// //]]>
ကျွန်တော်နဲ့မန်နေဂျာ
ကျွန်တော်နဲ့ မန်နေဂျာ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲
ပါမောက္ခ၊ ဒေါက်တာအောင်ထွန်းသက်
ကျွန်တော်ဟာ စီးပွားရေးပညာကို လေ့လာတဲ့သူဖြစ်ပေမယ့် အထူးပြုတာက စီမံခန့်ခွဲမှုပညာဖြစ်တယ်။ ယူခဲ့တဲ့ပါရဂူဘွဲ့က စီမံခန့်ခွဲမှုသိပ္ပံဘာသာ။ စီမံခန့်ခွဲမှုပညာကို လေ့လာရင်း ခေါင်းဆောင်မှုပညာကိုလည်း တစ်ပါတည်း လေ့လာခဲ့ရတယ်။ စီမံခြင်းနဲ့ ဦးဆောင်ခြင်းဟာ မတူညီကြပါဘူး။ ခေါင်းနဲ့ပန်း သဘောဖြစ်တယ်။ စီမံမှုကောင်းပြီး ခေါင်းဆောင်မှုအားနည်းရင် ဦးတည်ချက် ပျောက်နေပြီး ခေါင်းဆောင်မှုကောင်းပြီး စီမံ ခန့်ခွဲမှုအားနည်းပြန်ရင် စနစ်တကျမဖြစ်ဘဲ ပရမ်းပတာ ဖြစ်နိုင်မှာဖြစ်တယ်။ ဒါကြောင့် ဦးစီးဦးဆောင်ပြုနေသူတွေဟာ တစ်ဖက်က စီမံခန့်ခွဲဖို့လိုအပ်ပြီး တစ်ဖက်မှလည်း ဦးဆောင်နိုင်စွမ်းရှိရမှာသာဖြစ်တယ်။ တစ်ချိန်က စီမံခန့်ခွဲမှုကို အုပ်ချုပ်မှု လ့ို အယူအဆရှိကြတယ်။ အခုတော့ အုပ်ချုပ်ခြင်းကို သိပ်ပြီး ဇောင်းမပေးတော့ဘူး။ ရယ်စရာအနေနဲ့ ''အုပ်ခြင်းနဲ့ ချုပ်ခြင်း''ဆိုတဲ့ သဘောသက်ရောက်နိုင်တာမို့ သတိပြုဖို့ အရေးကြီး လှတယ်။
စီမံမှုနဲ့ ခေါင်းဆောင်မှုကို သင်ယူလို့ရသလားလို့ မေးခွန်း ထုတ်လေ့ရှိတယ်။ မွေးရာပါအရည်အချင်းရှိမှ စီမံနိုင်မှာ၊ ခေါင်းဆောင်နိုင်မှာလို့ ယူဆခဲ့ကြတယ်။ ဗီဇဟာ အရေးပါ တယ်လို့ မြင်ကြတယ်။ ဒါပေမယ့် စီမံခြင်းနဲ့ ခေါင်းဆောင်ခြင်းကို စနစ်တကျသင်ယူ၊ ခံယူလို့ရတယ်လို့ အခုတော့ လက်ခံကြပါ တယ်။ ကျွန်တော်ကတော့ ဒီပညာတွေကို သင်ကြားပို့ချနေသူမို့ ဒီအယူအဆကို လက်ခံပါတယ်။ တချို့က ဒီမေးခွန်းကို ဝိဇ္ဇာ ပညာ သို့မဟုတ် သိပ္ပံပညာလားလို့ မေးကြတယ်။ ဝိဇ္ဇာပညာ ဖြစ်ရင် သိမ်မွေ့တယ်။ နက်နဲတယ်။ အနုပညာဆန်တယ်။ ဒါကြောင့် သင်ယူလို့မရနိုင်ဘဲ သိပ္ပံပညာဖြစ်ရင် စနစ်တကျ သင်လို့ရကြောင်း လက်ခံကြတယ်။
