// //]]>

မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ်



မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှု ဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲ (Forum on Myanmar Democratic Transition) တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် အဖွင့်မိန့်ခွန်း

မြန်မာ့ဒီမိုကရေစီကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် အဖွင့်မိန့်ခွန်းအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

ကျွန်မက လက်ခုပ်တီးခိုင်းတာကိုမကြိုက်ဘူးနော်။ တီးချင်မှတီးရမှာ ဒါ ဒီမိုကရေစီပဲ။ လက်ခုပ် မတီးချင် တီးချင်နဲ့ တီးခိုင်းတာ ဒါဟာ ဒီမိုကရေစီနဲ့ မကိုက်ညီဘူးလို့ကျွန်မ ထင်ပါတယ်။ ဒါကျွန်မတို့ ပြောင်းလဲရမယ့် အစဉ်အလာတစ်ခုပေါ့။ ကျွန်မတို့ရဲ့ ဆွေးနွေးပွဲကို တက်ရောက်လာကြတဲ့ ဧည့်ပရိတ်သတ်အပေါင်းကို ကြိုဆိုပါတယ်။

ဒီနေ့ ကျွန်မတို့နိုင်ငံရဲ့ ဒီမိုကရေစီအသွင်ပြောင်းလဲမှုနဲ့ပတ်သက်လို့ ရှုထောင့်အမျိုးမျိုးကနေ ဆွေးနွေးကြမယ် ဝေဖန်ကြမယ် သုံးသပ်ကြမယ်လို့ ကျွန်မတို့နားလည်ပါတယ်။ ပြီးတော့ ကျွန်မအနေနဲ့ တော့ ပြုပြင်ပြောင်းလဲရေးကို ဘယ်လိုနားလည်မလဲဆိုတာကိုတော့ အနည်းငယ်ရှင်းပြချင်ပါတယ်။ ဘာဖြစ်လို့ ကျွန်မတို့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို လိုချင်ကြသလဲ။ ဘာဖြစ်လို့ ဒီလိုပြုပြင် ပြောင်းလဲရေးရရှိဖို့အတွက် ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ နှစ် (၃၀)နီးပါး ကြိုးပမ်း ခဲ့လဲ ဆိုတာဟာ တိုတိုပြောရမယ်ဆိုရင် ကျေးဇူးတရားအရ၊ သစ္စာတရားအရ၊ မေတ္တာစေတနာအရ ဖြစ်ပါတယ်။ ကျေးဇူးတရားအရဆိုတာ ကျွန်မတို့နိုင်ငံရဲ့ လွတ်လပ်ရေးအတွက် ကြိုးပမ်း ဆောင်ရွက် ခဲ့ကြတဲ့ အများအသိ ခေါင်းဆောင်ကြီးတွေသာမက အမည်မသိရဲဘော်တွေ၊ ပြည်သူတွေအတွက် ဖြစ်ပါတယ်။

ဒီလွတ်လပ်ရေးရအောင် ဆောင်ရွက်ပေးကြတဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာ ကျေးဇူးသိသောအားဖြင့် ကျွန်မတို့ လွတ်လပ်ရေးဟာ ခေါင်းဆောင်ကြီးများမျှော်မှန်းခဲ့သလို အမည်မသိပဲနဲ့ ကျဆုံးသွားရတဲ့ ကျွန်မတို့ရဲ့ ပြည်သူတွေရဲဘော်တွေ မျှော်မှန်းခဲ့သလိုဖြစ်ဖို့လုပ်ဖို့ဟာ တာဝန်တစ်ခုဖြစ်ပါတယ်။ ကျွန်မတို့ ဘာတွေ မျှော်မှန်းခဲ့လဲဆိုတာကို စဉ်းစားဖို့အများကြီးလိုပါတယ်။ ပန်းတိုင်တစ်ခုဆိုတာဟာ ပန်းတိုင်ကိုပဲ ကြည့်လို့ မဖြစ်ပါဘူး။ ပန်းတိုင်ကိုသွားတဲ့လမ်းကလည်း မှန်ဖို့လိုပါတယ်။ တစ်ချို့ကဆိုရင် ပန်းတိုင်ရောက်ရင်ပြီးရော ဘယ်လိုနည်းနဲ့သွားသွားဆိုပြီး မြင်ကြပါတယ်။ ကျွန်မကတော့ ဒီလိုမမြင်ပါဘူး။ ပန်းတိုင်ကို သွားတဲ့လမ်းမှာ သွားပုံသွားနည်း မမှန်ကန်လို့ရှိရင် ပန်းတိုင်ကို ရောက်သွားတဲ့အခါကျရင် ကိုယ်မျှော်မှန်းသလို မဖြစ်တတ်ပါဘူး။ ပန်းတိုင်ကိုက ပုံပျက်ပန်းပျက်၊ ဂုဏ်သိက္ခာမဲ့ ဖြစ်သွားနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရောက်အောင်လာခဲ့တဲ့ လမ်းက ဂုဏ်သိက္ခာမဲ့ခဲ့လို့ဆိုရင် ဒီလိုပဲဖြစ်မှာပဲ။ ဒါကြောင့် ပန်းတိုင်ရောက်အောင် လုပ်တဲ့နည်းတွေကလည်း မှန်ကန်ဖို့လိုတယ်။ သိက္ခာရှိဖို့လိုတယ်။

