// //]]>

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကျေးလက်တောရွာနေ လူငယ်များစကားဝိုင်း (ငြိမ်းချမ်းရေးစကားဝိုင်း)



နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကျေးလက်တောရွာနေ လူငယ်များစကားဝိုင်း
(ငြိမ်းချမ်းရေးစကားဝိုင်း)
========================================
နေပြည်တော် ဧပြီ ၁၁
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကျေးလက်တောရွာနေ လူငယ်များစကားဝိုင်း (ငြိမ်းချမ်းရေးစကားဝိုင်း) ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ (MICC-II) ၌ ကျင်းပသည်။
ရှေးဦးစွာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာ စကားပြောကြားရာတွင် ဒီစကားဝိုင်းကို ရောက်လာတဲ့ လူငယ်တွေအားလုံးကို ကြိုဆိုပါတယ်။ ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ အချက်လေးတွေတစ်ချို့ ပြောချင်ပါတယ်။ ဒီလိုဆွေးနွေးတယ်ဆိုတာဟာ နံပါတ်တစ်ကတော့ တစ်ယောက်နဲ့တစ်ယောက် နားထောင်ပေးဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုဆိုရင် ဆွေးနွေးပွဲလုပ်တာ သုံးလေးကြိမ်လောက် ရှိသွားပါပြီ။ သုံးလေးကြိမ်လောက်ရှိပြီဆိုတော့ ဘာသတိပြုမိလဲဆိုတော့ တစ်ချို့က မလာခင်ကတည်းက ဘာပြောမယ်ဆိုတာ ဆုံးဖြတ်ပြီးသား။ ဆွေးနွေးပွဲမှာ တခြားသူတွေ ဘာပြောတယ်ဆိုတာကို နားမထောင်ဘူး။ ပြောချင်တာပြောသွားတယ်။ ဆွေးနွေးပွဲဆိုတာ အဲ့လိုမဟုတ်ဘူး။ နံပါတ်တစ်က ဘာပြောလဲဆိုတာ နားထောင်ရမယ်။ အဓိပ္ပါယ်ကတော့ တခြားဆွေးနွေးပွဲမှာပါတဲ့ တခြားပါဝင်တဲ့သူတွေကို လေးစားရမယ်။ လေးစားသော အားဖြင့် နားထောင်ရမယ်။ နားထောင်ပြီးတော့ ကိုယ်က တုံ့ပြန်တဲ့ အခါမှာ ရိုးရိုးသားသားပဲ တုံ့ပြန်စေချင်တယ်။ ရိုးရိုးသားသား ဖြောင့်ဖြောင့်မတ်မတ် တုံ့ပြန်စေချင်တယ်။ ဒါမှလည်း ဒီဆွေးနွေးပွဲဟာ တကယ်အနှစ်သာရ ရှိမှာဖြစ်ပါတယ်။ နောက်တစ်ခုက အားလုံးနဲ့ အတူတူ ၀ိုင်းပြီးပြောတယ်ဆိုတော့ အားလုံးကို အချိန်ရအောင်ပေးချင်တယ်။ ကိုယ်တစ်ယောက်တည်းပြောချင်တာတွေကို ဖိပြီးတော့ ပြောနေတော့ အမေက ဖြတ်မှာပဲနော်။ တော်ပြီလို့ပြောမှာပဲ။ အဲ့ဒါတော့ မပြောစေချင်လို့ မဟုတ်ဘူး။ တခြားသူတွေရဲ့ အချိန်ကို လေးစားသောအားဖြင့် အဲ့ဒီအချက်လေးကိုတော့ သတိပြုစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်ဆွေးနွေးပွဲမှာဆိုရင် ဒီဟာကို သတိထားမိတယ်။ တစ်ချို့က ကိုယ်ပြောချင်တာပြော ကျန်တဲ့သူတွေအတွက် အချိန်လောက်မလား၊ မလောက်ဘူးလား ဆိုတာကို