// //]]>

ပုဂံနှင့် စွယ်တော်လေးဆူ


ပုဂံနှင့် စွယ်တော်လေးဆူ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

မောင်သာ(ရှေးဟောင်းသုတေသန)

ပုဂံသို့ဘုရားဖူးသွားကြသည့် ပြည်တွင်းခရီးသွား အများစုသည် ရွှေစည်းခုံ၊ လောကနန္ဒာ၊ တန့်ကြည့်တောင်နှင့် တုရင်တောင်ဟူသည့် စွယ်တော်စေတီလေးဆူကို မိမိတို့ရည်ရွယ် သည့် ဆန္ဒများအလျောက် ဖူးမြော်လေ့ရှိကြရာ စွယ်တော်မြတ်လေးဆူကို တစ်နေ့တာအတွင်း ဖူးမြော်၍ လှူဖွယ်ပစ္စည်းများကို အညီအမျှ ကပ်လှူကာ တူညီသောဆုကိုတောင်းပါက တောင်းဆုပြည့်ဝသည်ဟု ယုံကြည်ကြသည်။

မြန်မာပြည်သူများအကြား ထင်ရှားသည့် စွယ်တော်လေးဆူသည် ပုဂံဘုရင်အနော်ရထာ တည်ထားခဲ့သည့်စေတီများဖြစ်ကြကာ ဘုရား ရှင်၏စွယ်တော်များကိုဌာပနာ၍ တည်ထားခဲ့ ကြောင်း ရာဇဝင်မှတ်တမ်းများတွင် ရေးသားခဲ့ ကြသည်။ ယင်းတို့အနက် မြေပြန့်စေတီနှစ်ဆူ ဖြစ်သည့် ရွှေစည်းခုံနှင့် လောကနန္ဒာတ့ိုသည် ညောင်ဦးနှင့် ပုဂံတွင်တည်ရှိပြီး တောင်ပေါ် စေတီနှစ်ဆူသည် ညောင်ဦးနှင့် ကျောက်ပန်း တောင်းအကြားရှိ တုရင်တောင်နှင့် ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ တန့်ကြည့်တောင်ပေါ် တွင် တစ်ဆူစီ တည်ရှိနေကြသည်။

အနော်ရထာမင်း နန်းတက်နေချိန်တွင် သီဟိုဠ်ကျွန်းမှ ပထမဝိဇယဗာဟုမင်းသည် အနော်ရတာမင်းကြီးထံ ပိဋကတ်သုံးပုံနှင့်တကွ ရဟန်းသံဃာတော်များနှင့် ဆင်ဖြူတော်တစ်စီး ကို အလှူခံခဲ့သည်။ အနော်ရထာသည် သီဟိုဠ် ဘုရင်၏အလှူခံမှုကို ဆောင်ရွက်ပေးခဲ့သဖြင့် သီဟိုဠ်ဘုရင်က အနော်ရထာ၏ ကူညီမှုကို တုံ့ပြန်သောအားဖြင့် ဗုဒ္ဓစွယ်တော်အစစ်မှ ပွား ထားသည့် စွယ်တော်ပွားတစ်ဆူကို ဓမ္မလက် ဆောင်အဖြစ် ပြန်လည်ပေးအပ်ခဲ့သည်။

အနော်ရထာမင်းကြီးသည် ယင်းစွယ်တော် ပွားကို ရွှေစည်းခုံစေတီတွင် ဌာပနာခဲ့ပြီး စွယ်တော်တစ်ဆူထပ်မံပွား၍ ဆင်ဖြူတော်ပေါ် တင်ကာ အဓိဋ္ဌာန်ဖြင့် စေလွှတ်ခဲ့ရာ ဆင်ဖြူ တော်က တန့်ကြည့်တောင်တွင် ဝပ်ခဲ့သည်။ အနော်ရထာသည် စွယ်တော်တစ်ဆူပွား၍ ထပ်မံစေလွှတ်ပြန်ရာ ဧရာဝတီမြစ်ကမ်း သင်္ဘောဆိပ်အနီး ကုန်းမြင့်တွင်ဝပ်ခဲ့သည်။ ထိုမှ တစ်ဖန် စွယ်တော်တစ်ဆူထပ်မံပွား၍ စေလွှတ် ခဲ့သည့် ဆင်ဖြူတော်သည် တုရင်တောင်တွင် ဝပ်ခဲ့ပြန်သည်။ အနော်ရထာမင်းသည် ဆင်ဖြူ တော်ဝပ်သည့် နေရာလေးနေရာတွင် စွယ်တော် တစ်ဆူစီကိုဌာပနာ၍ စေတီတစ်ဆူစီ် တည်ထား ခဲ့ရာ စွယ်တော်လေးဆူအဖြစ် ထင်ရှားခဲ့သည်။

ရွှေစည်းခုံစေတီ

အနော်ရထာမင်းကြီးသည် ရွှေစည်းခုံစေတီ ကို သရေခေတ္တရာမှရရှိခဲ့သည့် ဘုရားရှင်၏ နဖူး သင်းကျစ်တော်နှင့် မြဆင်းတုတော်တစ်ဆူကို ဌာပနာ၍ ခရစ်နှစ် ၁ဝ၆ဝ ပြည့်နှစ်တွင် တည် ထားခဲ့သည်။ စေတီတော် ပစ္စယာသုံးဆင့် ပြီးစီးချိန်တွင် သီဟိုဠ်မှပင့်ဆောင်လာသည့် စွယ်တော်ပွားကို ထပ်မံဌာပနာခဲ့သည်။ အနော် ရထာမင်းကြီး(ခရစ်နှစ် ၁ဝ၄၄-၁ဝ၇၇)လက် ထက်တွင် မပြီးစီးခဲ့သဖြင့် ရွှေစည်းခုံစေတီကို ကျန်စစ်သားမင်းကြီး(ခရစ်နှစ် ၁ဝ၈၄-၁၁၁၃)က မူလရွှေစည်းခုံစေတီတော်ကိုငုံပြီး တည်ခဲ့ရာ ခရစ်နှစ် ၁၈၉ဝ ပြည့်နှစ်တွင် ပြီးစီးခဲ့သည်။

မြန်မာ့စွယ်စုံကျမ်းတွင် ရွှေစည်းခုံစေတီကို သဲစည်းခုံပေါ်တွင်တည်ခဲ့သဖြင့် ရွှေစည်းခုံ ဘွဲ့ မည် ခေါ်ဆိုခဲ့ကြောင်းနှင့် ပုဂံဘုရားပုထိုး များစာအုပ်တွင် ရွှေစည်းခုံဟူသည့်ဘွဲ့တော် နာမမှာ ဇေယျဘုံဟူသောဝေါဟာရမှ ပြောင်းလဲ လာခဲ့သည်ဟု ပညာရှင်များက ယူဆကြကြောင်း ရေးသားထားသည်။ ကင်းဝန်မင်းကြီးစပ်ဆို သော ရွှေစည်းခုံအံ့ဖွယ်ကိုးပါးလင်္ကာတွင် ''ဇေယျခုံ အံ့ဖွယ်ကိုးကိုလ''ဟု ထည့်သွင်း စပ်ဆိုခဲ့သည့်နည်းတူ ရွှေစည်းခုံစေတီတော်သို့ဘုရင့်နောင်မင်းတရားလှူဒါန်းခဲ့သည့် ခေါင်း လောင်း၏ ကမ္ပည်းစာကြောင်းရေ ၁၆ ၌ ဇေယျ ဘုံဟု ရေးထိုးထားသည်။
ရွှေစည်းခုံသည် ပုဂံရှိ ငုံ၍တည်ထားသော စေတီဘုရား ၄၃ ဆူအနက် တစ်ဆူဖြစ်ပြီး စေတီတော်ကို တုရင်တောင်မှသယ်ယူခဲ့သည့် ကျောက်ချပ်များဖြင့် တည်ဆောက်ခဲ့သည်။ ထို့အတူ ရွှေစည်းခုံသည် ပုဂံရှိ ကျောက် အဆောက်အအုံလေးခုအနက် တစ်ခုဖြစ်သည်။ (ပုဂံတွင် ကျောက်ဖြင့်တည်ဆောက်ထားသည့် အဆောက်အအုံလေးခုသည် ရွှေစည်းခုံစေတီ၊ ကျောက်ဂူဥမင်၊ နန်းဘုရားနှင့် စက္ကူတိုက်ခေါ် ပိဋကတ်တိုက်တို့ ဖြစ်သည်။)