ကျွန်မတို့ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဟာ ရည်ရွယ်ချက်မှန်သလို၊ လုပ်ပုံလုပ်နည်း လမ်းစဉ်လည်း မှန်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ အများပြောလေ့ရှိပါတယ်။ ကိုယ်ပိုင်အစိုးရဟာ မလုံလောက်ဘူး ကောင်းတဲ့အစိုးရဖြစ်ဖို့ လိုတယ်ဆိုတာပါ။ ဒီတော့ ကျွန်မတို့ရဲ့ ပြည်သူပြည်သားများ လွတ်လပ်ရေးအတွက် တိုက်ခိုက်ကြတဲ့နိုင်ငံသူနိုင်ငံသားတွေဟာ ဘာကြောင့် လွတ်လပ်ရေး လိုချင်ကြ လဲဆိုတာကို ပြန်ပြီးစဉ်းစား မယ်ဆိုရင် ဒသာနိကအမြင်နဲ့ ကျွန်မမပြောပါဘူး။ ဒသာနိက အမြင်နဲ့ ပြောမယ်ဆိုရင် ဘယ်တော့မှဆုံးမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လူသားများဟာ လွတ်လပ်ခြင်းကို တမ်းတသလဲဆိုတာ။ ဘယ်လို မျှော်မှန်းချက်တွေနဲ့ လုပ်ဆောင်ခဲ့သလဲဆိုတာကို စဉ်းစားဖို့လိုပါတယ်။ စဉ်းစားတဲ့နေရာမှာ ကျွန်မတို့ရဲ့ နိုင်ငံတော် သီချင်းကိုကြည့်သလို နိုင်ငံတော်သီချင်းရဲ့ အခြေခံဖြစ်တဲ့ အရင်တုန်းက လွတ်လပ်ရေး ကာလတုန်းက တို့ဗမာသီချင်းနဲ့လည်း ပြန်ပြီးတော့ ကြည့်လိုက်ပါတယ်။ လွတ်လပ်ရေးကာလတုန်းက သီချင်းရဲ့ အနောက်မှာရှိတဲ့အင်အားကတော့ တော်လှန်ရေးအင်အား၊ တော်လှန်ချင်တဲ့စိတ်နဲ့ ရေးတယ်လို့ ပြောလို့ရပါတယ်။

လွတ်လပ်ရေးရပြီးတဲ့အခါ ကျွန်မတို့ရဲ့နိုင်ငံတော်သီချင်းဟာ တည်ဆောက်ချင်တဲ့စိတ်နဲ့ ရေးထားတဲ့ သီချင်း ဖြစ်ပါတယ်။ ဥပမာဆိုလို့ရှိရင် တို့ဗမာသီချင်းမှာဆိုရင် “နောင်လာနောင်သားကောင်းစားဖို့ရာ တို့ကိုယ်ကျိုး လုံးလုံးမပါတဲ့” နောင်လာနောင်သားကောင်းစားဖို့ရာ လွတ်လပ်ဖို့လိုတယ် တို့နိုင်ငံ လွတ်လပ်မှ တို့နောင်လာ နောင်သားတွေ ကောင်းစားနိုင်မယ်ဆိုပြီးတော့ ဒီလိုရည်ရွယ်ချက်တွေနဲ့ မလွတ်လပ်တဲ့အခြေအနေ ကနေပြီးတော့ လွတ်လပ်တဲ့အခြေအနေကိုရောက်ဖို့နဲ့ ပြုပြင်ပြောင်းလဲဖို့ ရုန်းကန်ခဲ့ကြတာဖြစ်ပါတယ်။

ဒီတော့ ကျွန်မတို့လွတ်လပ်ရေးရသွားတဲ့အခါကျတော့ ဘယ်လိုနိုင်ငံတော်ကြီးကို မျှော်မှန်းသလဲဆိုတာ ကျွန်မတို့ရဲ့နိုင်ငံတော်သီချင်းထဲမှာ ရှင်းရှင်းလင်းလင်းပါပါတယ်။ “တရားမျှတလွတ်လပ်ခြင်းနဲ့မသွေ” ကျွန်မသိပ်ပြီး သဘောကျတယ်။ တရားမျှတမှုနဲ့စတာနဲ့ လွတ်လပ်ရုံနဲ့ မလုံလောက်ဘူး။ တရားမျှတမှု ရှိမှ လွတ်လပ်ရကျိုးနပ်မှာဖြစ်ပါတယ်။“များလူခပ်သိမ်းငြိမ်းချမ်းစေဖို့၊ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ပြည်” တဲ့ များလူအားလုံးကနေပြီးတော့ ငြိမ်းချမ်းရမယ်၊ ငြိမ်းချမ်းရေးအရေးကြီးတယ်၊ ခွင့်တူညီမျှသာ ရမယ်။ နိုင်ငံသူနိုင်ငံသားအားလုံးဟာ တူညီတဲ့အခွင့်အရေးတွေရကြရမယ်။ ဝါဒဖြူစင်တဲ့မြေတဲ့ ရိုးသားဖြူစင်ဖို့လိုတယ်။ စောစောက ကျွန်မပြောသလိုပေါ့ ဂုဏ်သိက္ခာရှိဖို့ အင်မတန်မှ အရေးကြီး ပါတယ်။ အဲ့တော့ ကျွန်မတို့ရဲ့နိုင်ငံဟာ လွတ်လပ်ရေးရပြီး ဖြူးဖြူးဖြောင့်ဖြောင့်တော့ မဟုတ်ခဲ့ပါဘူး။ ပြောင်းလဲရေးဆိုတာ အကောင်းဘက်ပြောင်းလဲတာလဲရှိသလို။ အဆိုးဘက် ပြောင်းလဲတာလည်း ရှိနိုင်ပါတယ်။