ပြဿနာတစ်ခုနဲ့ ရင်ဆိုင်တဲ့အခါမှာ ဒါကိုရွေးမလား။ ကျန်တဲ့တစ်ခုကို ရွေးမလားဆိုပြီး အဖြူအမည်းခွဲကာ တစ်ခု တည်းကို ရွေးချယ်စေကြတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းမှာ ရင်ဆိုင်နေရတဲ့ပြဿနာဟာ လိုတာထက် ပိုပြီး ကြီးထွားနေတာ။ ကိုယ်မှန်တယ် သူမှားတယ်ဆိုတဲ့အမြင် တွေကြောင့် ပဋိပက္ခတွေဟာ ကာလရှည်တည်တံ့နေကြပြီး အဖြေမရှာနိုင်သလိုဖြစ်တယ်။ အမှန်တော့ ရွေးချယ်စရာနှစ်ခု လုံးကို ပူးပေါင်းစဉ်းစားနိုင်ရင် လူတိုင်းလက်ခံနိုင်တဲ့၊ အများ လက်ခံနိုင်တဲ့အဖြေရမှာဖြစ်တယ်။ အရာရာတိုင်းဟာ ပဋိပက္ခ ဖြစ်စရာမဟုတ်ပါဘူး။ နှစ်ဖက်စလုံးမှန်နိုင်သလို နှစ်ဖက်စလုံး လည်း မှားနိုင်တာပါ။ ဒါကြောင့် သူမှန်တယ်။ ငါမှန်တယ်ဆိုတာ မျိုး မစဉ်းစားဘဲ နှစ်ဦးစလုံးလက်ခံနိုင်တဲ့ အဖြေကို ပူးပေါင်း ရှာဖွေရမှာ။ ဒီလိုလုပ်နိုင်ဖို့က ပြောသလောက် မလွယ်လှပါဘူး။ လူတိုင်းဟာ မိမိရဲ့အယူအဆ အမြင်အတွေးအခေါ်ကိုသာ ဆုပ်ကိုင်ထားပြီး တစ်ဖက်သားရဲ့ အမြင်ကို လက်ခံဖို့ ခဲယဉ်း လှပါတယ်။ ဒီလိုစဉ်းစားနိုင်ဖို့ ကိုယ်ချင်းစာတရား မြင့်မားရမှာ ဖြစ်တယ်။ တစ်ဖက်သားဘက်က ကြည့်တတ်အောင် ကြိုးစားဖို့ လိုပါလိမ့်မယ်။
ကျွန်တော်ဟာ စီမံခန့်ခွဲမှုပညာကို စာတွေ့အရ လေ့လာ ဆည်းပူးခဲ့သလို လက်တွေ့ဘဝမှာလည်း ကိုယ်တိုင်ကိုယ်ကျ လုပ်ခဲ့တယ်။ ညွှန်ကြားရေးမှူးချုပ်တာဝန်ယူစဉ် ဦးစီးဌာန မှာရှိတဲ့ ဝန်ထမ်းအမြောက် အမြားနဲ့ အရာရှိတွေကို စီမံခန့်ခွဲ ခဲ့ရတယ်။ ကျောင်းဆရာလုပ်ရာက လက်တွေ့မှာ စီမံခန့်ခွဲမှု တာဝန်ပေးခြင်းခံရချိန်မှာ လုပ်နိုင်ပါ့မလားဆိုပြီး စိုးရိမ်မိ ခဲ့တယ်။ တကယ်လုပ်ကြည့်တော့ ထင်သလောက် မခက်ခဲတာ တွေ့ရတယ်။ လက်တွေ့မှာ ရင်ဆိုင်ရတဲ့ပြဿနာတွေဟာလည်း ကျောင်းမှာသင်ခဲ့ရတာတွေ၊ သုတေသနလုပ်ခဲ့တာတွေနဲ့ သိပ်မကွာလှတာတွေ့မြင်ရတယ်။ ဒါကြောင့် ကျွန်တော်က တပည့်တွေကို အမြဲသတိပေးမိတယ်။ သီအိုရီတတ်အောင် ကြိုးစားလေ့လာ။ သီအိုရီတတ်ရင် လက်တွေ့ပြဿနာတွေကို အလွယ်တကူ ဖြေရှင်းနိုင်မှာ။ သီအိုရီနားမလည် မသိဘဲ စိတ်ကူးရှိတိုင်းလုပ်ရင် အခက်အခဲနဲ့ တွေ့ရမှာဖြစ်တယ်။ မျက်မှောက်ခေတ်မှာ အခုလိုကြုံတွေ့နေရတာကို မျက်ဝါး ထင်ထင် မြင်တွေ့နေရတယ်။ စေတနာကောင်းရုံနဲ့ မဖြစ်ဘူး။ သီအိုရီကို