အောက်ခံ ပေ ၁၆ဝ ပတ်လည် ခုံလုံးပေါ်တွင် ဉာဏ်တော် ၁၆၅ ပေအမြင့် တည်ထားသည့် ရွှေစည်းခုံစေတီသည် ၁၁ ရာစုလက်ရာ ရှေး အကျဆုံး မြန်မာစေတီပုံစံတစ်ဆူဖြစ်ပြီး ပစ္စယာ သုံးဆင့်၊ ခေါင်းလောင်းပုံ၊ ခါးပတ်၊ ဘီလူးပန်းဆွဲ၊ ဖောင်းရစ်အဆင့်ဆင့်၊ ကြာမှောက်ကြာလှန်၊ ထုပိကာ၊ ထောင့်စိုက်စေတီ၊ နတ်လှေကားများ ဖြင့် တင့်တယ်စွာတည်ဆောက်ထားသည်။

လောကနန္ဒာစေတီ

လောကနန္ဒာစေတီသည် ပုဂံဗူးဘုရားနှင့် မကွေးမြသလွန်စေတီတို့ကဲ့သို့ ဧရာဝတီမြစ်ကမ်း နဖူးတွင် တည်ရှိသည်။ အနော်ရထာမင်းသည် စွယ်တော်ပွားကို ရတနာပန်းတောင်းအတွင်း၌ ထည့်ကာ အဓိဋ္ဌာန်ပြုလျက် ဆင်ဖြူတော်ပေါ် တင်၍ စေလွှတ်ခဲ့သည်။ ဆင်ဖြူတော်သည် ဧရာဝတီမြစ်ကမ်း၊ သီရိပစ္စယာ ဒုတိယနန်းတော် ရာ၏တောင်ဘက်၊ ပုဂံသင်္ဘောဆိပ်အနီး ကုန်းမြင့်တွင် ဝပ်ခဲ့ရာ အနော်ရထာသည် ဆင်ဖြူတော်ဝပ်ခဲ့သည့်နေရာတွင် စွယ်တော် ပွားကိုဌာပနာပြုလျက် စေတီတော်တစ်ဆူ တည်ထားခဲ့ပြီး လောကနန္ဒာဟု အမည်တွင်ခဲ့ သည်။ လောကနန္ဒာစေတီတော် အရှေ့ဘက် တန်ဆောင်းရှိ ကျောက်စာတိုင် စာကြောင်း ရေ ၂ဝ တွင် လောကနန်တာဟု ရေးထိုးထား သည်။

ပုဂံဒေသတွင် အနော်ရထာမင်းတည်ထားခဲ့ သည့် စွယ်တော်လေးဆူအနက် လောကနန္ဒာ သည် ပုဂံမြို့၏ အနောက်တောင်ဘက်တွင် တည် ရှိပြီး တတိယမြောက် စွယ်တော်စေတီဖြစ်သည်။ ခရစ်နှစ် ၁ဝ၅၉ ခုနှစ်တွင် တည်ထားခဲ့သည့် လောကနန္ဒာသည် သီရီပစ္စယာရွာ၏တောင် ဘက်၊ ဧရာဝတီမြစ်ကမ်းတွင်တည်ရှိကာ ပျူနှင့် ပုဂံ အကူးအပြောင်းကာလ ဗိသုကာလက်ရာ စေတီဖြစ်သည်။ မြန်မာစေတီတော်များကဲ့သို့ ခေါင်းလောင်းပုံအထက်တွင် ကြာလှန်ကြာ မှောက်၊ ဘီလူးပန်းဆွဲများ မပါရှိဘဲ ပျူစေတီလုံး ပုံစံကို မြန်မာမူသို့ ကူးပြောင်းတည်ဆောက် ထားဟန်ရှိကြောင်း ပညာရှင်များက ယူဆကြ သည်။