ကျွန်မတို့နိုင်ငံဟာ အစတုန်းကတော့ ဒီမိုကရေစီစံနှုန်းစံထားတွေနဲ့ စခဲ့ပေမယ့် လမ်းလွဲခဲ့တာတွေလည်း ရှိပါတယ်။ ဒါတွေကိုပြန်ပြီးတော့ တည့်မတ်ဖို့ဆိုပြီးတော့ ကျွန်မတို့ဟာ ဒီမိုကရေစီအရေးတော်ပုံကြီး လမ်းစဉ်ကို လျှောက်ခဲ့တာပါ။ ငြိမ်းချမ်းတဲ့နည်းနဲ့၊ အကြမ်းမဖက်တဲ့နည်းနဲ့ ဝါဒဖြူစင်တဲ့နည်းလို့ ပြောရမှာပေါ့။ ကျွန်မတို့ ယုံကြည်ချက်အရ ကျွန်မတို့ရဲ့ လွတ်လပ်ရေးဖခင်ကြီးများ၊ လွတ်လပ်ရေး အတွက် စတေးခဲ့ကြတဲ့ ကျွန်မတို့သာမန်ပြည်သူပြည်သားများရဲ့ မျှော်မှန်းချက်တွေနဲ့ ကိုက်ညီအောင် ဖြူစင်ဝါဒနဲ့ တရားမျှတတဲ့ လွတ်လပ်မှုရအောင်၊ တရားမျှတတဲ့ဒီမိုကရေစီစနစ်တစ်ခု ထူထောင်နိုင် အောင် ကျွန်မတို့တွေ ကြိုးပမ်းခဲ့ကြတာဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲရေးဆိုတာ ဘယ်တော့မှ မလွယ်ပါဘူး။ မှန်မှန်ကန်ကန်လုပ်ဖို့ဆိုတာကလည်းလွယ်တာ မဟုတ်ပါဘူး။

ကျွန်မတို့ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ ဒီနေ့လိုဆွေးနွေးပွဲလုပ်တယ်ဆိုတာ အင်မတန်မှ လိုအပ်ပါတယ်။ အင်မတန်မှလည်း သင့်တော်ပါတယ်။ ကျွန်မတို့ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေဟာ ဘာတွေလဲဆိုတာကို အဖက်ဖက်ကကြည့်ဖို့လိုပါတယ်။ တခြားကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံအများကလည်း ပြုပြင်ပြောင်းလဲရေးလမ်းကို ဖြတ်ကျော်ခဲ့ရပါတယ်။ ဒါပေမဲ့ သူတို့ရဲ့တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံနဲ့ ကျွန်မတို့ရဲ့အတွေ့အကြုံတွေကတော့ ထပ်တူထပ်မျှ တူနိုင်မှာ မဟုတ်ပါဘူး။ ထပ်တူထပ်မျှမဟုတ် ပေမယ့် ယူစရာ သင်ခန်းစာများကတော့ ယူတတ်လို့ရှိရင် ရမယ်လို့ထင်ပါတယ်။

ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်လို့ရှိရင် ဒီဆွေးနွေးပွဲတွင် ဆွေးနွေးမယ်ဆိုပြီးတော့ သတ်မှတ်ထားတဲ့ ကိစ္စရပ်တွေရှိပါတယ်။ သတ်မှတ်ထားတဲ့ကိစ္စရပ်တွေမှာဆိုရင် ကျွန်မတို့ရဲ့ ပြုပြင်ပြောင်းလဲရေး အတွက် ဘာတွေက အရေးကြီးလဲဆိုတာကို စဉ်းစားပြီးတော့ သတ်မှတ်တယ်လို့ ကျွန်မထင်ပါတယ်။ ပြုပြင်ပြောင်းလဲရေးလုပ်တဲ့နေရာမှာ ဘက်စုံကြည့်ရမယ်လို့ ကျွန်မပြောထားခဲ့ပါတယ်။ အခု ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးတော့ ဒီ Forum မှာဆိုရင် စစ်ဘက် အုပ်ချုပ်မှုမှ အရပ်ဘက်အုပ်ချုပ်ရေးသို့၊ ဗဟိုဦးစီးစနစ်မှ ဈေးကွက်စီးပွားရေးသို့၊ စစ်ပွဲမှသည် ငြိမ်းချမ်းရေးဆီသို့ ဆိုပြီးတော့ ဒီလိုခေါင်းစဉ်တွေကို ဆွေးနွေးမှာဖြစ်ပါတယ်။ ကျွန်မကတော့ ပထမဦးဆုံး အရေးကြီးတဲ့ ငြိမ်းချမ်းရေးကိစ္စကို ပြောချင်ပါတယ်။ ကျွန်မတို့ပြောင်းလဲရာမှာ ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ လွတ်လပ်ရေးမရခင်ကစပြီးတော့ ပြည်တွင်းစစ်မီးတွေ မငြိမ်းနိုင်တဲ့ ကျွန်မတို့နိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့ဆိုတာ ပထမဦးဆုံး အရေးကြီးဆုံးကိစ္စလည်း ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ဦးစားပေးလုပ်ငန်းတစ်ခုလည်းဖြစ်ပါတယ်။

