// //]]>

နိုင်ငံတော်သမ္မတအိမ်တော်တွင် ရခိုင်ပြည်နယ်အရေးကိစ္စဆိုင်ရာ အထူးအစည်းအဝေး ကျင်းပပြုလုပ်

နိုင်ငံတော်သမ္မတအိမ်တော်တွင် ရခိုင်ပြည်နယ်အရေးကိစ္စဆိုင်ရာ အထူးအစည်းအဝေး ကျင်းပပြုလုပ်
နေပြည်တော်၊ ဇွန် ၃၀
ရခိုင်ပြည်နယ်အရေးကိစ္စဆိုင်ရာ အထူးအစည်းအဝေးတစ်ရပ်ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နိုင်ငံတော် သမ္မတအိမ်တော်ရှိ ဧည့်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် နိုင်ငံတော်သမ္မတက အဖွင့်အမှာစကားပြောကြားပြီး မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ဆောင်ရွက်ချက်များကိုလည်းကောင်း၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ရခိုင်ပြည်နယ်၊ မောင်တောဒေသအတွင်း အကြမ်းဖက်တိုက်ခိုက်မှု အခြေအနေများနှင့် လုံခြုံရေးဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် (ဒေါက်တာကိုဖီအာနန်ကော်မရှင်) ၏ ကြားဖြတ်အစီရင်ခံစာနှင့် ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ ဖွဲ့စည်းခဲ့သည့် Fact Finding Mission နှင့် ပတ်သက်၍ တုံ့ပြန်ဆောင်ရွက်မည့် အစီအစဉ်များကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
၎င်းနောက် အစည်းအဝေးတက်ရောက်လာကြသူများက ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကို ဝိုင်းဝန်းဆွေးနွေး အကြံပြုကြသည်။ ယင်းနောက် အစည်းအဝေးကို ညနေ ၄ နာရီ ၁၅ မိနစ်တွင် ရုပ်သိမ်းလိုက်သည်။
အစည်းအဝေးသို့ နိုင်ငံတော်သမ္မတဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော် ဥက္ကဌမန်းဝင်းခိုင်သန်း၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းတို့ တက်ရောက်ခဲ့ကြသည်။

Source: https://web.facebook.com/state.counsellor/posts/1072387212895494

Related Posts

No comments:

Post a Comment