// //]]>

နှစ်(၇ဝ)မြောက် အာဇာနည်နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲတွင် ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက မိန့်ကြားခဲ့သော တရားတော်

နိုင်င်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်တွင် ပြုလုပ်သည့် နှစ်(၇ဝ)မြောက် အာဇာနည်နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲတွင် ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက မိန့်ကြားခဲ့သော တရားတော်။
နိုင်ငံသားတွေကို ဆိုးကျိုးဖြစ်စေတဲ့သူဟာ နိုင်ငံ့ရန်သူပါပဲ။ နိုင်ငံတိုးတက်မှုကို အဟန့်အတား ဖြစ်စေတဲ့ သူဟာ နိုင်ငံ့ရန်သူပါပဲ။ ဘယ်လိုပုံစံ၊ ဘယ်လိုအနေအထားမျိုးနဲ့ပဲဖြစ်ဖြစ် နိုင်ငံကိုမတည်မငြိမ် ဖြစ်အောင်လုပ်တဲ့သူ၊ နိုင်ငံသားတွေရဲ့ စိတ်နှလုံး အေးချမ်းမှုနဲ့ ဘဝတိုးတက်မှုကို နှောင့်နှေးစေတဲ့ သူတိုင်းဟာ နိုင်ငံ့ရန်သူတွေချည်းပါပဲ။ အဲဒီနိုင်ငံ့ရန်သူတွေရဲ့အမြစ်ကိုလည်း ပြတ်ပြတ်သားသား ဖြတ်တောက်ပစ်ရမယ်။ အညွန့်ကိုလည်း ပြတ်ပြတ်သားသား ဖြတ်တောက်ပစ်ရမယ်။
တေသကုဏဇာတ်တော်မှာ မြတ်စွာဘုရားရှင်က မင်းကျင့်တရားတွေ အများကြီး ဟောထားပါတယ်။ အဲဒီအထဲက တစ်ခုက ကဗျာဆန်ဆန်လေးမို့လို့ အမှတ်တရပြောပါရစေ။ ရန်သူရဲ့အမြစ်ကိုလည်း ဖြတ်ရမယ်၊ အညွန့်ကိုလည်းဖြတ်ရမယ်တဲ့။ ဒါက တိုက်ရိုက်ဘာသာပြန်လိုက်တာပါ။ မင်းကျင့်တရားကို ဟောထားတာ ဆိုတော့ အပြည့်အစုံဘာသာပြန်ရရင် "နိုင်ငံ့ရန်သူရဲ့အမြစ်ကိုလည်းဖြတ်ရမယ်၊ အညွန့်ကိုလည်းဖြတ်ရမယ်" လို့ အဓိပ္ပာယ်ရပါတယ်။ နိုင်ငံသားတွေကို ဆိုးကျိုးဖြစ်စေတဲ့သူဟာ နိုင်ငံ့ရန်သူပါပဲ။ နိုင်ငံတိုးတက်မှုကို အဟန့်အတား ဖြစ်စေတဲ့သူဟာ နိုင်ငံ့ရန်သူပါပဲ။ ဘယ်လိုပုံစံ၊ ဘယ်လိုအနေအထားမျိုးနဲ့ပဲဖြစ်ဖြစ် နိုင်ငံကို မတည်မငြိမ်ဖြစ်အောင် လုပ်တဲ့သူ၊ နိုင်ငံသားတွေရဲ့ စိတ်နှလုံးအေးချမ်းမှုနဲ့ ဘဝတိုးတက်မှုကို နှောင့်နှေးစေတဲ့ သူတိုင်းဟာ နိုင်ငံ့ရန်သူတွေချည်းပါပဲ။ အဲဒီနိုင်ငံ့ရန်သူ တွေရဲ့အမြစ်ကိုလည်း ပြတ်ပြတ်သားသား ဖြတ်တောက်ပစ်ရမယ်။ အညွန့်ကိုလည်း ပြတ်ပြတ်သားသား ဖြတ်တောက်ပစ်ရမယ်။