တချို့တွေကတော့ ဖွံ့ဖြိုးရေးကသာ အရေးကြီးတယ်။ ဖွံ့ဖြိုးရေးရလို့ရှိရင် အလိုလို ငြိမ်းချမ်းရေး ရမယ်ဆိုပြီး ပြောတဲ့သူတွေရှိပါတယ်။ ဒီအမြင်ကို ကျွန်မသဘောမတူပါဘူး။ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးဟာ ခွဲပြီးတော့ ကြည့်လို့မရပါဘူး။ ငြိမ်းချမ်းရေး မရလို့ရှိရင် ဖွံ့ဖြိုးရေးဆိုတာကလည်း တည်တံ့ ခိုင်မြဲနိုင်မှာ မဟုတ်ပါဘူး။ ဖွံ့ဖြိုးရေးမရှိလို့ရှိရင် ငြိမ်းချမ်းရေးကလည်း တည်တံ့ခိုင်မြဲနိုင်မှာ မဟုတ်ပါဘူး။ ဒီနှစ်ခုစလုံးအတွက် ကျွန်မတို့ကြိုးစားဖို့လိုပါတယ်။ ဒါကြောင့် ကျွန်မတို့ဟာ ဒီနိုင်ငံမှာ ပြည်တွင်းစစ်ငြိမ်းသွားဖို့ဆိုတာကို ဦးစားပေးပြီးတော့ ဆောင်ရွက်နေတာပါ။ ပြည်တွင်းစစ်ငြိမ်းဖို့ လုပ်တာနဲ့ ကျွန်မတို့ရဲ့ တိုင်းရင်းသား ပြည်သူပြည်သားများအားလုံးအတွက် ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်နေတာ ဖြစ်ပါတယ်။ စီးပွားရေးပြုပြင် ပြောင်းလဲဖို့ ဆိုတာလည်း လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။

ကျွန်မတို့နိုင်ငံဟာ ပြောရရင် အချိန်နှောင်းနေတဲ့နိုင်ငံပါ။ ကျွန်မတို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေ အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့အချိန်တုန်းက ကျွန်မတို့ဟာ ဒီလိုတိုးတက်နိုင်ဖို့ကြိုးစားခွင့် မရခဲ့ပါဘူး။ ဒီတော့ ကျွန်မတို့က နောက်ကနေ လိုက်နေရတာဖြစ်ပါတယ်။ နောက်ကနေလိုက်ရ ပေမယ့်လည်း နောက်ကနေလိုက်ရခြင်းရဲ့ အကျိုးကျေးဇူးတွေ ရှိပါတယ်။ အဲဒါကတော့ ရှေ့ကသွားတဲ့ ပုဂ္ဂိုလ်များ၊ နိုင်ငံများရဲ့ အတွေ့အကြုံတွေကို ကြည့်ပြီးတော့ ကျွန်မတို့ သင်ခန်းစာယူဖို့ပဲရှိပါတယ်။ ကျွန်မတို့ဒီလို သင်ခန်းစာယူပြီးတော့ လုပ်သွားရတဲ့ နေရာမှာ အရေးကြီးဆုံးကိစ္စကတော့ စိ်တ်ဓာတ် ပဲလို့ ကျွန်မထင်ပါတယ်။ ကျွန်မတို့ ပြုပြင်ပြောင်းလဲရေးအတွက် စပြီးတော့ လှုပ်ရှားခဲ့တဲ့အခါမှာ ဒီမိုကရေစီအရေးတော်ပုံပေါ့နော်။ ဒီမိုကရေစီ အရေးတော်ပုံ အတွက် လှုပ်ရှားမှုကြီးလို့ခေါ်တဲ့နေရာမှာ ဒီမိုကရေစီတော်လှန်ရေးကြီးလို့လည်း တစ်ချို့က ခေါ်ဆိုကြပါတယ်။ ဒီတော့တော်လှန်ရေးဆိုတာ ကျွန်မ ခဏခဏပြောပါတယ်။ တကယ်တော့ ဒါဟာ စိတ်ဓာတ် တော်လှန်ရေးဖြစ်ရမယ်။

တကယ့် ဒီမိုကရေစီရဖို့ဆိုတာ ကျွန်မတို့က ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီတဲ့စိတ်ဓာတ်တွေ မွေးမြူနိုင် မှရမှာ၊ ဒီလိုမွေးမြူနိုင်မှ ကျွန်မတို့ရဲ့ ဒီမိုကရေစီဟာလဲ တည်တံ့ခိုင်မြဲနိုင်မှာဖြစ်ပါတယ်၊ ကျွန်မတို့ စိတ်ဓာတ်တွေ ပြုပြင်ဖို့လိုပါတယ်၊ Mindset ပေါ့နော်။ ကိုယ့်ရဲ့အတွေးအခေါ်၊ အမြင်၊ အနေအထား ရပ်တည်မှု အားလုံးပေါ့၊ ဒါတွေကို ကျွန်မတို့မပြုပြင်ဘဲနဲ့ ဒီမိုကရေစီကို ကျွန်မတို့နိုင်ငံအတွက် အကျိုးရှိအောင် လုပ်လို့ မရပါဘူး။