တီးမိခေါက်မိဖို့ လိုအပ်တယ်။ ''ဆင်ကန်းတောတိုး'' နေတာမျိုးက သိပ်နစ်နာလှတယ်။ ကျွန်တော်က ကျောင်းဆရာ မို့ ဒီလိုပဲ ပြောမှာ မြင်မှာလို့ သုံးသပ်ကြမှာ။ ဝေဖန်လည်း ခံရ ပါတယ်။ သီအိုရီပဲ နားလည်တယ်။ လက်တွေ့ကို မသိဘူးလို့ ပြောကြတယ်။ သီအိုရီပဲ နားလည်တာကို အသိအမှတ်ပြုတာ ကိုပဲ ကျေနပ်ရပါတယ်။ သီအိုရီအခုထက် ပိုတတ်အောင် အမြဲ ကြိုးစားတယ်။
အမှန်တော့ သီအိုရီတွေ ဘယ်ကလာသလဲ ဆိုတာကို မေ့နေကြလို့ဖြစ် တယ်။ သီအိုရီတွေဟာ လက်တွေ့ ဘဝကို စနစ်တကျ သုတေသနပြုပြီး တွေ့ရှိချက်တွေကို အနှစ်ချုပ်တာက သီအိုရီ။ လက်တွေ့နဲ့ သီအိုရီ အပြန်အလှန် ဆက်နေတာသာဖြစ်တယ်။ ဒါကြောင့်လည်း ကျွန်တော်ဟာ ကုမ္ပဏီတွေ၊ လုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဖို့ အစဉ်ကြိုးစားတယ်။ လက်တွေ့မှာ ရင်ဆိုင်နေရတဲ့ ပြဿနာ တွေကို လေ့လာတယ်။ ဒီသုံးသပ်မှုတွေကို မိမိသင်ယူထားတဲ့ သီအိုရီတွေနဲ့ ထင်ဟပ်ပြီး သုံးသပ်တယ်။ ဆင်ခြင်တယ်။ ဝန်ထမ်းတစ်ဦးရဲ့ဘဝမှာ အရေးအကြီးဆုံးပြောင်းလဲမှုက မန်နေဂျာရာထူး ရတဲ့အချိန်ဖြစ်တယ်။ တစ်ချိန်က အခြား လူတွေရဲ့ လက်အောက်မှာ တာဝန်ယူခဲ့ပြီး အခုတော့ သူများကို စီမံခန့်ခွဲတဲ့နေရာကို ရောက်ခဲ့ပြီ။ တစ်ဖက်က စိတ်လှုပ်ရှားစရာ၊ ဝမ်းသာစရာ၊ ကျေနပ်စရာဖြစ်ပေမယ့် တစ်ဖက်ကလည်း ထိတ်လန့်စရာ၊ စိုးရိမ်စရာ ပြောင်းလဲမှုဖြစ်တယ်။ တစ်ချိန်က မိမိမှာ တာဝန်မရှိဘဲ တာဝန်ပေးမှုကို ကျေကျေပွန်ပွန်လုပ်ရုံနဲ့ လုံလောက်တယ်။ အခုတော့ တာဝန်ကို ယူရတဲ့၊ တာဝန်ကို ခံရတဲ့အနေအထားဖြစ်နေပြီး စီမံခန့်ခွဲမှုတာဝန်ကို စတင် ယူကြတဲ့သူတွေကို ကျွန်တော့်ရဲ့ အတွေ့အကြုံကို အခြေခံပြီး အကြံပြုချင်ပါတယ်။ အခြေခံ မူ(၅)ချက်ကို ဆုပ်ကိုင်ထား စေချင်ပါတယ်။
ပထမဆုံးအချက်က စီမံခန့်ခွဲမှုတာဝန်နဲ့ပတ်သက်ပြီး အတွေးအမြင်၊ အယူအဆမှန်ကန်ဖို့ လိုအပ်ပါတယ်။ အခုဆိုရင် မိမိရဲ့ ရာထူးကြောင့် လက်အောက်ငယ်သားတွေကို ခိုင်းစေ ခြင်း၊ တာဝန်ပေးနိုင်စွမ်းရှိနေပြီဖြစ်တယ်။ ကိုယ့်ရဲ့အဓိက တာဝန်က မိမိရဲ့ လက်အောက်ငယ်သားတွေကို မိမိနဲ့အတူ ဆွဲဆောင်အားပေးဖို့ ဖြစ်တယ်။