လောကနန္ဒာစေတီတော်အောက်ပိုင်းသည် သရေခေတ္တရာရှိ ပျူခေတ်လက်ရာ ဘောဘော ကြီး၊ ဘုရားကြီး၊ ဘုရားမာစသည့် စေတီလုံးများ ကဲ့သို့ ရှည်မျောလုံးဝန်းနေကာ စေတီတော်၏ခေါင်းလောင်းပုံသည် ပျူလက်ရာဆန်ဆန် ရှည် လျားလျက် အနားကိုကော့ထားသည်။ လှေကား များပါရှိသည့် ပစ္စယာသုံးဆင့်ပေါ်တွင် ခေါင်း လောင်းပုံရှည် ပါရှိသည်။ ဖောင်းရစ်များတွင် ဆက္ကဝလိထီးဆင့်များကို ခုံးလျှောတစ်လှည့်၊ အဖောင်းတစ်လှည့် ပြုလုပ်ထားကာ ခါးပတ် ဖောင်းရစ်တွင် မှန်ကူကွက် ပန်းခက်များကို ဖောင်းြ<ွကထုလုပ်ထားသည်။

လောကနန္ဒာနှင့် ပုံစံတူစေတီတစ်ဆူကို လောကနန္ဒာစေတီ၏ မြောက်ဘက်တည့်တည့် ကျောက်မျက်မော်ကြီးဘုရားတွင် ဖူးတွေ့နိုင် ကြောင်း ပုဂံဘုရားပုထိုးများ စာအုပ်တွင် မှတ်တမ်းပြုထားသည်။ လောကနန္ဒာစေတီ တော်၏ အရှေ့ဘက်တန်ဆောင်းအတွင်း၌ ပုဂံ ခေတ်ထိုး ကျောက်စာနှစ်ချပ်ရှိခဲ့ရာ သက္ကရာဇ် ၅၆၉ ပါ ကျောက်စာတွင် 'စက်ကြဝတိယ် အနု ရဓာက္လောင်' (စကြာဝတေး အနုရဓာကျောင်း)ဟု ရေးထိုးထားသည်။

၁၉၇၅ ခုနှစ် ပုဂံငလျင်ကြောင့် လောကနန္ဒာ စေတီ၏ ခရေသီးနေရာ ပြိုကျခဲ့ရာ မူလဖောင်း ရစ်ပိုင်းအတွင်းမှ ကျောက်ဌာပနာကြုတ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ယင်းကြုတ်အတွင်း၌ သတ္တုကြုတ်၊ သတ္တုကြုတ်အတွင်း၌ ကြေးနီ ကြုတ်၊ ငွေကြုတ်၊ ရွှေကြုတ်တို့ကို အဆင့်ဆင့် တွေ့ရှိခဲ့ရပြီး ရွှေကြုတ်အတွင်းမှ နှမ်းစေ့အရွယ် ပုလဲရောင်ဓာတ်တော်များနှင့် သွားပုံသ္ဌာန် ကျောက်တစ်ခုကို ရရှိခဲ့သည်။ ဓာတ်တော်များ နှင့် သွားပုံကျောက်တို့ကို လောကနန္ဒာစေတီတွင် ပြန်လည်ဌာပနာခဲ့ပြီး ကြုတ်များကို ပုဂံ ရှေး ဟောင်းသုတေသနပြတိုက်တွင် ပြသထားသည်။ လောကနန္ဒာစေတီမှပင် ပုဂံခေတ်ဦးလက်ရာ ကြေးဆင်းတုတစ်ဆူနှင့် လာဘမုနိကြေး ဆင်းတုတစ်ဆူကိုလည်း ရရှိခဲ့သည်။