ဒီမိုကရေစီဆိုတာ အခွင့်အရေးတွေ ပါလာပါတယ်။ ကျွန်မတို့ ထပ်တလဲလဲပေါ့နော်။ အခွင့်အရေး နဲ့အတူ ပါဝင်နေပြီဆိုတာလဲ ထပ်တလဲလဲ ပြောလေ့ရှိပါတယ်။ ဒီအခွင့်အရေးတွေကို လုပ်တဲ့နေရာမှာ ကျွန်မတို့ အခုအစိုးရက တာဝန်ယူတဲ့ တစ်နှစ်ခွဲနီးပါးကာလအတွင်းမှာ တွေ့ရတယ်။ တစ်ချို့တွေက ဒီမိုကရေစီ အခွင့်အရေးတွေကို အပြုသဘောဆောင်တဲ့ပုံစံနဲ့ အပေါင်းလက္ခဏာ ဆောင်တဲ့ပုံစံနဲ့ သုံးစွဲကြတယ်။ တစ်ချို့တွေကတော့ ဒီလိုမဟုတ်ဘဲနဲ့ ဒီမိုကရေစီအခွင့်အရေးတွေကို အနုတ်လက္ခဏာ ဆောင်တဲ့ပုံစံနဲ့ သုံးစွဲနေတယ်။ ဘယ်သူတွေက ဘယ်လိုသုံးစွဲနေတယ်ဆိုတာတော့ ကျွန်မတို့ရဲ့ ပြည်သူပြည်သားတွေက သိမယ်လို့ ကျွန်မထင်ပါတယ်။ တချို့ဆိုလို့ရှိရင် ကျွန်မတို့နိုင်ငံမှာ ဒီမိုကရေစီ မရှိခဲ့တာ အင်မတန်ကြာလို့ ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားများဟာ ဒီမိုကရေစီနိုင်ငံရေး နားမလည်ဘူးလို့ ထင်ကြပါတယ်။ ဥပဒေအရ ၊ လုပ်ထုံးလုပ်နည်းအရ၊ အုပ်ချုပ်ရေးစနစ်အရ နားမလည်တာရှိ နိုင်ပါတယ်။ ဒါပေမယ့်လည်း ကျွန်မတို့ရဲ့ ပြည်သူပြည်သားများဟာ မှန်ကန်မှုနဲ့ မမှန်ကန်မှုကိုတော့ ခွဲခြားပြီးတော့ မြင်သည့်သူများပါတယ်။

ဒါ့ကြောင့်မို့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဟာ မှန်ကန်တဲ့ပုံစံနဲ့ သွားနေသလား၊ မသွားနေဘူးလား ဆိုတာ အသိဆုံးကတော့ ကျွန်မတို့ရဲ့ ပြည်သူပြည်သားတွေပါပဲ။ မှန်ကန်တဲ့ပုံစံနဲ့ သွားရင်တောင်မှ အားလုံးဟာ ချက်ချင်းလက်ငင်းကောင်းစားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ နေရာတိုင်းမှာလည်း အောင်မြင်မှုရဖို့ဆိုတာဟာ မဖြစ်နိုင်ပါဘူး။ ကျွန်မတို့ အဘက်ဘက်က ကြိုးစားရပါလိမ့်မယ်။ တချို့ကဆိုလို့ရှိရင် ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို အမြင်တစ်ခုတည်းနဲ့ပဲ မြင်ပါတယ်၊ တစ်ဖက်ကနေပဲ မြင်ပါတယ်၊ အဲဒီကျွန်မတို့ ငယ်ငယ်ကသင်ရတဲ့ မျက်မမြင်ပုဏ္ဍားကြီးခြောက်ယောက် နဲ့ ဆင်လိုပေါ့နော်၊ နှာမောင်းလေးကို ကိုင်ပြီးတော့ ဆင်ဆိုတာလဲ မြွေပါပဲဆိုပြီးတော့ အော်နေကြတာပဲ။ ခြေထောက်ကြီးကိုဖက်ပြီးတော့လဲ ဆင်ဆိုတာ သစ်ပင်ကြီးပါပဲလို့ အော်တဲ့သူကလည်း ဒီတိုင်းပဲ ဘယ်သူဘာပြောပြော သစ်ပင်ကြီးနဲ့ တူပါတယ်လို့ပဲ အော်နေမှာပဲ။ ဒီလိုကျွန်မတို့ ကြည့်လို့မရပါဘူး။ ဆင်ဆိုတာဘယ်လိုလဲလို့ သိချင်လို့ရှိရင် ဆင်တစ်ကောင်လုံးကိုကြည့်ဖို့လိုပါတယ်။ ဒီမျက်မမြင် ပုဏ္ဍားကြီးတွေလို တစ်နေရာကိုဘဲ ဖက်တွယ်ပြီးတော့ ဒီလိုနေပါတယ်လို့ ကျွန်မတို့ ပြောလို့မရပါဘူး။ ကျွန်မတို့နိုင်ငံရဲ့ တိုးတက်ရေးအတွက် ကြိုးပမ်းတဲ့အခါမှာ နိုင်ငံရဲ့တည်ငြိမ်ရေး၊ ဒီမိုကရေစီစနစ် အပြည့် အမြစ်တွယ်ရေးအတွက် ကြိုးပမ်းတဲ့နေရာမှာ ကျွန်မတို့က ဆင်တစ်ကောင်လုံးကို ကြည့်နိုင်တဲ့ စွမ်းအင်ရှိဖို့ရာ အင်မတန်မှအရေးကြီးပါတယ်။ စီးပွားရေးဘက်က ကြည့်ရမယ်။ နိုင်ငံရေးဘက်က ကြည့်ရမယ်။ လူမှုရေးဘက်ကကြည့်ရမယ်။ ကျွန်မတို့ နိုင်ငံမှာရှိတဲ့ ပြဿနာပေါင်းစုံဘက်က ကြည့်ရမယ်။ တစ်ဖက်တည်းကြည့်လို့မပါဘူး။ ကိုယ်ယုံကြည်တဲ့ ဘက်ကိုလည်း ကိုယ်ကနေပြီးတော့ ဦးစားပေးချင်တဲ့ဘက်ကိုလည်း ကြည့်လို့မရပါဘူး။ ဘယ်ဟာတွေကို ဦးစားပေးရမှာလဲ ဆိုတာကတော့ ဒါအစိုးရများက ဆုံးဖြတ်ဖို့တာဝန်ရှိမှာပါ။ တာဝန်အရ ဆုံးဖြတ်ချက်ချတဲ့ အခါမှာ ကျွန်မတို့ကတော့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ဖို့ မျှော်လင့်ပါတယ်၊ အကယ်၍ အမှားအယွင်းရှိတယ်ဆိုလို့ရှိရင်လည်း ပြင်ဖို့၊ ပြုပြင်ဖို့ ကျွန်မတို့အနေနဲ့ ဒီဟာသတ္တိရှိရှိနဲ့ ပြုပြင်သင့်တဲ့ဟာကိုပြုပြင်ရမှာဖြစ်ပါတယ်။