ခေါင်းဆောင်တစ်ဦးဖြစ်တာမို့ ကိုယ့်အတွက် မဟုတ်တော့ဘဲ မိမိရဲ့ လက်အောက်ငယ်သားတွေ အတွက်ဖြစ်တယ်။
သူတို့ရဲ့ တိုးတက်မှုကို အမြင်အာရုံထားပြီး တစ်နေ့ကျရင် မိမိရဲ့ နေရာမှာ အစားထိုးနိုင်အောင် ပြုစုပျိုးထောင်ရမှာ ဖြစ်တယ်။ မိမိရဲ့ အတွေ့အကြုံတွေကို မျှဝေပြီး သူတို့အတွက် အမြဲရပ်တည်နိုင်အောင် ကြိုးစားရမှာဖြစ်တယ်။ ဒုတိယ အချက် ကတော့ နေ့စဉ်ဆောင်ရွက်ရမယ့် စီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှု တာဝန်တွေကို ဆောင်ရွက်ရမှာဖြစ်တယ်။ ကာလရှည် ရည်မှန်းချက်က ထူးချွန်တဲ့၊ ပြောင်မြောက်တဲ့အဖွဲ့ကို ဖန်တီး တည်ဆောက်ဖို့ ဖြစ်တယ်။ ဒီနေရာမှာ ကိုယ့်ထက်ထူးချွန်တဲ့ သူတွေကို မွေးထုတ်နိုင်ဖို့ လိုအပ်တယ်။ စီမံခန့်ခွဲသူဟာ နောက်လိုက်တွေ အထင်ကြီးတဲ့ အားကျတဲ့နမူနာပြပုဂ္ဂိုလ် ဖြစ်အောင် ရပ်တည်ရမယ်။ အဖွဲ့အစည်းရဲ့ ရှားပါးလှတဲ့ စွမ်းအားစုတွေကို စနစ်တကျခွဲဝေတတ်ဖို့ လိုအပ်တယ်။ ငွေကြေးဆိုင်ရာ စီမံမှု၊ ခွဲဝေသုံးစွဲမှုကိုလည်း သတိပြုရမယ်။
ဒီနေရာမှာ ကုန်ကျစရိတ်နဲ့ပတ်သက်ပြီး မှန်ကန်တဲ့ အယူအဆရှိဖို့ လိုအပ်တယ်။ စရိတ်သက်သာဖို့ ဦးတည်ချက် တစ်ခုနဲ့ နေရာတိုင်းမှာ ဆုံးဖြတ်လို့ မဖြစ်ဘူး။ စရိတ်သက်သာမှု ကို ဦးစားပေးရင် ရေရှည်မှာ အကျိုးဆိုးယုတ်နိုင်တယ်။ ဒါကြောင့် သီအိုရီမှာ စရိတ်(cost) တစ်ခုတည်း မကြည့်ဘဲ စရိတ်နဲ့ ထိရောက်မှု (cost effectiveness) ကို ချိန်ဆဖို့ သတိပေးတာ။ ဈေးပေါတာကို ဝယ်မိ သုံးမိရင် ရေရှည်မှာ အခက်အခဲတွေ့နိုင်တယ်။ ဒီလိုပြောလို့ စရိတ်ကို မကြည့်ဘဲ ဖြုန်းတာကို မဆိုလိုပါဘူး။ ကုန်ကျစရိတ်နဲ့ ပြန်ရချက်ကို ချိန်ထိုးနိုင်ဖို့ လိုအပ်တယ်။ စီးပွားရေးသီအိုရီမှာ အထက်မြက် ဆုံး အယူအဆတစ်ခုက အခွင့်အလမ်းစရိတ် (opportunity cost) ပဲ ဖြစ်တယ်။ ကုန်ကျစရိတ်ကို စဉ်းစားတဲ့အခါ အိတ်ထဲက စိုက်ထုတ်တဲ့ငွေ (out-of-pocket) ကိုသာ မစဉ်းစားသင့်ဘဲ တစ်နေရာမှာသုံးရင် တခြားနေရာမှာ မသုံးနိုင်မယ်ဆိုတာ အသိအမှတ်ပြုရမယ်။ ကျောင်းတစ်ကျောင်းဆောက်တဲ့ စရိတ်ဟာ ဒီကျောင်းကိုဆောက်လို့ ကုန်တဲ့ငွေသာမကဘဲ ဒီကျောင်းဆောက်တဲ့ငွေကို ဆေးရုံဆောက်ဖို့ မသုံးနိုင်တော့ တာမို့ စွန့်လွှတ်လိုက်ရတဲ့ အခွင့်အလမ်းကို ထည့်တွက်ရမှာသာ ဖြစ်တယ်။