လုံးဝမစဉ်းစားတဲ့ သဘောပေါ့။ တခြားသူတွေပြောတာကို သေချာနားမထောင်တာ။ ဆွေးနွေးပွဲဆိုတာ နံပါတ်တစ်က နားထောင်ခြင်းပဲ။ တခြားသူတွေရဲ့ အထင်အမြင်တွေကို သေသေချာချာ လေးလေးစားစား နားမထောင်လို့ရှိရင် ဆွေးနွေးပွဲမဟုတ်တော့ဘူး။ ဟောပြောပွဲဖြစ်သွားတာ။ တစ်ယောက်ပြီးတစ်ယောက် ဟောပြောသွားတဲ့ သဘောပေါ့။ တခြားလူတွေအတွက် အချိန်ကိုလည်း သတိထားပြီးတော့ ကိုယ့်အချိန်ကို ကိုယ်ကန့်သတ်မယ်။ ပထမမေးရမယ်ဆိုရင် သားက ဒီထဲမှာ ငယ်တယ်ပေါ့နော်။ အခုဒီစကားဝိုင်းမှာဆိုရင် ကျေးလက်တောရွာမှာနေတဲ့ လူငယ်တွေရယ်လို့ မဟုတ်ပါဘူး။ တကယ်တော့ ပြည်သူလူထုလို့ ပြောတာကို လူငယ်တွေပဲ ရွေးလိုက်တော့ ဒီတစ်ခါတော့ လူငယ်တွေပေါ့။ နောက်တစ်ခါကျရင် လူကြီးတွေပဲ သတ်သတ်မှတ်မှတ် ဖိတ်ရလိမ့်မယ်ထင်တယ်။ ကျေးလက်တောရွာမှာ နေတဲ့ အမေတို့ရဲ့ ပြည်သူလူထုဟာ ၇၀ ရာခိုင်နှုန်းလောက်ရှိတယ်။ ပြောရမယ် ဆိုလို့ရှိရင် ဒီနိုင်ငံရဲ့ ကျောရိုးလို့ပဲ ပြောလို့ရတယ်။ ကျေးလက်တောရွာမှနေတဲ့ ပြည်သူလူထုဟာ ဒီနိုင်ငံရဲ့ ကျောရိုးဖြစ်တယ်။ လူတစ်ယောက်ရဲ့ ကျောရိုးဆိုတာဟာ မားမားမတ်မတ်ရပ်နိုင်အောင်လို့ ထောက်ပေးထားတာ။ ဒါကြောင့်မို့လို့ ဒီနိုင်ငံဟာ တိုးတက်ဖို့၊ မားမားမတ်မတ်ရပ်တည်နိုင်ဖို့ဆိုလို့ရှိရင် ကျေးလက်တောရွာ ပြည်သူလူထုရဲ့ ဘ၀တွေဟာ ခိုင်မာမှ၊ တိုးတက်မှ၊ ကောင်းမွန်မှ ဖြစ်လိမ့်မယ်။ အဲ့ဒါကြောင့်မို့လို့ ကျေးလက်တောရွာပြည်သူလူထုရဲ့ အခန်းကဏ္ဍက အရေးကြီးတယ်။
အခုဒီဆွေးနွေးပွဲကတော့ ငြိမ်ချမ်းရေးနဲ့ ပတ်သက်တယ်။ ငြိမ်ချမ်းရေးနဲ့ ပတ်သက်လို့ ပြည်သူလူထုရဲ့ အခန်းကဏ္ဍက ဘယ်လိုအရေးကြီးတယ်ဆိုတာ ဒီဆွေးနွေးပွဲကနေပြီးတော့ အဖြေတစ်ခု ပေါ်အောင်လို့ ကြိုးစားဖို့လည်းဖြစ်တယ်။ တချို့တွေက ငြိမ်းချမ်းနေတဲ့ ဒေသတွေမှာနေတဲ့ ပုဂ္ဂိုလ်တွေကျတော့ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ နည်းနည်းစိတ်ဝင်စားမှု နည်းတာလည်းပါတယ်၊ ဗဟုသုတနည်းတာလည်း ပါတယ်။ မကြာခင်တုန်းကဆိုလို့ရှိရင် ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ တချို့ လူငယ်တွေမဟုတ်ပါဘူး။ လူကြီးတွေနဲ့ပဲ ဆွေးနွေးလိုက်တဲ့အခါကျတော့ မန္တလေးတိုင်းဘက်ကဆိုလို့ရှိရင် ငြိမ်းချမ်းရေးကိစ္စကို စိတ်ဝင်စားမှုနည်းတယ်လို့ပြောတယ်။ ဘာဖြစ်လို့လဲဆိုတော့ မန္တလေးတိုင်းက ငြိမ်းချမ်းနေလို့။ ပြည်တွင်း စစ်တွေမရှိဘူး။ မရှိတော့ သူတို့နဲ့မဆိုင်ဘူးဆိုတဲ့ပုံစံနဲ့ ဒီလိုနေကြတယ်။ တကယ်တော့ အားလုံးနဲ့ ဆိုင်တယ်။