တုရင်တောင်စေတီ

တုရင်တောင်သည် ပုဂံမြို့မှ အရှေ့တောင် ဘက်သို့ ခြောက်မိုင်ကွာဝေးပြီး ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်း၏အနောက် ဘက် နှစ်မိုင်အကွာတွင် တည်ရှိသည်။ တုရင် တောင်သည် မြောက်ဘက်ရှိ သက်စိုးတောင်နှင့် ဆက်စပ်နေပြီး လွန်ခဲ့သော နှစ် ၂၅ သန်းက ဖြစ် ပေါ်ခဲ့သည့် သဲကျောက်တောင်ဟု ဆိုကြသည်။ ရွှေစည်းခုံစေတီတော်ကို တည်ခဲ့စဉ်က တုရင် တောင်မှကျောက်တုံးများကို သယ်ယူခဲ့သည်။
တုရင်တောင်ပေါ်မှ နာမည်ကျော် ပုဂံမြကန် ဟောင်းကို မြင်တွေ့ကြရသည်။ တုရင်တောင် တန်းနှင့် အနောက်ဘက်တွင် ယှဉ်လျက်ရှိသော တောင်တန်းအနိမ့်တစ်ခုအကြားသို့ တုရင်နှင့် သက်စိုးတောင်များမှ မိုးရေများ စီးဆင်းလေ့ ရှိခဲ့သည်။ ထိုမိုးရေများသည် တောင်ကြား၌ တောင်မှမြောက်သို့ စီးဆင်းသည့်ချောင်း အတွင်း ဝင်ရောက်ကြကာ ချောင်းကို မြောက် ဘက်တွင်တာဖို့၍ မြကန်ပြုလုပ်ခဲ့သည်ဟု အဆို ရှိခဲ့သည်။ မြကန်သာတောင်ကျချောင်းဘေး၌ ယခုအခါတွင် မြကန်တမံကို တည်ဆောက်ထား သည်။ တုရင်တောင်ခြေသည် မြန်မာတို့၏နှုတ် ပြောရာဇဝင်တွင် ထင်ရှားသည့်နေရာ တစ်ခုဖြစ် ပြီး ဦးပေါင်းကြားနှင့် မြင်းဖြူရှင်ဟန်ဆောင်ကာ အလောင်းစည်သူမင်းကြီး အစွမ်းပြခဲ့သည့် နေရာဟု ပြောစမှတ်များရှိခဲ့သကဲ့သို့ ရှင်အရဟံ ဈာပန ကျင်းပခဲ့သည့်နေရာဟုလည်း ယုံကြည် ကြသည်။

တုရင်ဟူသည့်အမည်ကို တုရင်တော်စေတီ အဝင် ကျောက်စာရုံရှိ စောရဟန်းကျောက်စာ၌ ''တုရင်တောင်ထက် စောရဟန်သိမ်ပျက်ခဲ့ရ ကာ'' ဟု တွေ့ရှိရသည်။ ထို့အတူ တုရင်တောင် စွယ်တော်စေတီ ကျောက်စာတွင် ''တုရင် တောင်ထက် ငရိုက်သင် ပုထိုးတလုံးလှူသော ယာ ၄ ပယ်''ဟု မြင်တွေ့နိုင်ပေသည်။ တုရင် သည် ပါဠိဝေါဟာရ တုရင်္ဂမှ ဆင်းသက်လာပြီး မြင်းနှင့်တူသောဟု အဓိပ္ပာယ်ရသည်။
အနော်ရထာမင်းသည် တုရင်တောင်စွယ် တော်စေတီကို ဖိနပ်တော်ရှစ်မြှောင့်ခံ၍ လောကနန္ဒာစေတီကဲ့သို့ပင် ခေါင်လောင်းပုံ တည်ခဲ့သည်။ စေတီအောက်ခြေတွင် ဆင် ၃၂ ကောင်ခံခဲ့ပြီး မူလစေတီတော်ပုံစံသည် သေး သွယ်၍ အပေါ်သို့ချွန်တက်သွားကာ ဖောင်းရစ် အဆင့်ဆင့်ပါရှိသည့် ရိုးရှင်းသောပုံစံစေတီဟု ဆိုကြသည်။ သို့သော် မူလစေတီတော်ကို ခေတ် အဆက်ဆက် ပြုပြင်ခဲ့ကြသဖြင့် ယခုဖူးတွေ့ ကြ ရသည့် တုရင်တောင်စွယ်တော်စေတီသည် တန့် ကြည့်တောင်စေတီကဲ့သို့ပင် အသစ်ဖြစ်နေပြီဖြစ် သည်။

တန့်ကြည့်တောင်စေတီ

ဧရာဝတီမြစ်အနောက်ဘက်တွင် တည်ရှိ သည့် တန့်ကြည့်တောင်တွင် တည်ထားသည့် စွယ်တော်စေတီကို ဖူးမြော်ရန် ပုဂံမှ ဧရာဝတီ မြစ်တစ်ဖက်ကမ်းသို့ ကူးကြရသည်။ တန့်ကြည့် တောင်ထိပ်မှကြည့်လျှင် ရာသီဥတုသာယာ ချိန်တွင် ပုပ္ပားတောင်နှင့် တုရင်တောင်နောက်ခံ ပုဂံမြင်ကွင်းကို မြင်နိုင်ကြသည်။ ဗုဒ္ဓဘုရားရှင် သည် တန့်ကြည့်တောင်တွင် ဗျာဒိတ်ပေးခဲ့ သည်ဟု အစဉ်အဆက်ယုံကြည်ခဲ့ကြသည်။
တန့်ကြည့်တောင်ထိပ်တွင် အနော်ရထာမင်း သည် စွယ်တော်စေတီတစ်ဆူ တည်ထားခဲ့ရာ ထီး၊ ငှက်ပျောဖူးနှင့် ဖောင်းရစ်များ ပါရှိခဲ့သည်။

ခေါင်းလောင်းပုံအောက်ခြေတွင် ပစ္စယာအဆင့် များ ခံထားခဲ့သည်။ တန့်ကြည့်တောင်စွယ်တော် စေတီသည် ခေတ်အဆက်ဆက် ပြုပြင်မှုများ ကြောင့် စေတီတော်အသစ်ကိုသာ ဖူးတွေ့နိုင်ကြ တော့သည်။
လက်ရှိ တန့်ကြည့်တောင်စေတီသည် ဉာဏ် တော် ပေ ၉ဝ ရှိ၍ ဖိနပ်တော် ပေ ၆ဝ ရှိသည်။ ထီးတော်အဆင့်ကိုးဆင့်တွင် ပူဇော်ထားသည့် စေတီတော်၏ငှက်မြတ်နားကို ငွေဖြင့် ပြုလုပ် ထားသည်။ စေတီတော်ပုံသ္ဌာန်သည် မကွေး မြသလွန်စေတီတော်နှင့် ဆင်သည်။ ရင်ပြင်ပေါ် တွင်ပြသထားသည့် ဘုရားသမိုင်းမှတ်တမ်းတွင် တန့်ကြည့်တောင် အမြင့် ၁ဝ၅ဝ ပေ၊ ပထမ ဒါယကာ သီရိဓမ္မာသောက၊ ဒုတိယဒါယကာ အနော်ရထာ၊ တတိယဒါယကာ နရပတိစည်သူ ဟု ရေးသားထားသည်။

ရှေးဟောင်းသုတေသနဦးစီးဌာန၏ မှတ်ပုံ တင်စာရင်းအရ ကျောင်းကြီးအုတ်နီဟု အမှတ် အသားပြုထားသည့်အတိုင်း ပုဂံတွင် စေတီပုထိုး ပေါင်း ၂၂၁၇ ဆူရှိသည့်အနက် ဗုဒ္ဓဘုရားရှင်၏စွယ်တော်ကို ဌာပနာခဲ့သည့် စေတီတော်များ သည် စွယ်တော်လေးဆူသာ ဖြစ်သည်။ စွယ်တော် လေးဆူအနက် မြေပြန့်စေတီ နှစ်ဆူ သာ မူလလက်ရာကျန်ရှိနေပြီး တောင်ပေါ် စေတီနှစ်ဆူမှာမူ ခေတ်လက်ရာများ ဖုံးသွားခဲ့ပြီ ဖြစ်သည်။

စေတီပုထိုးဆိုလျှင် သစ်လွင်ကာ ရွှေရောင် ဝင်းနေမှ ကြည်ညိုသပ္ပာယ်ဖွယ်အဆင်းကို ဆောင်သည်ဟု အစွဲရှိနေကြသည့် မြန်မာနိုင်ငံ သား အများစုသည် ရွှေရောင်မဝင်းသော်လည်း ယဉ်ကျေးမှုတန်ဖိုးမြင့်မားသည့် ရှေးဟောင်း စေတီပုထိုးများကို မူလလက်ရာမပျက် ထိန်း သိမ်းရမည်ဆိုသည်ကို သိရှိခံယူနိုင်ကြသည်နှင့် အမျှ မြန်မာနိုင်ငံတစ်နံတစ်လျားရှိ ရှေးဟောင်း စေတီပုထိုး အဆောက်အအုံများကို တန်ဖိုးရှိစွာ ထိန်းသိမ်းလာနိုင်ကြမည်ဖြစ်ပေသည်။

ကိုးကား

ပုဂံစေတီပုထိုးများ(ပြန်ကြားရေးဝန်ကြီးဌာန)
ပုဂံသုတေသနလမ်းညွှန်(ဦးဗိုကေ)

Source: https://web.facebook.com/MOIWebportalMyanmar/posts/1239386396189224

Related Posts

No comments:

Post a Comment