စီမံခန့်ခွဲမှုမှာ အရေးကြီးဆုံးက ရလဒ်ကို အခြေခံဖို့ လိုတဲ့အချက်ဖြစ်တယ်။ လုပ်နေတယ်။ ကြိုးစားနေတယ် အားထုတ်နေတယ်ဆိုတာနဲ့ မလုံလောက်ဘူး။ ဒီလို ဆောင်ရွက် တဲ့အတွက် ရလဒ်ကဘာလဲ၊ ဘယ်လိုအကျိုးရသလဲ။ ဒီလိုမပြနိုင်ရင် အချည်းနှီးဖြစ်တယ်။ ရလဒ်မပါဘဲ စီမံလို့ မဖြစ်ဘူး။ စီမံခန့်ခွဲသူတစ်ဦးမှာ သူ့ရဲ့အချိန်ဟာ တန်ဖိုးအရှိဆုံး အရာဖြစ်တယ်။ သူ့ရဲ့အချိန်ကို တန်ဖိုးထားရမယ်။ ချွေတာရမယ်။ သူ့မှာ ၂၄ နာရီပဲ ရှိတယ်။ ဒီတော့ ဘယ်အလုပ်ကို လုပ်မလဲ၊ ဘာကိုအာရုံပြုမလဲဆိုတာက ဦးစားပေးမှုအပေါ် မူတည်တယ်။ မိမိရဲ့အချိန်ကို အရေးကြီးတဲ့အလုပ်တွေအပေါ်အာရုံပြုရမယ်။
အားထုတ်ရမယ်။ အရေးပေါ်တာတွေနဲ့ အချိန်မဖြုန်းသင့်ဘူး။ အခုတော့ အားလုံးဟာ အရေးပေါ်တာတွေနဲ့ အချိန်ကုန်နေတာ မို့ အရေးကြီးတဲ့အလုပ်တွေကို ဂရုမစိုက်နိုင်တော့ဘူး။
တတိယအခြေခံမူက ဆက်သွယ်ဆက်ဆံမှုဖြစ်တယ်။ စီမံခန့်ခွဲသူဟာ ကြည်လင်ပြတ်သားစွာ ပြောတတ်၊ ဆိုတတ်၊ တင်ပြတတ်ဖို့ လိုအပ်တယ်။ ကိုယ့်ရဲ့ တင်ပြချက်တွေကို ရှင်းလင်းအောင် ဆောင်ရွက်ရမယ်။ တစ်ဖက်ကလည်း နားထောင်တဲ့အင်အားရှိရမယ်။ ကိုယ်ကသာပြောပြီး ကျန်တဲ့သူပြောတာတွေကို ဂရုမစိုက်တာ၊ အလေးမထားတာ မဖြစ်သင့်ဘူး။ အခွင့်အရေးရတိုင်း မိမိလုပ်ငန်းအဖွဲ့ အစည်းရဲ့ ဦးတည်ချက်၊ ရည်ရွယ်ချက်တွေကို တင်ပြပေးရမယ်။
ဘာကြောင့် သူတို့တစ်တွေ အလုပ်လာနေတာကို သိအောင် လုပ်ရမှာသာ ဖြစ်တယ်။ အရေးကြီးတာက ဦးစားပေးမှုကို ပြတ်ပြတ်သားသား ရွေးချယ်ဖော်ထုတ်ဖို့ ဖြစ်တယ်။ အများဆုံး ငါးခုထက်မပိုသင့်ပါ။ အသစ်တစ်ခုကို စဉ်းစားမယ်ဆိုရင် ရှိရင်းစွဲငါးခုထဲက တစ်ခုကို ပယ်ဖျက်ရမှာဖြစ်တယ်။ အခုလို အာရုံစူးစိုက်မှုရှိမှ လိုချင်တဲ့အဖြေရလဒ် ရနိုင်မှာဖြစ်တယ်။