တစ်တိုင်းပြည်ဆိုတာဟာ လူတစ်ယောက်နဲ့ နှိုင်းယှဉ်မယ်ဆိုလို့ရှိရင် အစိတ်အပိုင်း အားလုံး ကောင်းမွန်မှ အားလုံးကောင်းမယ်။ ဥပမာဆိုလို့ရှိရင် လက်နာနေတယ်ဆိုရင် နာနေတာပဲ။ လက်တစ်ခုပဲ နာနေတယ် ဆိုပြီး ပစ်ထားလို့မရဘူး။ သွားတစ်ချောင်းနာနေရင်လည်း နာတာပဲ။ စိတ်မသာယာဘူးပေါ့နော်။ အလုပ်လုပ်ရတာလည်း အဆင်မပြေဘူး၊ စားရတာလည်း အဆင်မပြေဘူး၊ အဲ့ဒီတော့ ပြဿနာဖြစ်တယ်။ ပိုပြီးတော့အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု နှလုံးဆိုပါတော့။ နှလုံးမကောင်းဘူး ဆိုလို့ရှိရင် တခြား လက်တွေ၊ ခြေတွေ ဘယ်လိုပဲကောင်းကောင်း နှလုံးမကောင်းဘူးဆိုလို့ရှိရင်တော့ အသက်အန္တရာယ် တောင်မှ ဖြစ်နိုင်တဲ့အနေအထားကို ရောက်သွားတယ်။
အဲ့ဒီတော့ အမေတို့နိုင်ငံရဲ့ နှလုံးသားဆိုတာဟာ ငြိမ်းချမ်းရေးနဲ့ဆိုင်တယ်ဆိုတာကို သတိပြု စေချင်တယ်။ ငြိမ်းချမ်းရေးရမှ ဒီနိုင်ငံဟာ လူနဲ့နှိုင်းယှဉ်မယ်ဆိုရင် ကျန်းမာနိုင်မယ်၊ ကောင်းမွန်နိုင်မယ်၊ တိုးတက်နိုင်မယ်။ အဲ့ဒီတော့ အဲ့ဒီစိတ်ဓာတ်နဲ့ အားလုံးကိုဝိုင်းပြီးတော့ ငြိမ်းချမ်းရေးရဖို့အတွက် လူတိုင်း လူတိုင်းမှာ ဘယ်လို တာဝန်ရှိလဲ၊ ဘာလုပ်ပေးနိုင်လဲဆိုတာကို စဉ်းစားပြီးတော့ ဆွေးနွေးစေချင်ပါတယ်ဟု ပြောကြားသည်။
ထို့နောက် စကားဝိုင်းသို့ တက်ရောက်လာကြသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လူငယ်များက တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ရေး၊ ၂၁-ရာစု ပင်လုံအောင်မြင်ရေး၊ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးရေး၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်းရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ ရာသီ ဥတုဖောက်ပြန်မှု၊ သဘာဝဘေးအန္တရာယ်ကျရောက်မှု၊ ပြည်ထောင်စုစိတ်ဓာတ်ထားရှိရေး၊ မတူကွဲပြားမှုမှ ညီညွတ်မှုတည်ဆောက်နိုင်ရေး၊ ပြည်တွင်းစစ်ကြောင့်ရရှိခဲ့သည့် စိတ်ဒဏ်ရာများ ကုစားနိုင်ရေး၊ ဒီမိုကရေစီ စံနှုန်း၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှု၊ မငြိမ်းချမ်းမှုကြောင့် ကြုံတွေ့ခဲ့ရသည့် အခက်အခဲများ၊ ငြိမ်းချမ်းမှု၏ ရလဒ်အသီးအပွင့်များ၊ မြို့ပြနှင့်ကျေးလက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကွာဟချက်ကျဉ်း မြောင်းရေး၊ ပြည်သူများ၏ အရည်အချင်း အရည်အသွေးမြင့်မာရေး၊ ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် လူငယ်များပါဝင်ရေးတို့နှင့်ပတ်သက်၍ အပြန်အလှန် ဆွေးနွေးကြသည်။
ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က online မှမေးမြန်းသည့် “ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းတွေ ဘာဖြစ်လို့ သီးခြားနိုင်ငံအဖြစ် မနေသင့်လဲ ဆိုတာကို ရှင်းပြပေးစေလိုပါတယ်၊ နိုင်ငံတော်တည်ထောင်ခြင်းဖြစ်စဉ်မှာ တစ်စု၊ တစ်ဖွဲ့ရဲ့ အာဏာရှင် ဆန်ဆန် ဓါးမိုးထားတဲ့ ပြည်ထောင်စုနဲ့ တစ်စိတ်တစ်ဝမ်း ညီတူမျှတူ အခွင့်အရေးရကြတဲ့ ပြည်ထောင်စု ကွားခြားပုံကိုလည်း ပြောပြပေးစေလိုကြောင်းမေးခွန်း”၊ “မြန်မာနိုင်ငံရဲ့ကျေးလက်ဒေသတွေမှာ မူးယစ် ဆေးဝါးနှင့် အရက်သောက်သုံးမှုတွေဟာ အလွန်များပြားနေတာကို တွေ့ရပါတယ်။ ကျေးလက်ဒေသနေ ပြည်သူတွေဟာ ပညာရေးနိမ့်ကျမှု၊ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုကြောင့် နိုင်ငံရပ်ခြားကိုထွက်ပြီး အလုပ်လုပ်နေကြရပါတယ်၊ ဒီလိုအခြေ အနေတွေ ဆက်မဖြစ်အောင် ဘယ်လိုစီမံဆောင်ရွက်မယ်ဆိုတာ သိလိုပါတယ် မေးခွန်း”နှင့် “ကျေးလက်နေပြည်သူအချို့ဟာ မြို့နေပြည်သူတွေလောက် ဗဟုသုတ ကြွယ်ဝခြင်းမရှိတာတွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ ကျေးလက်ဒေသတွေမှာ ကျေးလက်နေ ပြည်သူတွေ ကြားမှာ လူမျိုးရေ၊ ဘာသာရေးအမုန်းတရားတွေ မှိုင်းတိုက်ခံထားရတာ အများဆုံးဖြစ်နေတာကို တွေ့ရ ပါတယ်။ ဒီလိုအမုန်းတရားမီးတွေ ကျေးလက်နေပြည်သူတွေကြားမှာ ချုပ်ငြိမ်းသွားအောင် နိုင်ငံအ၀န်း တရားဥပဒေစိုးမိုးအောင်၊ နိုင်ငံသားတိုင်း ဥပဒေကို လေးစားလိုက်နာအောင် အမြန်ဆုံးဆောင်ရွက်ပေးပါ မေးခွန်း” မေးခွန်း၃ ခုအား ပြန်လည်ဖြေကြားသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ငြိမ်းချမ်းရေး ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ တူညီသည့် စိန်ခေါ်မှုတွေရှိတာကိုလည်းတွေ့ရလိမ့်မယ်၊ အားလုံးဟာ ဒီတစ်နိုင်ငံထဲမှာနေတာဖြစ်တယ်၊ ဒီနိုင်ငံ ချမ်းသာရင်၊ တည်ငြိမ်ရင်၊ အေးချမ်းရင်အားလုံးအတွက် အဆင်ပြေပြီးတော့ ပိုကောင်းမယ်၊ အဖြေဆိုတာ အမှန်တကယ်လိုချင်ရင် အဖြေဟာရှာလို့ရပါတယ်၊ မေးပါများ စကားရ၊ သွားပါများခရီးရောက်ဆိုတဲ့ မောင်ပေါက်ကျိုင်းစကားပုံလိုပဲ ငြိမ်းရေးဖြစ်စဉ်ဟာလည်း ဒီလိုပါပဲ၊ သွားပါများရင် ခရီးရောက်ဆိုတဲ့အတိုင်း ဒီငြိမ်းချမ်းရေး လမ်းကြီးကို သွားရင်းသွားရင်းနဲ့ ခရီးရောက်မယ်၊ ငြိမ်းချမ်းရေးပန်းတိုင်ကို ရောက်မယ် လို့ယုံကြည်တယ်။ မေးပါများစကားရဆိုတာ ကိုယ့်အချင်းချင်းမေးရမယ်၊ ကိုယ့်အချင်းချင်းနား ထောင်ရမယ်၊ မေးပြီးတော့ အဖြေကိုနားမတောင်ရင် အလကားပဲ အဖြေကိုနားထောင်ပြီး