ဒီမိုကရေစီထူထောင်တယ်ဆိုတာဟာ ယဉ်ကျေးမှုတစ်ခုကို ထူထောင်တာပါလို့လည်း ကျွန်မ မကြာခဏ ပြောပါတယ်၊ ဒီမိုကရေစီ ယဉ်ကျေးမှုဆိုတာဟာ ပြည်သူတွေကနေစတာပါ၊ ယဉ်ကျေးမှုဆိုတာ လူ့အသိုင်းအဝိုင်းကနေစတာပါ ဖြစ်ပါတယ်။ အစိုးရကနေပြီးတော့ ချပေးတိုင်းဖြစ်တာ မဟုတ်ပါဘူး။ ဒါ့ကြောင့်မို့လို့ ကျွန်မတို့ ဒီမိုကရေစီထူထောင်တယ်ဆိုလို့ရှိရင် ပြည်သူတွေအားလုံးပါဝင်ဖို့ဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။ ကျွန်မတို့ စပြီးတော့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် စပြီး လှုပ်ရှားစဉ် အခါတုန်းက ပြောင်းလဲချိန်တန်ပြီဆိုပြီးတော့ ကျွန်မတို့ကနေပြီးတော့ ဒီဆောင်ပုဒ်အရ ရွေးကောက်ပွဲကို ယှဉ်ပြိုင်ခဲ့ပါတယ်။ အဲ့တုန်းက ကျွန်မပြောခဲ့ပါတယ် ပြောင်းလဲချိန်က တန်ရုံတင်မက အချိန်ပါလွန်နေပါပြီ။ ဒါပေမယ့်လည်း အမြန်ဆုံးဖြစ်အောင်တော့ ကျွန်မတို့ကြိုးစားရမယ်။ အခု ဒုတိယနှစ်ထဲ ရောက်လာတဲ့ အခါကျတော့ ကျွန်မတို့ ပြည်သူနဲ့အတူဆိုတဲ့ဆောင်ပုဒ်ကို ကျွန်မတို့ ကိုင်စွဲထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်လိုပြောင်းလဲမှုမျိုးမဆို တကယ်ခိုင်မာဖို့၊ တကယ်တည်တံ့ဖို့ဆိုလို့ရှိရင် ပြည်သူတွေမပါလို့ မဖြစ်ပါဘူး။ အစိုးရဆိုတာဟာ ဒီမိုကရေစီနည်းအရ ပြည်သူလူထုက ရွေးချယ်တင်မြောက်တဲ့ အစိုးရသာ ဖြစ်ရပါမယ်။ ပြည်သူလူထုက ရွေးချယ် တင်မြောက်တဲ့အစိုးရကသာ ပြည်သူနဲ့ နီးစပ်မှုရှိမယ်။ ပြည်သူတွေရဲ့ စိတ်နေစိတ်ထား၊ သဘောထား ၊ ဆန္ဒတွေကို လေးစားမယ်၊ နားလည်မယ်၊ တန်ဖိုးထားမယ်၊ အကောင်အထည်ဖော်ဖို့ အတတ်နိုင်ဆုံး ကြိုးစားရမှာဖြစ်ပါတယ်၊ ဒါကြောင့်မို့ ကျွန်မတို့အခု ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ပတ်သတ်ပြီး တော့ ဆွေးနွေးပွဲတွေ လုပ်တဲ့အခါမှာ လက်တွေ့ကျတဲ့ အဖြေတွေရှာဖို့ ကျွန်မအနေနဲ့တိုက်တွန်းချင် ပါတယ်။ နောက်ပြီးတော့လည်း ကျွန်မတို့ဟာ အတိတ်ကို သင်ခန်းစာယူဖို့သာ သုံးစွဲဖို့သာ အင်မတန်မှ အရေးကြီးပါတယ်။ ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုကို လျှောက်တဲ့လမ်းမှာဆိုလို့ရှိရင် အတိတ်ကိုမမေ့နိုင်လို့ အတိတ်ရဲ့သားကောင်အဖြစ်မှ လွတ်မြောက်အောင် မရုန်းကန်နိုင်လို့ ဒီလို ကိုယ့်ကိုကိုယ် လွတ်လပ်အောင် အတိတ်ကနေပြီးတော့ လွတ်လပ်အောင်မလုပ်နိုင်တဲ့ကိစ္စတွေကြောင့် အထစ်အငေါ့ တွေ အများကြီးဖြစ်ပါတယ်။ အတိတ်ဆို တာဟာ သင်ခန်းစာယူဖို့ပါပဲ။ ကျွန်မတို့အတွက် အရေးကြီးဆုံးကတော့ ပစ္စပ္ပုန်ပဲ ဖြစ်ပါတယ်။ ဒီလိုပစ္စပ္ပုန်မှာ ဒီမိုကရေစီအတွက် ရုန်းကန်တဲ့နေရာမှာ ကျွန်မခဏခဏပဲပြောပါတယ်။ ရိုးရိုးလေးစဉ်းစားပါ။ ကိုယ်တိုင်က ဒီမိုကရေစီအတွက် ဘာလုပ်နေလဲ။ ဘာလုပ်ပေးကြလဲ။ဒါဟာအစိုးရအဖွဲ့ဝင် တွေမှာတော့ အဓိက တာဝန်ရှိပါတယ်။ သို့သော်ငြားလည်း ပြည်သူပြည်သား တစ်ယောက်ချင်း တစ်ယောက်ချင်းမှာလဲ တာဝန်ရှိပါတယ်။

အစိုးရအဖွဲ့ဝင်တွေကို ပြောရမယ်ဆိုရင် ကိုယ်နဲ့သက်ဆိုင်တဲ့ တာဝန်တွေကို ကျေပွန်ရဲ့လား။ ကိုယ့်တာဝန်တွေကို ကျေပွန်တဲ့နေရာမှာ အမြင်ကျယ်ကျယ်နဲ့ ကျေပွန်အောင်ထမ်းဆောင်နေရဲ့လား။ ငါ့ဌာနက အောင်မြင်ရင်ပြီးရော ငါ့အလုပ် လုပ်လို့ရရင် ပြီးရော ကျန်တဲ့လူတွေ ဘယ်လိုဖြစ်ဖြစ် ဆိုတဲ့စိတ်ဓာတ်တွေနဲ့ ကျွန်မတို့လုပ်လို့မဖြစ်ပါဘူး။ အမြင်ကျယ်ဖို့ တာဝန်ကျေပွန်မှု အင်မတန် အရေးကြီးပါတယ်။ အစိုးရဘက်က တာဝန်မကျေလို့ရှိရင်၊ အမြင်မကျယ်လို့ရှိရင် ပြည်သူတွေဘက်က ဘယ်လိုလုပ်တာဝန်ကျေပွန်မလဲ။ ဘယ်လိုလုပ်အမြင်ကျယ်မှာလဲ။ အမြင်မကျယ်ဘူးဆိုလို့ရှိရင် ငြိမ်းချမ်းရေးရဖို့ဆိုတာ အင်မတန်ခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေးရဲ့အခြေခံဟာ တစ်ဦးနဲ့တစ်ဦး လေးစားခြင်း၊ တစ်ဦးအပေါ်တစ်ဦး နားလည်မှုရှိခြင်းပဲဖြစ်ပါတယ်။ ဒီလိုနားလည်မှုတွေ၊ လေးစားမှုတွေဟာ အမြင်ကျယ်တဲ့ပုဂ္ဂိုလ်တွေမှ ပြုစုပျိုးထောင်ပေးနိုင်တဲ့စိတ်ထားတွေ ဖြစ်ပါတယ်။ ငါသာမှန်တယ်၊ ငါကသာသိတယ်၊ ငါကသာတတ်တယ်၊ ငါကသာလုပ်နိုင်တယ်ဆိုတဲ့ စိတ်တွေရှိတဲ့ ပုဂ္ဂိုလ်များဟာ အမြင်ကျဉ်းတဲ့ပုဂ္ဂိုလ်များပါပဲ။ ဒီလိုအမြင်ကျဉ်းတဲ့ပုဂ္ဂိုလ်များဟာ အခြားပုဂ္ဂိုလ်တွေရဲ့ ခံစားချက်တွေ၊ ဆန္ဒတွေ၊ မျှော်လင့်မှုတွေကို ဘယ်တော့မှ နားလည်နိုင်မှာမဟုတ်ပါဘူး။ ဒီလိုနားလည်မှု မရှိနိုင်ရင် ကျွန်မတို့ နိုင်ငံရဲ့ညီညွတ်ရေးအတွက်၊ ကျွန်မတို့ နိုင်ငံရဲ့ငြိမ်းချမ်းရေး အတွက်၊ ကျွန်မတို့နိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုအောင်မြင်ရေးအတွက် ထိထိရောက်ရောက် လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။

ဒါကြောင့်မို့လို့ ကျွန်မအနေနဲ့ အခု ဒီပြုပြင်ပြောင်းလဲရေး ဆွေးနွေးပွဲကို တက်လာတဲ့သူတွေဟာ ပထမဦးဆုံးတော့ ကျေးဇူးတရားအရ၊ သစ္စာတရားအရ၊ စေတနာမေတ္တာအရ ကျွန်မစောစောက ပြောသွားသလို ကျေးဇူးတရားဆိုတာ ဆိုတာကတော့ ကျွန်မတို့ နိုင်ငံလွတ်လပ်ရေးရအောင် လုပ်ပေးခဲ့တဲ့ ပြည်သူပြည်သူများ ခေါင်းဆောင်ကြီးများအပေါ်မှာ ထားသင့်တဲ့ကျေးဇူးတရား၊ သစ္စာတရားဆိုတာကတော့ ကျွန်မတို့ ကိုယ့်နိုင်ငံအပေါ်မှာတင်မကဘူး၊ ကိုယ့်အပေါ်မှာကိုယ်ထား သင့်တဲ့ သစ္စာတရား၊ ကိုယ့်အပေါ်မှာ ကိုယ်သစ္စာစောင့်တယ်ဆိုတာ ကိုယ့်တာဝန်ကို ကျေပွန်အောင် လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ ကိုယ့်တာဝန်ကို မကျေပွန်တဲ့သူဟာ ကိုယ့်ကိုယ်ကို၊ ကိုယ့်အပေါ်ကို သစ္စာမရှိရာရောက်ပါတယ်။ နောက်တော့ စေတနာမေတ္တာဆိုတာကတော့ ကျွန်မတို့ရဲ့ ပြည်သူပြည်သား များ အားလုံးအပေါ်မှာ မေတ္တာထားရမယ်၊ စေတနာထားရမယ်။