စတုတ္ထအချက်က မိမိနဲ့အတူ အလုပ်လုပ်တဲ့သူတွေ အားလုံးသဘောတူ လက်ခံမယ့် တန်ဖိုးထားမှုတွေ၊ စံတွေကို သတ်မှတ်ဖို့ လိုအပ်တယ်။ အမှန်တရားကို မြတ်နိုးမှု၊ မိမိ အကြောင်း မိမိသိအောင် ဆန်းစစ်မှု၊ ကရုဏာတရားမြင့်မားမှု တို့ကို မိမိနဲ့အတူ အလုပ်လုပ်နေကျတဲ့သူတိုင်း လက်ခံ သဘောတူဖို့ လိုအပ်ပါတယ်။ လူတစ်ယောက်ကို မဝေဖန်မီ ကိုယ်ချင်းစာတရားရှေ့ထားပြီး ပြုမူဆောင်ရွက်သင့်ပါတယ်။ အောင်မြင်မှုကို ပြောတဲ့နေရာမှာ နေရာတိုင်းမှာ အနိုင်ယူခြင်း မဟုတ်ကြောင်း သိဖို့လိုတယ်။
နောက်ဆုံးအခြေခံမူက စီမံခန့်ခွဲသူဟာ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနိုင်စွမ်းရှိရမယ်။ ပြီးပြည့်စုံမှုမရှိဘူး ဆိုတာလက်ခံရမယ်။တစ်ဖက်က နှိမ့်ချသလို တစ်ဖက်ကလည်း သတ္တိရှိရမယ်။ မလျှော့တဲ့စိတ်ရှိရမယ်။ ခေါင်းမာရမယ်။ အရာရာတိုင်းအတွက် မိမိမှာ အဖြေမရှိနိုင်ဘူးဆိုတာကို အသိအမှတ်ပြုရမယ်။
အမှန်တော့ စီမံခန့်ခွဲမှုတာဝန်ကို စဉ်းစားရင်း ဘဝတစ်ခုနဲ့ နှိုင်းယှဉ်လို့ရတယ်။ ကိုယ်တတ်နိုင်သမျှကို လုပ်ပြီး မတတ်နိုင် တာကိုလည်း အသိအမှတ်ပြုရမှာသာဖြစ်တယ်။ စီမံခန့်ခွဲမှု တာဝန်ဟာ မလွယ်ကူပါဘူး။ ကိုယ့်ရဲ့လက်အောက်တွေကို တစ်ဖက်က စီမံရသလို ကိုယ့်ကိုယ်ကိုယ်လည်း စီမံဖို့ လိုအပ် တယ်။ ကျွန်တော်ဟာ စီမံခန့်ခွဲမှုပညာကို မြတ်နိုးတယ်၊ လေးစားတယ်၊ ချစ်တယ်။ မန်နေဂျာတစ်ယောက်ရဲ့ အလုပ် တာဝန်ဟာ မလွယ်ကူလှပါဘူး။
ဒီတာဝန်တွေယူနေတဲ့အချိန် လက်တွေ့အလုပ်တွေနဲ့ ဖိစီးနေမယ့်အစား အချိန်ယူပြီး လေ့လာစေချင်တယ်။ ဆည်းပူးစေချင်တယ်။ လှုပ်ရှားဖို့ လိုသလို ဆန်းစစ်သုံးသပ်နိုင်ဖို့လည်း အရေးကြီးလှတယ်။ မိမိရဲ့ ဝန်ထမ်းတွေကို အမိန့်ပေးပြီး စီမံတာမျိုးမဖြစ်ဘူး။ သူတို့ ဆန္ဒအရ မိမိနဲ့လက်တွဲပြီး အဖွဲ့အစည်းရဲ့ ရည်မှန်းချက်တွေ အောင်မြင်မှုရအောင် စည်းရုံးရမှာဖြစ်တယ်။ မိမိဝန်ထမ်း တွေဟာ ကိုယ်ကျိုးသာကြည့်တတ်သူတွေမဟုတ်ဘဲ အများ အကျိုးအတွက် ဆောင်ရွက်လိုစိတ်ရှိတာကို အသိအမှတ်ပြု ရမှာဖြစ်တယ်။ မိမိဝန်ထမ်းတွေရဲ့ အောင်မြင်မှုဟာ ကိုယ့်ရဲ့ အောင်မြင်မှုဖြစ်တာကို အစဉ်အမြဲ မှတ်ယူရမှာဖြစ်ပါတယ်။
Source
Related Posts
1 comment:
    ReplyDelete