အကောင်းဆုံးအဖြေကိုရှာပြီး ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အားလုံးဝိုင်း ပြီးလုပ်ရ မယ်၊ ဒီလိုဆွေးနွေးတယ်ဆိုတာဟာ လုံလောက်တဲ့ ထိတွေ့ချင်းတော့ မဟုတ်ပါဘူး၊ ၅၃ သန်းကျော်တဲ့ ပြည်သူအားလုံးနဲ့ တစ်ယောက်ချင်း တစ်ယောက်ချင်းတွေ့ပြီး ဆွေးနွေးဖို့က မလွယ်ပါဘူး၊ အစိုရအနေနဲ့ တတ်နိုင်သမျှ ပြည်သူလူထုနဲ့ထိတွေ့ပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ပြည်သူတွေကို ပါစေချင်ပါတယ်၊ ပြည်သူတွေရဲ့အင်အားနဲ့မှ အောင်မြင်နိုင်မယ်ဆိုတာကို ယုံကြည်ပါတယ် ဟုပြောကြား သည်။
ယင်းနောက် လူငယ်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
အဆိုပါစကားဝိုင်းသို့ ပြည်နယ်နှင့်တိုင်းဒေသကြီး ကျေးလက်တောရွာနေ လူငယ်များကိုယ်စားပြု လူငယ်များဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှ ကိုထွေးပို၊ ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ နောင်နန်းကျေးရွာမှ မလုအိန်၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ စွယ်တော်ကားကြီးကွင်းမှ ကိုခိုင်မင်းထက်၊ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးအုပ်စု၊ နတ်ရေတောင်ရွာမှ မနန်းဖြူနှင်းသက်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ် တာရွှေထန် ကျေးရွာမှ ကိုသာမောင်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်ကျေးရွာမှ မသိန်းသိန်းအိ၊ ရှမ်းပြည်နယ်၊ ကျောက်တစ်လုံးကြီးမြို့နယ်ခွဲ၊ နောင်ပစ်ရွာမှ ခွန်စိုးမောင်၊ မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ဆပ်ခင်းရွာ မှ မ၀င်းမာခိုင်၊ ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ တကော့ကျေးရွာမှ ကိုလှိုင်မင်းစိုး၊ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကော့ခလိန်ကျေးရွာမှ မိအေးမွန်၊ မကွေးတိုင်း ဒေသကြီး၊ အောင်လံမြို့နယ်၊ ကျီရပ်ကုန်းရွာမှ ကိုထိန်လင်းအောင်၊ ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့၊ ဇယန်းကြီး ကျေးရွာမှ မဖြူစင်ပွင့်တို့နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒေါက်တာဝင်းမြတ်အေး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်၊ ဒုတိယ၀န်ကြီးများနှင့် ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

Source: https://web.facebook.com/state.counsellor/posts/1021340858000130

Related Posts

No comments:

Post a Comment