ဒီမိုကရေစီရဲ့သဘောသဘာဝအရ အတိုက်အခံဆိုတာ ရှိတာပဲ။ ပြီးတော့ ခုဏက သစ္စာတရားဆိုတာ ကိုယ့်ပေါ်မှာကို ကိုယ့်တာဝန်ကို ကျေပွန်အောင် လုပ်ရုံတင်မကဘူး၊ ကိုယ်လုပ်တဲ့ကိစ္စတွေဟာ ဂုဏ်သိက္ခာရှိရှိလုပ်ဖို့နဲ့ အရေးကြီးပါတယ်။ ဂုဏ်သိက္ခာမရှိတဲ့အလုပ်တွေ လုပ်တယ်ဆိုတာ ကိုယ့်အပေါ် မှာကို သစ္စာမဲ့တာပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်သိက္ခာကျသွားတယ်ဆိုတာဟာ ကိုယ့်ကိုကိုယ် ထိခိုက်တာပဲ။ ဒါကြောင့်မို့ ကျွန်မတို့ ဒီမိုကရေစီစနစ်အတွင်းမှာဆိုလို့ရှိရင် တစ်ယောက်ကိုတစ်ယောက် လေးစားမှုမှာ အင်မတန်မှအရေးကြီးပါတယ်။ မတူညီတဲ့သဘောတရား တွေရှိပေမယ့်လည်း လေးလေးစားစား ဆက်ဆံနိုင်ဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။

ကျွန်မတို့ ပြည်သူပြည်သား အားလုံးအပေါ်မှာ မေတ္တာစေတနာထားမယ်ဆိုလို့ရှိရင် ကိုယ်နဲ့အမြင် မတူသူတွေ အပေါ်မှာလည်း မေတ္တာစေတနာထားဖို့ရာ လိုလားပါတယ်။ အမြင်မတူချင်းဟာ ကောင်းပါတယ်။ အားလုံးဟာ တစ်ပုံစံတည်း စဉ်းစားမယ်၊ တစ်ပုံစံတည်းပဲ တွေးမယ်ဆိုရင် တကယ်တော့ ဒါဟာ ဒီမိုကရေစီရဲ့ အနှစ်သာရနဲ့ မကိုက်ညီပါဘူး။ တစ်သွေးတစ်သံတစ်မိန့် ဆိုတာဟာ ဒီမိုကရေစီမဟုတ်ပါဘူး။ ဒီမိုကရေစီက တစ်သွေးတည်းတစ်သားတည်း ဖြစ်ဖို့ဆိုတာ ကောင်းပါတယ်။ တစ်သံတည်းထွက်ဖို့မလိုပါဘူး။ တစ်မိန့်ဆိုတာလည်း လုံးဝကို မသင့်လျော်ပါဘူး။ ဒီမိုကရေစီမှာဆိုရင် အသံတွေအမျိုးမျိုးထွက်ပေမယ့်လည်း အောက်ခြေအားဖြင့် တစ်သွေးတည်းတစ်သားတည်း ညီညွတ်မှုလိုပါတယ်။ ဒီတစ်သွေးတည်းတစ်သားတည်းညီညွတ်မှုကနေ ထွက်လာတဲ့ အသံအမျိုးမျိုးကို ညှိနိုင်ခြင်းဟာ ဒီမိုကရေစီရဲ့ စွမ်းရည်တစ်ခုပဲဖြစ်ပါတယ်။ အဲဒီလို ညှိလိုက်နိုင်ပြီး တဲ့အခါ အမိန့်အရမဟုတ်ဘဲနဲ့ အားလုံးက၊ အားလုံးကတော့ မဖြစ်နိုင်ဘူးပေါ့နော်။ လူ့သဘာဝအရ အများစုရဲ့ သဘောတူညီချက်အရ အဖြေတစ်ခုကိုဖော်ထုတ်ပြီးတော့ အကောင်အထည်ဖော်ဖို့ဆိုတာဟာ ဒီမိုကရေစီ ရဲ့ ရိုးရိုးလေးလမ်းစဉ်ပဲ ဖြစ်ပါတယ်။ ကျွန်မတို့ ဒီရိုးရိုးလေးလမ်းစဉ်ဆိုပေမယ့်လည်း လျှောက်လို့ ကတော့ အင်မတန်မှ ခက်ခဲပါတယ်။ ဒါကြောင့် ဒီနေ့ ကြွရောက်လာတဲ့ ပရိသတ်များအားလုံး၊ ဧည့်သည်တော်ကြီးများအားလုံး၊ ပါဝင်ဆွေးနွေးမယ့် ပုဂ္ဂိုလ်သူများအားလုံးဟာ ကျွန်မတို့ နိုင်ငံအတွက် အင်မတန်မှ ရိုးရှင်းသော်လည်း အင်မတန်မှခက်ခဲတဲ့လမ်းကြီးကို ဘယ်လိုအကောင်းဆုံး၊ အမြန်ဆုံးဖြတ်ကျော်နိုင်မလဲဆိုတဲ့ နည်းတွေကို ရှာကြပါလို့ ကျွန်မအနေနဲ့တိုက်တွန်းရင်း နဲ့ နိဂုံးချုပ် ပါတယ်။

Related Posts

3 comments: