင်းလဲဖို့ဆိုတာ ပြောင်းလဲခြင်းကို လုပ်ရဲတဲ့သတ္တိ၊ ရင်ဆိုင်ရဲတဲ့ သတ္တိ အင်မတန်မှအရေးကြီးပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ်လုပ်နေကျကိစ္စဆိုရင် ပိုပြီးတော့သက်သာပါတယ်။ အသစ်အဆန်းကို ရင်ဆိုင်ဖို့ဆိုတာကတော့ သတ္တိလို တယ်၊ အတွေးအခေါ်လိုတယ်၊ အရည်အချင်းလိုတယ်။ ဒီလိုသတ္တိတွေ၊ အတွေးအခေါ် တွေ၊ အရည်အချင်းတွေ ကျွန်မတို့အားလုံးမှာရှိတယ်လို့ ကျွန်မယုံကြည်ပါတယ်။
အဲဒီလိုရှိတဲ့ အရည်အချင်းတွေကို ထုတ်ပြီးတော့သုံးစေချင်ပါတယ်။ အခု ကျွန်မတို့ NCA လက်မှတ်ထိုးပြီးတာ တစ်နှစ်ကြာပါပြီ။ တစ်နှစ်ကြာပြီ ဆိုပေမယ့်လည်း မထိုးရသေးတဲ့အဖွဲ့တွေ တစ်ခုမှထပ်ပြီးတော့ မတိုးသေးတာဟာ ကျွန်မတို့အတွက် အင်မတန်မှ ၀မ်းနည်းစရာဖြစ်ပါတယ်။
ကျွန်မပြောချင်တာကတော့ အစိုးရအဖွဲ့၊ တပ်မတော်အဖွဲ့၊ တိုင်းရင်းသားများ အဖွဲ့အစည်းများအားလုံးဟာ ဘယ်သူတွေကပိုပြီးတော့ သဘောထားကြီးနိုင်သလဲ။ ဘယ်သူတွေကပိုပြီးတော့ ခွင့်လွတ်သည်းခံနိုင်သလဲ။ ဘယ်သူတွေက နိုင်ငံရဲ့ အနာဂတ်ကို အတိတ်ထက်ပိုပြီးတော့ တန်ဖိုးထားနိုင်သလဲဆိုတဲ့နေရာမှာပဲ ပြိုင်ကြ ပါလို့ ကျွန်မပြောချင်ပါတယ်။ (Fire Power) တိုက်ခြင်းခိုက်ခြင်း၊ တိုက်နိုင်တဲ့ အရည် အချင်းကို ပြိုင်မယ့်အစား မီးငြိမ်းအောင်လုပ်နိုင်တဲ့ အင်အားကို၊ အရည်အချင်းကို ပြိုင်ကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။
ကျွန်မတို့ အစိုးရအဖွဲ့ရဲ့ ရည်ရွယ်ချက်တွေကတော့ အားလုံးသိပြီးသား ဖြစ်ပေမယ့်လည်း ထပ်ပြီးတော့သတိပေးပါရစေ။ ကျွန်မတို့ဟာ အခု အောက်ပါအတိုင်း ဆောင်ရွက်လျက်ရှိပါတယ်။
ပထမအားဖြင့် နိုင်ငံရေးဆွေးနွေးမှုမူဘောင် ပြန်လည်သုံးသပ်ရမှာဖြစ်ပါတယ်။
ဒုတိယအားဖြင့် နိုင်ငံရေးဆွေးနွေးမှုမူဘောင် ပြန်လည်ပြင်ဆင်ရမှာဖြစ်ပါတယ်။ ဒီလို သုံးသပ်ပြင်ဆင်တဲ့နေရာမှာ အားလုံး ပါဝင်နိုင်အောင်လို့ ကျွန်မတို့ အတတ်နိုင်ဆုံး စီစဉ်ထားပါတယ်။ နောက်ပြီးတော့လည်း ပြင်ဆင်အတည်ပြုပြီးဖြစ်သော နိုင်ငံရေး ဆွေးနွေးမှု မူဘောင်နဲ့အညီ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံ ကျင်းပခြင်းပဲ ဖြစ်ပါတယ်။ ကျွန်မတို့ အခုဆိုရင် ၂၁ ရာစု ပင်လုံညီလာခံ ရလဒ်များအား စုစည်းပြီး ပြည်ထောင်စုသဘောတူညီချက် (21 st Century Panglon Conference Agreement)လက်မှတ်ထိုးခြင်းကို ဦးတည်ရပါမယ်။ ပြည်ထောင်စု သဘောတူညီ ချက်နဲ့အညီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသားခြင်း၊ အတည်ပြုခြင်းကို နောက် တစ်ဆင့်သွားရပါမယ်။ နောက်တစ်ဆင့်ကျတော့ ပြင်ဆင်ရေးသားအတည်ပြုပြီးဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ ကျင်းပ ဖို့ ဖြစ်ပါတယ်။ နောက်ဆုံးအဆင့်ကတော့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ရလဒ်နဲ့အညီ ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်ဖို့ပဲ ဖြစ်ပါ တယ်။
ဒီမိုကရေစီ ပြည်ထောင်စုနဲ့ပတ်သက်လို့၊ ဒီမိုကရေစီနဲ့ပတ်သက်လို့ ကျွန်မ ထပ်တလဲလဲ သတိပေးပါတယ်။ ဘယ်နှစ်ခါပဲ သတိပေးရပေးရ မလုံလောက်ဘူး လို့ထင်လို့ ကျွန်မထပ်ပြီးတော့ သတိပေးပါရစေ။ ဒီမိုကရေစီဆိုတာ အခွင့်အရေး တွေရှိသလို တာဝန်တွေ အင်မတန်မှကြီးပါတယ်။ ပြည်သူလူထုရဲ့ အုပ်ချုပ်မှုစနစ်ဟာ ပြည်သူတစ်ယောက်ချင်း တစ်ယောက်ချင်းမှာတာဝန်ရှိတဲ့စနစ်လို့ ဒီလိုပဲ ကျွန်မတို့ ပြောရပါလိမ့်မယ်။ ဒါကြောင့်မို့ ကျွန်မတို့ ငြိမ်းချမ်းရေးကိုဦးဆောင်ပြီးတော့ ကြိုးပမ်း နေတဲ့ အဖွဲ့အစည်များ၊ ခေါင်းဆောင်များအားလုံးဟာ တာဝန်ကိုရှေ့ကထားပြီး အခွင့် အရေးကို နောက်ကထားစေချင်ပါတယ်။ တာဝန်ကို ရှေ့ကထားပြီးတော့ လုပ်ဆောင် သွားမှ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်အတွက် အာမခံချက်ရမှာပါ။ အတိတ်ဆိုတာ ပြန်ပြင်လို့ မရပါဘူး။ အတိတ်ကတော့ ဖြစ်ပြီးသွားပါပြီ။ သို့သော်ငြားလည်း အတိတ်ရဲ့ အကျိုးဆက်ကို ပြင်နိုင်ဖို့အတွက် ကျွန်မတို့လိုချင်တဲ့ပုံစံဖြစ်အောင် လုပ်နိုင်ဖို့အတွက် အားလုံးမှာ ချက်ချင်းလက်ငင်း အခုပစ္စုပ္ပန်မှာ အခွင့်အရေးတွေရှိပါတယ်။ ဒီအခွင့် အရေးတွေကို မှန်မှန်ကန်ကန် အသုံးချမယ်ဆိုရင် အနာဂတ်ဟာ ကျွန်မတို့လိုချင်တဲ့ ပုံစံ ပေါ်လာမှာပါ။
