// //]]>

ကမ္ဘာ့ဘဏ်၏ ဖွံ့ဖြိုးမှုဆိုင်ရာ ချေးငွေ

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံသို့ ဖွံ့ဖြိုးမှုဆိုင်ရာချေးငွေ (Development Policy Operation- DPO) ထုတ်ပေးမည် ဟူသော သတင်းသည် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရမည့် သတင်းဖြစ်ပါသည်။ ဤချေးငွေသည် လက်ရှိ အခြေအနေ၌ ဖွံ့ဖြိုးမှုနိမ့်ကျနေသော ကမ္ဘာ့ဘဏ်အဖွဲ့ဝင် နိုင်ငံဖြစ်သော်လည်း အနာဂတ်တွင် ဖွံ့ဖြိုးမှု အလားအလာကောင်းများ ဖန်တီးနိုင်သည့် စွမ်းဆောင်ရည်နှင့် ပတ်သက်၍ ယုံကြည်စိတ်ချရသော နိုင်ငံများကိုသာ ရွေးချယ်ပေးအပ်သော ချေးငွေမျိုးဖြစ်၍ ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံအပေါ် ယုံကြည်မှုကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ်မှ ဖွံ့ဖြိုးမှုဆိုင်ရာချေးငွေ (DPO) ကို တစ်ကြိမ်လျှင် အမေရိကန် ဒေါ်လာ သန်း ၂၀၀ နှုန်းဖြင့် သုံးကြိမ်အထိ ရရှိမည်ဖြစ်ပါသည်။
ပုံမှန်အားဖြင့် နိုင်ငံတကာမှ ပေးအပ်သော ချေးငွေတို့သည် လုပ်ငန်း စီမံကိန်းတစ်ရပ်ရပ်အတွက် ထုတ်ချေးခြင်းမျိုးသာ ဖြစ်လေ့ရှိပါသည်။ ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံသို့ ယခုထုတ်ချေးသော ဖွံ့ ဖြိုးမှုဆိုင်ရာချေးငွေ (DPO) သည် နိုင်ငံတော်၏ ဘတ်ဂျက်ထဲသို့ တိုက်ရိုက်ထည့်ဝင်ပေးသော ချေးငွေဖြစ်၍နိုင်ငံတော်အစိုးရက လွတ်လပ်စွာ သုံးစွဲခွင့်ရှိသော ချေးငွေမျိုး ဖြစ်ပါသည်။ အဆိုပါချေးငွေ၏ စုစုပေါင်းသက်တမ်းသည် (၃၈)နှစ် ဖြစ်ပြီး ဝန်ဆောင်ခမှာ တစ်နှစ်လျှင် ၀ ဒသမ ၇၅ ရာခိုင်နှုန်းသာ ရှိသောကြောင့် နိုင်ငံတော်အတွက် အကျိုးအမြတ် ဖန်တီးပေးမည့် ချေးငွေအမျိုးအစား ဖြစ်သည်ကို ငြင်းချက်မရှိ လက်ခံရမည်သာ ဖြစ်ပါသည်။ ဤချေးငွေ၏ အားသာချက်တစ်ရပ်မှာ နိုင်ငံတော်အတွက် လိုအပ်လျက်ရှိ သော်လည်း ဘဏ္ဍာရေး အကန့်အသတ်များ အရ မဖော်ဆောင်နိုင်သည့် လုပ်ငန်းစီမံကိန်းများကို ဤချေးငွေဖြင့် ဖော်ဆောင်နိုင်ခြင်း ဖြစ်ပါသည်။
အရေးအကြီးဆုံးသောအချက်ကို ထောက်ပြရပါက တိုင်းပြည်၏ စီးပွားရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို တွန်းအားပေးနိုင်ရန် အတွက် အဆိုပါချေးငွေနှင့်အတူ Policy Matrix များ ချမှတ်ထားခြင်း ဖြစ်ပါသည်။ Policy Matrix များ ချမှတ်ရာ၌လည်း ကမ္ဘာ့ဘဏ်က သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်း၍ လက်တွေ့ ဖော်ဆောင်နိုင်သည့် လုပ်ငန်းစဉ်များကိုသာ ချမှတ်ခြင်းဖြစ်၍ တိုင်းပြည်၏ ပကတိအခြေအနေကို ထင်ဟပ်နိုင်စွမ်း ရှိမည် ဖြစ်ပါသည်။ ဖွံ့ဖြိုးမှုဆိုင်ရာချေးငွေ (DPO) သည် တိုင်းပြည်၏ ဘဏ္ဍာရေး လိုငွေအား ငွေစက္ကူ ရိုက်ထုတ်ခြင်းဖြင့် ဖြေရှင်းပေးသည့် နည်းလမ်းကျင့်သုံးနေမှုကို အတိုင်းအတာတစ်ခုအထိ လျှော့ချပေးမည်ဖြစ်၍ တိုင်းပြည်၏ ကုန်ဈေးနှုန်းတည်ငြိမ်ရေးကို အထောက်အပံ့ဖြစ်စေမည် ဖြစ်ပါသည်။ ထိုမျှသာမက အခွန်ရငွေစုစည်းမှု မြှင့်တင်ခြင်း၊ စွမ်းအင်ကဏ္ဍ၏ ဘဏ္ဍာရေး အလားအလာကောင်းများ ဖန်တီးပေးနိုင်ခြင်း၊ နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်းများ၏ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများ ဖြန့်ချိနိုင်ခြင်း၊ မူဝါဒကိုအခြေခံ၍ ဘတ်ဂျက် ရေးဆွဲခြင်းစသော Policy Matrix များကို ချမှတ်အကောင်အထည် ဖော်နိုင်မည်ဖြစ်၍ မြန်မာနိုင်ငံသို့ ပေးအပ်သော ကမ္ဘာ့ဘဏ်၏ ဖွံ့ဖြိုးမှု ဆိုင်ရာချေးငွေ (DPO) ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း အလေးအနက် ထပ်မံဖော်ပြအပ်ပါသည်။ ။
Source: https://www.facebook.com/MOIWebportalMyanmar/posts/1134834679977730:0

Related Posts

No comments:

Post a Comment