နိုင်ငံကို ဆိုးကျိုးပြုတဲ့ နိုင်ငံ့ရန်သူတွေ အမျိုးစုံရှိတဲ့အထဲက ကျမ်းဂန်မှာ တိုက်ရိုက်ဖွင့်ဆိုပြထားတဲ့ ဥပမာလေးတစ်ခုပဲ ပြောပါမယ်။ ခိုးဆိုးလုနှိုက် လုပ်နေကြတဲ့သူတွေဟာ နိုင်ငံ့ရန်သူတွေပါ။ အဲဒီဆိုးခိုးလုနှိုက်တွေရဲ့အမြစ်ကိုလည်း ဖြတ်ရမယ်။ အညွန့်ကိုလည်းဖြတ်ရမယ်။ အမြစ်ကိုဖြတ်တယ်ဆိုတာ ခိုးဆိုးလုနှိုက်လုပ်ရခြင်းရဲ့ အကြောင်းရင်းကို အမှန်အတိုင်း သိအောင်ရှာပြီး အဲဒီအကြောင်းရင်းကို ဖယ်ရှားပစ်ဖို့ ပြောတာပါ။ ဆင်းရဲမွဲတေလို့ ခိုးဆိုးလုနှိုက်တာဆိုရင် ဆင်းရဲမွဲတေမှုပပျောက်အောင် ဆောင်ရွက်ရမယ်။ အလုပ်လက်မဲ့ ဖြစ်နေလို့ ခိုးဆိုးလုနှိုက်တာဆိုရင် အလုပ်အကိုင် အခွင့်အလမ်းတွေဖန်တီး ပေးရမယ်။ အဲဒီလိုအားဖြင့် ခိုးဆိုးလုနှိုက်လုပ်နေကြရခြင်းရဲ့ အကြောင်းတရားတွေကို ဘက်ပေါင်းစုံကနေ အကွက်စေ့စေ့ လေ့လာသုံးသပ်ပြီး ပြေလည်သွားအောင်၊ အဆင်ပြေသွားအောင်၊ နည်းလမ်းအမျိုးမျိုးနဲ့ ဖြေရှင်းဆောင်ရွက်ပေးတာဟာ ခိုးဆိုးလုနှိုက်ဆိုတဲ့ နိုင်ငံ့ရန်သူတွေရဲ့အမြစ်ကို ဖြတ်တောက် ပစ်တာပါပဲ။ ခိုးဆိုးလုနှိုက်တွေရဲ့ အညွန့်ကိုဖြတ်တယ်ဆိုတာကတော့ ခိုးဆိုးလုနှိုက်သမားတွေကို တရားဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူတာ၊ နောက်နောင် ဒီလိုအလုပ်မျိုး မလုပ်ဖြစ်အောင် အသိပညာပေးတာ။ အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးတာ။ အလုပ်လုပ်ချင်စိတ်ရှိအောင် တိုက်တွန်းနှိုးဆော်ပေးတာ ။ အလုပ်ခွင်တွေထဲ အရောက်ပို့ပေးတာတွေကို ပြောတာပါ။
ပြောလိုရင်းကတော့ ဘယ်ပြဿနာကိုမဆို ပြတ်ပြတ်သားသား ကိုင်တွယ်ဖြေရှင်းဖို့ပါပဲ။ ပြဿနာရဲ့ အကြောင်းရင်းအမြစ်ကိုလည်း ပြတ်ပြတ်သားသားဖြတ်တောက်ပစ်၊ ပြဿနာရဲ့အကျိုးဆက် အညွန့် ကိုလည်း ပြတ်ပြတ်သားသား ဖြတ်တောက်ပစ်ရပါမယ်။ ခေါင်းဆောင်ကောင်းဆိုတာ လုပ်စရာရှိတဲ့ အလုပ်တွေကို၊ လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်တွေကို ပြတ်ပြတ်သားသား လုပ်ကိုလုပ်ရပါမယ်။ တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့ရဲ့ မျက်နှာကို မကြည့်ဘဲ နိုင်ငံသားအားလုံးရဲ့ မျက်နှာ တစ်ခုတည်းကိုပဲကြည့်ပြီး ပြတ်ပြတ်သားသားလုပ်ရပါမယ်။ ခိုးဆိုးလုနှိုက်ကလည်း လမ်းပေါ်က ခိုးဆိုးလုနှိုက်နဲ့ နန်းပေါ်ကခိုးဆိုးလုနှိုက်ဆိုပြီး နှစ်မျိုးရှိပါတယ်။ ဆင်းရဲလို့၊ စားစရာမရှိလို့ ခိုးဆိုးလုနှိုက်တဲ့ သူတွေကတော့ လမ်းပေါ်က ခိုးဆိုးလုနှိုက်ပါ။ ရာထူးအရှိန်အဝါရှိလို့ ရာထူးအရှိန်အဝါ အားကိုးပြီး မတော်မတရားတဲ့ နည်းလမ်းနဲ့ ကိုယ်ကျိုးစီးပွားရှာတဲ့သူတွေက နန်းပေါ်က ခိုးဆိုးလုနှိုက်ပါ။ နန်းဆိုတာ နန်းတော်လို ခမ်းနားကြီးကျယ်တဲ့ တိုက်တာ အဆောက်အအုံတွေ၊ စည်းစိမ်ချမ်းသာတွေကို ပြောတာပါ။ အဂတိလိုက်စားပြီး ချမ်းသာအောင် လုပ်နေသူတွေဟာ နန်းပေါ်က ခိုးဆိုးလုနှိုက်တွေပါပဲ။ စားစရာမရှိလို့ ခိုးတဲ့သူကို လမ်းပေါ်က ခိုးဆိုးလုနှိုက်။ ထားစရာမရှိအောင် ခိုးတဲ့သူကို နန်းပေါ်က ခိုးဆိုးလုနှိုက်လို့ ပြောရမှာပေါ့။ နန်းပေါ်က ခိုးဆိုးလုနှိုက်တွေရဲ့ အမြစ်ကိုလည်း ဖြတ်ရမယ်။ မတော်လောဘကြီးလို့ ခိုးတာဆိုရင် မတော်လောဘနည်းသွားအောင်၊ အတ္တလွန်ကဲလို့ ခိုးတာဆိုရင် အတ္တလျော့ပါးသွားအောင်၊ တရားဥပဒေ မလေးစားလို့ ခိုးတာဆိုရင် တရားဥပဒေကို လေးစားရကောင်းမှန်းသိအောင် ပြောပြပေးရ မှာပါပဲ။ လူတစ်ယောက်ရဲ့ ပစ္စည်းကိုခိုးတာထက် အများပြည်သူပိုင်ဆိုင်တဲ့ ပြည်သူပိုင်ပစ္စည်း ခိုးတာက ပိုအပြစ်ကြီးတယ်။ သံသရာမှာ ဆိုးကျိုးတွေ ပိုခံစားရမယ် ဆိုတာမျိုးလည်း ပြောသင့်ရင် ပြောပြရမှာပေါ့။ နန်းပေါ်က ခိုးဆိုးလုနှိုက်တွေရဲ့ အညွန့်ကိုလည်း ဖြတ်ရမယ်။ မတော်မတရား အခွင့်အရေးယူထားတဲ့ သူတွေ၊ မမှန်မကန်နည်းလမ်းနဲ့ ကိုယ်ကျိုးစီးပွားရှာတဲ့သူတွေ၊ ပုံစံအမျိုးမျိုးနဲ့ အဂတိလိုက်စားတဲ့သူတွေကို တရားဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူရမယ်။ နောက်နောင် မလုပ်သင့်၊ မလုပ်ထိုက်တာ တွေကိုမလုပ်အောင် အသိပညာပေးရမယ်။ တရားမမျှတတဲ့ နည်းလမ်းနဲ့ ပိုင်ဆိုင်ထားတဲ့သူတို့ရဲ့ စီးပွားဥစ္စာတွေကိုလည်း ဒေသကောင်းကျိုး၊ နိုင်ငံ့ကောင်းကျိုးအတွက် ပြန်လည်အသုံးပြုနိုင်အောင် ဖန်တီးပေးရမယ်။ တစ်ခေတ်တစ်ခါက တရားမမျှတတဲ့နည်းလမ်းတွေ ၊ နီးစပ်ရာနည်းလမ်းတွေနဲ့ ကြီးပွားချမ်းသာခဲ့ကြတဲ့သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ခေတ်သစ်၊ စနစ်သစ်တည်ဆောက်နေတဲ့ အခုချိန်မှာ တိုင်းပြုပြည်ပြုလုပ်ငန်းတွေအတွက် ထိထိရောက်ရောက်ပြန်လည်အသုံးချနိုင်မယ်ဆိုရင် တိုင်းပြည်ဟာ အချိန်တိုအတွင်းသိသိသာသာ ဖွံ့ဖြိုးတိုးတက်သွားမှာ သေချာပါတယ်။ အသုံးချဖြစ်အောင်လည်း သိမ်မွေ့နူးညံ့တဲ့ နည်းလမ်းတွေနဲ့ အသိပညာပေးနိုင်ရင်၊ တိုက်တွန်းနှိုးဆော်နိုင်ရင် ပင်ကိုဓာတ်ခံ ကောင်းပြီးသား မြန်မာနိုင်ငံတွေအတွက် ဖြစ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ဒါက ပိဋကတ်တော်မှာ တိုက်ရိုက်ပြထားတဲ့ ခိုးဆိုးလုနှိုက် ဥပမာတစ်ခုကိုပဲ နမူနာပြောတာပါ။ ဘယ်အရေးကိစ္စပဲဖြစ်ဖြစ် နိုင်ငံမှာပြဿနာဖြစ်အောင် ဖန်တီးနေတဲ့သူတွေ၊ နိုင်ငံကို မတည်မငြိမ် ဖြစ်အောင် လှုပ်ရှားဆောင်ရွက်နေတဲ့သူတွေ၊ နိုင်ငံတိုးတက်မှုနှောင့်နှေးအောင် အဟန့်အတားပြုနေတဲ့သူတွေ အားလုံးဟာ နိုင်ငံ့ရန်သူတွေချည်းပါပဲ။ ဘယ်လိုပုံစံမျိုးနဲ့ ရန်သူဖြစ်ဖြစ်၊ နိုင်ငံ့ရန်သူအားလုံးရဲ့ အမြစ်မှန်သမျှ ဖြတ်တောက်ပစ်ရပါမယ်။ နိုင်ငံ့ရန်သူအားလုံးရဲ့အညွန့်မှန်သမျှ ဖြတ်တောက်ပစ်ရပါမယ်။အမြစ်ဖြတ်ဖို့ အားနာနေရင်၊ အညွန့်ဖြတ်ဖို့ တွန့်ဆုတ်နေရင် နိုင်ငံပဲ နစ်နာပါလိမ့်မယ်။ "နိုင်ငံ့ရန်သူရဲ့အမြစ်ကိုလည်း ဖြတ်ရမယ်။ အညွန့်ကိုလည်း ဖြတ်ရမယ်" ဆိုတာကို ပြောင်းပြန်လှန်လိုက်ရင် "နိုင်ငံ့မိတ်ဆွေရဲ့ အမြစ်ကိုလည်း ခိုင်မာအောင် လုပ်ရမယ်။ အညွန့်ကိုလည်း ဝေဆာအောင် လုပ်ရမယ်" လို့ ပြောနိုင်ပါတယ်။ နိုင်ငံကို ကောင်းကျိုးပြုတဲ့သူတွေ၊ နိုင်ငံကိုငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်နိုင်တဲ့သူတွေဟာ နိုင်ငံ့မိတ်ဆွေပါ။ နိုင်ငံ့မိတ်ဆွေရဲ့အမြစ်ကို ခိုင်မာအောင်လုပ်တယ်ဆိုတာ သူတို့ရဲ့ အရည်အချင်းကောင်းတွေ၊ အစွမ်းအစကောင်းတွေကို တိုးတက်သည်ထက် တိုးတက်အောင် ပြုစုပျိုးထောင်ပေးတာကို ပြောတာပါ။ နိုင်ငံ့မိတ်ဆွေရဲ့ အညွန့်ကိုဝေဆာအောင် လုပ်တယ်ဆိုတာကတော့ နိုင်ငံ့ကောင်းကျိုး အမှန်တကယ် သယ်ပိုးသူတွေကို ထိုက်ထိုက်တန်တန် ချီးမြှင့်မြှောက်စားတာ၊ သူတို့ရဲ့လုပ်ပိုင်ခွင့်နယ်ပယ်ကို ကျယ်ပြန့် သည်ထက် ကျယ်ပြန့်အောင် ဖန်းတီးပေးတာ။ သူတို့လုပ်သမျှ အလုပ်တွေ အောင်မြင်ထမြောက်အောင် နည်းလမ်းအမျိုးမျိုးနဲ့ အားပေးကူညီတာတွေကို ပြောတာပါ။
နိုင်ငံ့မိတ်ဆွေတွေရဲ့ အမြစ်ကို ခိုင်မာသည်ထက် ခိုင်မာအောင်၊ ကြီးထွားသည်ထက် ကြီးထွားအောင် ပြုလုပ်ဆောင်ရွက်မယ်ဆိုရင် နိုင်ငံ့မိတ်ဆွေတွေရဲ့ အညွန့်ကိုရှင်သန်သည်ထက် ရှင်သန်အောင်၊ ဝေဆာသည်ထက်ဝေဆာအောင် ပြုစုပျိုးထောင်မယ်ဆိုရင် နိုင်ငံတော်ကြီး အရှိန်အဟုန်ကောင်းကောင်းနဲ့ အားကောင်းမောင်းသန် ဖွံ့ဖြိုးတိုးတက်လာပါလိမ့်မယ်။ လိုရင်းလေး ပြန်ပြောမယ်နော်။ နိုင်ငံ့ရန်သူရဲ့ အမြစ်ကိုလည်းဖြတ်ရမယ်။ အညွန့်ကိုလည်း ဖြတ်ရမယ်။ နိုင်ငံ့မိတ်ဆွေရဲ့အမြစ်ကိုလည်း ခိုင်မာကြီးထွား အောင် လုပ်ရမယ်။ အညွန့်ကိုလည်း ရှင်သန်ဝေဆာအောင် လုပ်ရမယ်။ ဖြတ်တောက်သင့်တာ မှန်သမျှ ပြတ်ပြတ်သားသား ဖြတ်တောက်ပစ်ခြင်း၊ လုပ်ဆောင်သင့်တာမှန်သမျှ ပြတ်ပြတ်သားသား လုပ်ဆောင်နိုင်ခြင်းဖြင့် တိုင်းပြည်ငြိမ်းချမ်းအောင်၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်နိုင်တဲ့ အာဇာနည်ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်တွေဖြစ်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

Source: https://www.facebook.com/NLDParty/posts/1845891778759548

Related Posts

No comments:

Post a Comment