ကျွန်မတို့အားလုံးဟာ အနိစ္စတရားကို မလွန်ဆန်နိုင်တဲ့ ပုဂ္ဂိုလ်များဖြစ်ပါတယ်။ ကျွန်မတို့မရှိတော့တဲ့အခါ ဒီနိုင်ငံကို ဘယ်လိုအမွေအနှစ်တွေ ထားခဲ့မလဲဆိုတာ အားလုံးက လေးလေးနက်နက် စဉ်းစားစေချင်ပါတယ်။ ကျွန်မတို့နိုင်ငံရဲ့ ပြည်သူလူထု က သမိုင်းအဆက်ဆက်မှာ တန်ဖိုးထားကျေးဇူးတင်ရမယ့် အမွေအနှစ်မျိုးတွေ ထားခဲ့ စေချင်ပါတယ်။ ဒီလိုအမွေအနှစ်ထားခဲ့ဖို့ဆိုတာ လွယ်လွယ်နဲ့တော့ ဖြစ်မှာမဟုတ်ပါဘူး။ မလွယ်ဘူးလို့ပြောရတာ ဘာလဲဆိုတော့ တကယ့်အခက်အခဲဆုံးကိစ္စက စောစောက ပြောသလို ကိုယ့်ရဲ့အတွင်းမီးတွေကို ငြှိမ်းဖို့ဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင်းပဲ ကျွန်မတို့နိုင်ငံရဲ့ အနောက်ပိုင်းဖြစ်တဲ့ ရခိုင်ပြည်နယ်မှာဆိုရင် စစ်မီးတောက်တွေ ပြန်ပြီးတောက်လာတာကို တွေ့ရပါတယ်။ ပဋိပက္ခမီးတောက်တွေ ပြန်ပြီး တောက်လာ တာကိုတွေ့ရပါတယ်။ ဒါတွေအမြန်ဆုံးငြိမ်းအောင်လုပ်ရပါမယ်။ မီးတောက်တွေ ငြိမ်း ပြစ်ရာမှာ အပြင်ကနေမြင်ရတဲ့ မီးတောက်တွေကို ငြှိမ်းဖို့ဆိုတာ မြန်မြန်ဆန်ဆန်နဲ့ လုပ်နိုင်ပေမယ့် အတွင်းမီးတောက်တွေ ငြိမ်းဖို့ဆိုတာ တော်တော်ခက်ခဲပါလိမ့်မယ်။ အဲဒါကို အားလုံးကနေပြီး တစ်ဦးချင်း၊ တစ်ဦးချင်း တာဝန်ယူပြီးလုပ်စေချင်ပါတယ်။
ကျွန်မတို့အချင်းချင်းကြားမှာ အာဃာတတွေ ပိုပြီးပွားများမယ့်ကိစ္စတွေ၊ အမုန်း တရားပွားများမယ့်ကိစ္စတွေ ရှောင်းရှားဖို့ဆိုတာ တစ်ယောက်ချင်း တစ်ယောက်ချင်း တာဝန်ရှိပါတယ်။ တာဝန်အရ လုပ်သင့်လုပ်ထိုက်တာတွေလည်း လုပ်သွားမှာပါပဲ။ တရားဥပဒေစိုးမိုးရေး မူဘောင်အတွင်းက လုပ်သင့်လုပ်ထိုက်တာတွေ လုပ်သွားမှာပါ။ နိုင်ငံသူနိုင်ငံသားများရဲ့ လုံခြုံရေး၊ နိုင်ငံတည်တံ့ခိုင်မြဲရေးအတွက် လုပ်သင့်လုပ်ထိုက် တဲ့ကိစ္စတွေကို ကျွန်မတို့ တရားဥပဒေဘောင်အတွင်းက မှန်မှန်ကန်ကန်နဲ့ သတ္တိရှိရှိနဲ့ လုပ်သွားမှာဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့နေရာမှာ ပြည်သူကလည်း ၀ိုင်းဝန်းပြီး ကျွန်မတို့ကို ထောက်ခံမယ်လို့ ယုံကြည်ပါတယ်။
ဘယ်သူတွေဟာ တကယ်စစ်မှန်တဲ့ငြိမ်းချမ်းရေးကို လိုချင်သလဲ၊ ဘယ်သူ တွေဟာ ငြိမ်းချမ်းရေးကို တကယ်မလိုလားဘူးဆိုတာဟာ ပြည်သူတွေ မကြာခင်မှာ မြင်ရမှာပါ။ ပြည်သူတွေကလည်း ဒါကို မျက်စိဒေါက်ထောက် ကြည့်နေမှာဖြစ်ပါတယ်။
ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေတဲ့ ကျွန်မတို့နိုင်ငံဟာ ပြည်သူပြည်သား များရဲ့ အထင်၊ ပြည်သူပြည်သားများရဲ့ အမြင်၊ ပြည်သူပြည်သားများရဲ့ သုံးသပ်ချက် တွေကို အလေးထားပြီး လုပ်သွားမှာဖြစ်ပါတယ်။ ပြည်သူပြည်သားတွေဟာ အစဉ်အမြဲ လုပ်သမျှ မှန်တယ်လို့မပြောပါဘူး။ အားလုံးဟာ အတိုင်းအတာအချိန်တစ်ခုအထိ တစ်ခဏလမ်းလွဲပေါ်မှာရောက်ရင်ရောက်သွားမယ်။ ဒါပေမယ့် ထာဝရ အားလုံးဟာ လမ်းလွဲပေါ်မှာ ရောက်မှာမဟုတ်ပါဘူး၊ အကြောင်းကြောင်းမို့လို့ ပြည်သူပြည်သားတွေ နားမလည်တဲ့ကိစ္စတွေရှိရင် ရှင်းလင်းဖို့ ကျွန်မတို့မှာ တာဝန်ရှိပါတယ်။ ဒီတာဝန်အရ အများနားလည်အောင်လို့ ရှင်းလင်းသွားမယ်ဆိုရင် ပြည်သူတွေဟာ မှန်မှန်ကန်ကန်နဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ၀န်းရံနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
နိဂုံးချုပ်အနေနဲ့ တိုင်းရင်းသားညီအကိုမောင်နှမများကို မေတ္တာရပ်ခံချင်ပါတယ်။ နာကြည်းချက်တွေ ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမယ့်လည်း အတိတ်ကိုပြန်ပြီးတော့ ကြည့်မနေပါနဲ့။ အတိတ်က သင်ခန်းစာတွေကိုပဲယူပါ။ နောင်ကျရင် ကျွန်မတို့ မျိုးဆက် တွေ ခံခဲ့ရတဲ့ ဒုက္ခတွေ၊ သောကတွေကနေ တတ်နိုင်သမျှ နောင်မျိုးဆက်တွေ ကင်းဝေး ဖို့အတွက် ကြိုးစားကြပါ။ အကောင်းဆုံးအမွေအနှစ်ကိုလည်း ဒီနိုင်ငံအတွက်ထားခဲ့ ပေးပါ။ အကောင်းဆုံးအမွေအနှစ်ဆိုတာကတော့ ငြိမ်းချမ်းရေးပဲဆိုတာ ဘယ်နှစ်ခါပဲ ထပ်ပြောပြော လုံလောက်မှာမဟုတ်ဘူးလို့ထင်တာကြောင့် ဒါနဲ့ပဲ နိဂုံးချုပ်ပါရစေ။ ကျွန်မတို့ နိုင်ငံရဲ့နောင်လာနောက်သားတွေအတွက် အကောင်းဆုံး အမွေအနှစ်ဖြစ်တဲ့ ငြိမ်းချမ်းရေးရရှိဖို့အတွက် ကိုယ့်အတွင်းမီးတွေကိုလည်း ငြှိမ်းပြီးတော့ ၀ိုင်းဝန်းပြီး ဆောင်ရွက်ကြပါလို့ မေတ္တာရပ်ခံချင် ပါတယ်။ ကျေးဇူးတင်ပါတယ်။

Source: https://www.facebook.com/MOIWebportalMyanmar/posts/993666374094562

Related Posts

No comments:

Post a Comment